မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ရင် အာဏာပိုင်တွေမှာ တကယ်ပဲ စိတ်ကူးကောင်းတွေ ရှိကြပါတယ်။ ဒီအချက်ကို ၂၀၀၀-၂၀၀၁ ပညာသင်နှစ် က စပြီး အကောင်အထည် ဖေါ်ခဲ့တဲ့ "အမျိုးသား ပညာရည် မြင့်မားမှု နှစ်သုံးဆယ် စီမံကိန်း" မှာ အထင် အရှား တွေ့နိုင်ပါတယ်။
လက်ရှိ အစိုးရဟာ အဲဒီ ပညာရေးစီမံကိန်းရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ IT (Information Technology) ပညာရေးကို ဦးတည် ကြွေးကြော်ခဲ့ကြပါတယ်။ တက္ကသိုလ်ကြီးတွေမှာ ၂၀၀၁ခုနှစ် နောက်ပိုင်းက စပြီး ကွန်ပျူတာတွေ တပ်ဆင်လာပါတယ်။ တက္ကသိုလ်တစ်ခုချင်းစီကို အနည်းဆုံး ကွန်ပျူတာ ၁၀လုံးကနေ အများဆုံး အလုံး၁၀၀လောက်အထိသာ ရခဲ့ကြပါတယ်။ အဲဒီအခါ တက္ကသိုလ်ကြီးတွေမှာဆိုရင် ကျောင်းသား ဦးရေ စုစုပေါင်းနဲ့ ကွန်ပျူတာ အရေအတွက် အချိုးဟာ ကျောင်းသားအယောက် ၅၀၀ကို ကွန်ပျူတာ တစ်လုံး နှုန်းလောက် ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် အထူးပြုမေဂျာ ဘာသာရပ်တွေ မတူလို့ ကွန်ပျူတာအချိန် မတူရင် တောင်မှဘဲ ကျောင်းသား ၁၀ယောက်လောက်ကို ကွန်ပျူတာတစ်လုံးနှုန်း ကိုင်ကြရတာပါ။ ဒါတောင် ကွန်ပျူတာအချိန်ဟာ မေဂျာတစ်ခုကို တစ်ပတ်မှာ မိနစ်၅၀ တစ်ချိန်စာပဲ ဖြစ်ပါတယ်။
ပိုဆိုးတာကတော့ သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် ကျောင်းသားတွေကို ကွန်ပျူတာ သင်ပေးဖို့ အတွက် ဆရာဆရာမထဲမှာ ကွန်ပျူတာကိုင်တတ်တဲ့သူ လုံလုံလောက်လောက် မရှိပါဘူး။ တစ်ဌာနမှာ ကွန်ပျူတာ ကျွမ်းကျင်တဲ့ ဆရာဆရာမ အများဆုံး ၅ယောက်ထက် ပို မရှိပါဘူး။ ဒါကြောင့်မို့ တက္ကသိုလ် ပညာရေးထဲကနေ ကွန်ပျူတာတတ်သွားတဲ့ ကျောင်းသား ကျောင်းသူ မရှိပါဘူး။ ကွန်ပျူတာတတ်တဲ့သူတွေ ဆိုတာကလည်း ပြင်ပ ကွန်ပျူတာသင်တန်း တက်ထားသူတွေသာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကျောင်းသား အများဆုံး ဖြစ်တဲ့ ဒဂုံတက္ကသိုလ် မှာတောင်မှပဲ စာသင်နှစ်တစ်နှစ်ကို ကွန်ပျူတာချိန် တစ်ချိန်ပဲ ကြုံကြရတာပါ။ ပြဿနာကတော့ ကွန်ပျူတာခန်းကို တာဝန်ယူဖွင့်ပေးမယ့် ၀န်ထမ်းမရှိတာနဲ့ ကွန်ပျူတာပျက်နေတဲ့ အချိန် တွေ များနေလို့ပါပဲ။
ပြီးခဲ့တဲ့၂၀၀၅ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့တုန်းက လှိုင်တက္ကသိုလ်နယ်မြေမှာ ကျင်းပခဲ့တဲ့ ပညာရေး အထောက်အကူပြု ကွန်ပျူတာပရောဂျက်ပြိုင်ပွဲနဲ့ ကျောင်းဝက်ဘ်ဆိုက်ပြိုင်ပွဲရဲ့ ဆုပေးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးသိန်းဦး ပြောသွားတဲ့ အဖွင့် အမှာစကားဟာ မြန်မာနိုင်ငံရဲ့ ပညာရေး အနာဂတ်အတွက် တကယ့် လိုအပ်ချက်တွေ ဖြစ်နေတာ တွေ့ရပါတယ်။
ဦးသိန်းဦးက မြန်မာနိုင်ငံမှာ အရင်က ၁၀တန်းအောင်ထားတဲ့ ကျောင်းသားကျောင်းသူတွေဟာ အင်္ဂလန်က GCE စာမေးပွဲကို အလွယ်တကူ အောင်မြင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အရင်က ဆိုတဲ့ အပိုင်းအခြား ကိုတော့ ခုနှစ်အတိအကျနဲ့ ပြောမသွားခဲ့ပါဘူး။
ဒီနေရာမှာ မြန်မာနိုင်ငံပညာရေးရဲ့ ပြဿနာကတော့ ၁၉၆၂နောက်ပိုင်း အင်္ဂလိပ်စာကို ၅တန်း (အသက်၁၀ နှစ်) ရောက်မှ စနစ်မှားနဲ့ စသင်ကြရတာရယ်၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျောင်းရက်ရှည် ပိတ်ရတာတွေ များတာရယ်၊ သင်ကြားရေးစနစ် ခေတ်မမီတာတွေကြောင့်ရော ၁၉၆၂ခုနှစ်ကနေ ၂၀၀၀ခုနှစ်ထိ သက်တမ်းက လူငယ်အများစုက အင်္ဂလိပ်စာအရာမှာ အတော် ညံ့ကြပါတယ်။ ဒါကြောင့် ဦးသိန်းဦးပြောတဲ့ အရင်က ဆိုတဲ့ အချိန်ဟာ ၁၉၆၂ခုနှစ်မတိုင်မီပဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဦးသိန်းဦးက အခုအချိန်မှာ တက္ကသိုလ်တက်မှု အဆင့်အတန်းမှာ တခြား တိုင်းပြည်တွေထက် ညံ့လာတယ်လို့ အတိအလင်းပြောသွားခဲ့တာကို တွေ့ရပါတယ်။ ဒါကို အာဏာပိုင်တွေ စဉ်းစားသုံးသပ်ဖို့ ကောင်းပါတယ်။ အခုဆို ဒီအမှာစကားတောင်မှပဲ တစ်နှစ် ရှိသွားပါပြီ။
အဲဒီတုန်းက တဆက်တည်းမှာပဲ ဦးသိန်းဦးက ကျောင်းမှာ ဂုဏ်ထူးထွက်တာကတောင် တကယ် တော်တာ ပညာတတ်တာ မဟုတ်သေးဘဲ ICT ( Information, Communication and Technology) နည်းပညာကို သုံးတတ်မှ တိုးတက်မှာဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ ဆရာဆရာမတွေအနေနဲ့လည်း Blackboard နဲ့ သင်တာထက် ICT နည်းပညာကိုသုံးရင် သင်ကြားနည်းစနစ်မှာ ပိုကောင်းလာမှာ ဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ သင်ဖို့ကို အားစိုက်သင့် တယ်လို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့ အကြံပေးမှု ဖြစ်သလို အနာဂတ် ပညာရေးအတွက် ကြိုးပမ်း အကောင်အထည် ဖေါ်သင့်တဲ့ မျှော်မှန်းချက် တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနီးဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖေါဖေါသီသီ သုံးနေတဲ့ ကွန်ပျူတာ၊ အင်တာနက် တွေဟာ မြန်မာနိုင်ငံမှာတော့ အခု ၂၀၀၆ခုနှစ်ထိ လူနည်းစုသာ မှန်မှန် သုံးနိုင်တဲ့ ကန့်သတ်ပစ္စည်းတစ်မျိုးသာ ဖြစ်နေ တုန်းပါပဲ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ အခြေခံအလုပ်သမား တစ်ယောက် ရဲ့ တစ်နေ့ ၀င်ငွေက အနည်းဆုံး ဘတ် ၁၅၀-၂၀၀ ရှိပြီး ကဖေးတွေမှာ အင်တာနက် သုံးစွဲခက တစ်နာရီကို ဘတ်၂၀ကနေ ၃၀ထိပဲ ပေးရ ပါတယ်။ ဒါကြောင့် အင်တာနက်သုံးဖို့အတွက် တစ်နေ့ ၀င်ငွေရဲ့ ၁၀ပုံ တစ်ပုံလောက်ပဲ သုံးရပါတယ်။ မြန်မာ နိုင်ငံ မှာကတော့ အစိုးရ အခြေခံ ၀န်ထမ်း လစာ အနည်းဆုံး တစ်နေ့ ၅၀၀ကျပ်မှာ အင်တာနက် သုံးစွဲခ က လည်း တစ်နာရီကို အနည်းဆုံး ၅၀၀ကျပ် ဖြစ်နေတာပါ။ ၀န်ထမ်းရဲ့ တစ်နေ့ ၀င်ငွေ နဲ့ အင်တာနက် တစ်နာရီ သုံးခ အတူတူပါပဲ။ တက္ကသိုလ်က နည်းပြဆရာမတစ်ယောက်ရဲ့ တစ်နေ့ ၀င်ငွေကတောင်မှ ကျပ် ၁၀၀၀ ကျော်ကျော်ပဲရှိတာပါ။ ဒါကြောင့် ICT နည်းပညာနဲ့ ပတ်သက်ပြီး တကယ်လိုအပ်နေတဲ့ တက္ကသိုလ်က ဆရာ ဆရာမ တွေအဖို့ ကွန်ပျူတာ အင်တာနက်ကို ဘယ်လိုမှ ကိုယ်ထူကိုယ်ထ မသုံးနိုင်ကြတာ သေချာပါတယ်။
ဆရာဆရာမတွေအနေနဲ့က ကျောင်းမှာလည်း ကွန်ပျူတာ သုံးခွင့် လေ့ကျင့်ခွင့် လုံးဝ မရှိပါဘူး။ ဌာနချင်း အလိုက် ရထားတဲ့ ကွန်ပျူတာတွေကလည်း စာမေးပွဲကိစ္စနဲ့ ရုံးကိစ္စ သုံးဖို့သာ ဖြစ်ပါတယ်။ အခု ၂၀၀၆ခုနှစ် အထိ ရန်ကုန်က တက္ကသိုလ်တွေမှာတောင် စာသင်ခန်း အများစုမှာ ကျောက်သင်ပုန်း နဲ့ မြေဖြူကိုသာ ကိုင် သုံး နေရတာပါ။ Whiteboard နဲ့ Marker ကိုတောင် အလုံအလောက် ထားမပေးနိုင်သေးပါဘူး။ အဲဒီအပြင် ဖြည့်ဆည်းပေးဖို့ မခက်ခဲလှတဲ့ ဆရာကိုင် ပြဌာန်းစာအုပ်ကိုတောင် ဌာနက အခမဲ့ မပေးနိုင်တဲ့အတွက် ဆရာ တွေ အနေနဲ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ၀ယ်သုံးနေကြရတဲ့ အခြေနေမျိုးပါ။
တကယ်တော့ မြန်မာ အာဏာပိုင်တွေဟာ ၂၀၀၀-၂၀၀၁ကစပြီး ခြေလှမ်းနေပြီဖြစ်တဲ့ အနာဂတ် ပညာရေးမှာ ICT နည်းပညာနဲ့ သင်ကြားဖို့အထိ မျှော်မှန်းထားတဲ့အကြောင်းကို Our Vision ဆိုပြီးတော့ တက္ကသိုလ်တိုင်းမှာ မော်ကွန်းတိုင်တွေစိုက်ထူပြီး အတိအလင်း ကြွေးကျော် ကြေညာ ထားပါတယ်။ ဒါပေမဲ့ အခု လက်ရှိ အချိန်ထိ တော့ IT ခေတ်ထဲမှာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဟာ အဘက်ဘက်မှာ စိုးရိမ်စရာကောင်းတဲ့ အနေ အထား မှာပဲ ရှိနေသေးတာကို တွေ့ရပါတယ်။
အခု ၂၀၀၆-၂၀၀၇ ပညာသင်နှစ်ဆိုရင် ပညာရည်မြင့်မားမှု နှစ်သုံးဆယ်စီမံကိန်း ရဲ့ ဒုတိယ ၅နှစ် စီမံကိန်း ကာလ အစနှစ်တောင် ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးကြီး ကမ္ဘာ့ အဆင့်မီဖို့အတွက်ဆိုရင် ကွန်ပျူတာအသင်းဥက္ကဌ ဦးသိန်းဦး အကြံပေး လမ်းညွှန်သွားတဲ့အတိုင်း သင်ကြား ရေး နယ်ပယ်မှာ ICT နည်းပညာ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ရေးအတွက်ကို အာဏာပိုင်တွေဘက်က အမြန်ဆုံး အားသွန် ခွန်စိုက် ကြိုးပမ်း ဖြည့်ဆည်း အကောင်အထည်ဖေါ် ကြရတော့မှာ ဖြစ်ပါတယ်။
မေငြိမ်း
၂၀၀၆။ နိုဝင်ဘာ။
1 comment:
ဆရာမရေ အမှန်တရားတွေ အရမ်းအရမ်းကိုပြောနေတာပါလား.သေချာတာပေါ့. သိရလောက်က အယင်တုန်းက ပြင်ပလူ (စစ်တပ်မဟုတ်တဲ့) တွေက အရမ်းကို တော်တယ်ပြောတယ်.အမတို့ခေတ်ပေါ့.ဒါပေမဲ့ ကျမတို့ခေတ်ရောက်လာတော့ ပညာရေးကိုညံ့သထက်ညံ့လာအောင်၊အရည်အသွေး တွေလျော့တထက်လျော့လာအောင် ကျောင်းတွေကို လုပ်ထည့်လိုက်တာ အားလုံးအသိပါ.တကယ့်သူဠေး တွေနဲ့ အစိုးရရဲ့ စစ်တပ်ကျောင်းတွေသာလျင် နိုင်ငံတကာအဆင့်မီ ပညာရေးကို သင်ကြားခွင့်ရနေတယ်.တကယ့်လက်တဆုပ်စာလူတစုပါ. အများစုကတော့ အဆင့်မမီတဲ့ပညာရေးကိုတောင် ပြည့်ဝစွာ မရရှိနိုင်ဘူး ကောင်းလိုက်တဲ့ ပညာရေးစနစ်နော်
တောင်ပေါ်သူ
Post a Comment