မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးအဆင့်အတန်း ကျဆင်းလာရတဲ့ အကျပ်အတည်းတွေထဲမှာ ဆရာဆရာမ တွေရဲ့ သင်ကြားရေးအတွက် လိုအပ်လှတဲ့ ထိရောက်တဲ့ မွမ်းမံ သင်တန်းတွေ Workshop ပုံစံ ညှိနှိုင်း ဆွေးနွေးပွဲ တွေ လုပ်မပေးတာကလည်း ပြဿနာ တစ်ခုပဲ ဖြစ် ပါတယ်။ ဘာသာစကားသင်ကြားနည်းပညာရှင် Donald Freeman က ဘာသာစာပေ သင်ကြား ရေး နယ်ပယ်ထဲက ဆရာဆရာမတွေ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး အဖြေရှာတဲ့ Workshop အစီအစဉ်မျိုးတွေ လုပ်ပေးဖို့လိုတယ်၊ ဒါမှ သူတို့ရဲ့ အရည်အသွေးနဲ့ အသိပညာတွေကို အချင်းချင်း အကဲခတ် ပြီး နှီးနှော ဖလှယ်နိုင်မယ်၊ အကြံပေးနိုင်ကြမယ်၊ ဒါဟာ သင်ကြားရေးအတွက် တကယ် လိုအပ်တဲ့ အရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Barcelona က ဆရာဖြစ်သင်တန်းကျောင်းအုပ်ဆရာမ Jenny Jason ကလည်း သင်ကြားရေး စနစ် ဖွံ့ဖြိုးမှု အထောက်အကူပြု မွမ်းမံသင်တန်းတွေက ဆရာဆရာမတွေကို သူတို့ အလုပ်အပေါ် ပိုပြီး စိတ်ဝင်စားလာ စေနိုင်တယ်၊ ပိုပြီး ကျွမ်းကျင် ပိုင်နိုင် လာစေတယ်။ နှလုံးရည် တိုးတက်လာစေတယ်၊ အချင်းချင်းကိုလည်း ပိုပြီး အသိအမှတ်ပြုလာ၊ ပူးပေါင်း ကျွမ်းဝင် လာစေတယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ အနီးဆုံး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ တက္ကသိုလ်က ဆရာဆရာမ တွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး စုပေါင်းအဖြေရှာ ဆွေးနွေးပွဲတွေ၊ မွမ်းမံသင်တန်းတွေကို အစိုးရ အနေနဲ့ရော အစိုးရမဟုတ်တဲ့ ပညာရေး ဆိုင်ရာ အဖွဲ့အစည်း(NGO)တွေကပါ မကြာခဏ လုပ်ပေး ပါတယ်။ အဲဒီမှာ ဘာသာရပ် ဆိုင်ရာ အလိုက် ဌာနချင်းအနေနဲ့ရော၊ ပြည်ပ ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့ရော သင်တန်းပေး ဆွေးနွေးကြတာပါ။ ဒါဟာ ပညာဗဟုသုတချင်း ဖလှယ်ရာလည်း ရောက်တာမို့လို့ အင်မတန် အသိပညာ တိုးစေတဲ့ အမြင်ကျယ်စေတဲ့ အစီအစဉ်တွေပါပဲ။
အထူးသဖြင့် အိန္ဒိယနိုင်ငံဆိုရင် ၂၀၀၅ခုနှစ်ထိမှာ တက္ကသိုလ်ကောလိပ်ပေါင်း ၁၆၈၈၅ ကျောင်း ရှိပြီး ဆရာဆရာမက ၄သိန်းခွဲကျော် ရှိပါတယ်။ ကျောင်းသူကျောင်းသားက ၉၉သိန်းခွဲ ရှိပြီး တရားဝင် ရုံးသုံး ဘာသာစကား အမျိုးပေါင်း ၂၃မျိုး ရှိတာမို့ သင်ကြားရေး အတွက် အင်မတန် အခက်အခဲ ဖြစ်စေတာပါ။ ဒီကြားထဲ မြန်မာနိုင်ငံက ထားဝယ်တို့ မြိတ်တို့ ရခိုင်တို့လို ဒေသိယစကားတွေကလည်း အမျိုး ၂၀၀၀ကျော် ရှိသေးတာပါ။ အဲဒီ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အိန္ဒိယအစိုးရက ဆရာဆရာမ တွေ ကို ဆရာဖြစ်သင်တန်း ပေးပြီးတော့ အောင်လက်မှတ်ရမှ ဆရာအလုပ် ခန့်ပါတယ်၊ အလုပ်ခွင်ထဲ ရောက်သွားပြီးတော့လည်း On the job training လို့ခေါ်တဲ့ လုပ်ငန်းခွင် မွမ်းမံသင်တန်းတွေ အဆက်မပြတ် ပေးနေသေးတာပါ။ ဒါကြောင့်ပဲ အိန္ဒိယနိုင်ငံမှာ ပညာရေး ကောင်းကောင်း ရနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ၁၉၈၈ကနေ ၁၉၉၀-၉၁အထိ တစ်ကြိမ်၊ ၁၉၉၆ကနေ ၁၉၉၈-၉၉အထိ တစ်ကြိမ်၊ ကျောင်းရက်ရှည်ပိတ်ခဲ့သမျကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကစပြီး ပြက္ခဒိန်နှစ် တစ်နှစ်ကို ပညာသင်နှစ် သုံးနှစ်အပြိုင် ဖွင့်တာမို့လို့ ဆရာဆရာမတွေဟာ ကျောင်းမှာ တာဝန်တွေကို မတန်တဆ ယူထားကြရပါတယ်။ သင်ကြားရေးအပြင် ကျောင်းတွင်း လုံခြုံရေးတာဝန်နဲ့ တခြား ဆရာဆရာမနဲ့ မသက်ဆိုင်လှတဲ့ ကျောင်းဝင်း သန့်ရှင်းရေးတို့ သစ်ပင်စိုက်ရတာတို့အတွက်ပါ အချိန်ပိုတွေ ပေးနေကြရပါတယ်။ တကယ်တမ်း ဆရာဆရာမ တွေရဲ့ သင်ကြားရေး အရည်အသွေး မြှင့်တင်ဖို့အတွက် အရေးတကြီး လိုအပ်တဲ့ မွမ်းမံသင်တန်းဆိုတာတော့ မရှိပါဘူး။
မြန်မာနိုင်ငံကဆရာမတွေဟာ အလုပ်ခွင်အတွင်း ဆွေးနွေးအဖြေရှာတဲ့ Workshop မျိုးလည်း တခါမှ မလုပ်ဖူးကြပါဘူး။ ဒါကြောင့် ဆရာဆရာမ အချင်းချင်း အရည်အသွေး တွေ စောင့်ကြည့် အကဲခတ်တာတို့ ၊တိုင်ပင်ဆွေးနွေးပြီး ပြဿနာတွေကို အဖြေရှာတာ တို့လည်း မလုပ်တတ်ကြတော့ပါဘူး။ ပိုဆိုးတာကတော့ ဆရာဆရာမတွေရဲ့ အရည် အသွေး အပေါ် အကဲဖြတ်ပြီး ဆုပေး ဒဏ်ပေးတာမျိုးလည်း မရှိဘဲ သတ်မှတ်ထား တဲ့ နှစ်ပြည့်ရင် အလိုလို ရာထူးတက်တာမို့လို့ ဆရာဆရာမတွေအဖို့ အရည်အသွေး တက်အောင် ကြိုးစားချင်စရာ မက်လုံးကောင်းကောင်းလည်း မရှိဘူးလို့ ဆိုရပါမယ်။
အဲဒီ အကျိုးဆက်ကတော့ ကျောင်းသားကျောင်းသူအပေါ် စေတနာကြီးမားတဲ့ ဆရာ ဆရာမတွေအဖို့ ပို ပင်ပန်းတာသာ ရှိပြီး တခြား အသိအမှတ်ပြု ခံရတဲ့ အကျိုးကျေးဇူး မရှိတဲ့အတွက် တချို့ ဆရာဆရာမတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေ ရှိလာတာပါပဲ။ အဲဒီအပြင် ပညာရည်မပြည့်တဲ့ ဆရာဆရာမတွေက ရာထူးကြီးမြင့်လာတဲ့အခါ သင်ကြားရေးမှာ အရေးကြီးတဲ့ ဘာသာရပ်တွေ မဖြစ်မနေ ကိုင်တွယ် လာရတဲ့ အတွက် ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ယူရေးကို ထိခိုက်လာတာပါပဲ။ ဘာသာရပ် ဆိုင်ရာအလိုက် တိကျတဲ့ သင်ကြားနည်းပညာတွေလည်း မရှိတဲ့အတွက် ဆရာဆရာမ တွေဟာ တကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို သင်ခန်းစာတွေကို ကစဥ့်ကလျား ကိုင်တွယ်နေကြပါတယ်။ နောက်ဆုံး မဟာဘွဲ့ရ ပါရဂူဘွဲ့ရ ဆရာဆရာမ တွေတောင်မှပဲ သင်ကြားရေးနည်းပညာဆိုင်ရာ(Teaching Methodology) ဗဟုသုတ အရာ မှာတော့ အားနည်းနေကြတာ တွေ့နိုင်ပါတယ်။
တကယ်တော့ ဆရာဆရာမတွေဆိုတာ ကိုယ်တိုင် နိုင်ငံတကာ ဗဟုသုတကြွယ်ဝဖို့၊ ပူးပေါင်း ဆောင်ရွက် တတ်ဖို့၊ စာဖတ်နာဖို့၊ သူတပါးရဲ့ အရည်အသွေးကို အသိအမှတ် ပြုတတ်ဖို့၊ စာသင်ရတဲ့အလုပ်ကို ချစ်ခင် စုံမက်ဖို့၊ စိတ်ရှည်ဖို့၊ ကိုယ်တိုင် လေ့လာ သင်ယူ တတ်ဖို့၊ သူများ စိတ်ဝင်စားအောင် ပြောဆို ဆွေးနွေး တတ်ဖို့၊ ကိုယ်သင်ရမယ့် ဘာသာရပ်ကို ကျွမ်းကျင် ပိုင်နိုင်ဖို့ဆိုတဲ့ အရည်အသွေးတွေနဲ့ ပြည်စုံရမယ်လို့ ပညာရေး ပညာရှင်တွေက တညီတညွတ်တည်း ဆိုခဲ့ကြပါတယ်။ အဲဒီ အရည်အသွေးတွေကို မွမ်းမံ သင်တန်းတွေ workshop တွေကနေ ရနိုင်ပါတယ်။ ပြီးတော့ ဒါဟာ မြန်မာနိုင်ငံရဲ့ များပြားလှတဲ့ အထွေထွေ ပညာရေး အကျပ်အတည်းတွေထဲမှာတော့ အရေးတကြီး ဖြေရှင်းသင့်တဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံက ဆရာဆရာမတွေဟာ စေတနာတွေ အနစ်နာတွေ ၀ါသနာ တွေ အရင်းခံပြီး တာဝန်ထမ်းဆောင်နေကြရတဲ့ သူတွေပါ။ အဲဒီ ဆရာဆရာမတွေ အားလုံး ဟာ သူတို့ရဲ့ နှလုံးရည် ပညာရည် မြင့်မားဖို့အတွက်၊ ကျောင်းသူကျောင်းသားတွေ ပညာရည် မြင့်မားဖို့အတွက် အခုလို ပညာခေတ်မှာ တကယ်လိုအပ်နေတဲ့ အရည်အသွေး မြှင့်သင်တန်းတွေ တက်ချင်ကြပါတယ်။ နိုင်ငံတကာ အဆင့်မီ ဆွေးနွေးပွဲတွေ တက်ချင်ကြ ပါတယ်၊ နိုင်ငံတကာ အသိအမြင်တွေ ဖလှယ်ချင်ကြပါတယ်။ တိကျ သေချာတဲ့ သင်ကြားနည်းစနစ်တွေကိုလည်း ဆည်းပူး နည်းယူချင်ကြပါတယ်။ ဒါပေမဲ့ အဲဒီ လိုအပ်ချက်တွေဟာ ၀န်ထမ်းတွေအနေနဲ့က တနိုင်တပိုင် ဖြေရှင်းလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အာဏာပိုင်တဲ့ လူတန်းစားက ဖြည့်ဆည်းပေးမှ စီစဉ်ပေးမှသာ ရနိုင်တဲ့ အခွင့်အရေးမျိုးသာ ဖြစ်ပါတယ်။
မေငြိမ်း
၂၀၀၆။
No comments:
Post a Comment