Showing posts with label RFA - General Education. Show all posts
Showing posts with label RFA - General Education. Show all posts

Friday, April 3, 2009

Building Knowledge Economies စာတမ်း(၅)


ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို မူလတန်းပညာရေးအတွက်… အလယ်တန်းနဲ့ အထက်တန်းပညာရေးအတွက်… တက္ကသိုလ်ကောလိပ်အဆင့် ပညာရေးအတွက် စသဖြင့် တကဏ္ဍစီကို အသေးစိတ် ဆွေးနွေးတင်ပြနေခဲ့တာ ခုတပတ်မှာတော့ နောက်ဆုံးကဏ္ဍအဖြစ် စဉ်ဆက်မပြတ် ပညာရေးနဲ့ ပတ်သက်တဲ့ အကြံပြုချက် မူဝါဒတွေကို ပြောပြပါ့မယ်၊

စဉ်ဆက်မပြတ်ပညာရေးအတွက် ပထမဆုံးအကြံပြုထားတာကတော့ စာတတ်မြောက်မှုနှုန်း မြင့်မားလာရေး အတွက် ဆောင်ရွက်ရမယ်ဆိုတာ ဖြစ်ပါတယ်၊ ဒါကတော့ ပညာကို တသက်တာလုံး စဉ်ဆက်မပြတ် သင်ယူ သွားနိုင်ဖို့ဆိုရင် နိုင်ငံသားတွေဟာ စာတတ် မြောက်ပြီးသားဖြစ်ဖို့ တနည်းအားဖြင့် အခြေခံပညာရေးကို ရထား ပြီးသား ဖြစ်ဖို့တော့ လိုပါတယ်၊ ဒါမှပဲ အကြောင်းကြောင်းကြောင့် ကျောင်းပညာရေးကို မယူနိုင်တဲ့ မရနိုင်တဲ့ သူတွေဟာ ပြင်ပကနေ ကိုယ့်ဘာသာ စာဖတ်လေ့လာပြီး ပညာကို စဉ်ဆက်မပြတ် သင်ယူသွားနိုင်မှာ ဖြစ်ပါ တယ်၊

ဒါကြောင့်ပဲ နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့ တနည်းအားဖြင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာစေဖို့အတွက် အစိုးရတွေက Education for All ဆိုတဲ့ ရည်မှန်းချက်နဲ့ အခြေခံပညာအဆင့်ကို အခမဲ့ပညာရေးအဖြစ် သတ်မှတ်ပေးထားကြတာပါ၊ ဒါမှပဲ မိဘတွေအနေနဲ့ ကလေးပညာရေးအတွက် စရိတ်စကကို သိပ် မပူပင် ရတော့တာ မို့လို့ ကလေးတိုင်း စာသင်ခန်းထဲ ရောက်လာနိုင်တာကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံက စာမတတ်သူတွေကိုလည်း အရေး အဖတ် အတွက် စတဲ့ အခြေခံကျတဲ့ ပညာရေးမျိုးကို သင်ကြားပေးနိုင်ဖို့ စီမံချက်တွေ ချမှတ်ပြီး စနစ်တကျ ဆောင်ရွက်ဖို့ လိုပါတယ်၊ ဒါမှပဲ နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ အမြောက်အများ ရရှိလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာရေးအတွက် ဆောင်ရွက်ရ မယ်ဆိုတဲ့ မူဝါဒဟာ မြန်မာနိုင်ငံအတွက် အဓိက လိုအပ်ချက်ပဲ ဖြစ်တယ်လို့ ဆိုရမှာပါ၊

Building Knowledge Economies စာတမ်းရဲ့ စဉ်ဆက်မပြတ်ပညာရေးနဲ့ ပတ်သက်တဲ့ ဒုတိယ အကြံပြုချက်ကတော့ Economy အရ လိုအပ်တဲ့ အရည်အချင်း တွေ ပြည့်မီအောင် သင်ကြားပေးနိုင်မယ့် သင်တန်းတွေ ဖွင့်ပေးရမယ် ဆိုတာဖြစ်ပါတယ်၊ ဒါကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ Economy အရ လူ့အဖွဲ့အစည်းတခု စနစ်တကျ ဖန်တီးဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ကျောင်းပညာရေးထဲမှာ သင်ရိုးအဖြစ် ထည့်သွင်းပြီး သင်ကြားလေ့ကျင့်ပေးသလိုပဲ တချိန်တည်းမှာ ကျောင်းပြင်ပ Informal Education အနေနဲ့ လေ့လာသင်ယူနေသူတွေအတွက်လည်း Economy နဲ့ ပတ်သက်တဲ့ အသိပညာတွေကို သင်ကြား ပေးနိုင်မယ့် အလုပ်ရုံဆွေးနွေးပွဲ Workshop တွေ။ သင်တန်းတွေ ဖွင့်ပေးဖို့ပါ၊ ဒါကလည်း နိုင်ငံတနိုင်ငံရဲဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးမှာ အဓိကကျတဲ့ လိုအပ်ချက်တရပ်ပဲ ဖြစ်ပါတယ်၊

နောက်ထပ်အကြံပြုချက်တချက်ဖြစ်တဲ့ အရည်အချင်းမြှင့်တင်ရေးသင်တန်းတွေ ဖွင့်ပေးရမယ် ဆိုတာ ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစိုးရတွေနဲ့အတူ ကုလသမဂ္ဂအပါအ၀င် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGOs)တွေ ပူးပေါင်းဆောင်ရွက်နေကြတဲ့ မူဝါဒပဲ ဖြစ်ပါတယ်၊ အဓိကကတော့ လူ့အဖွဲ့အစည်းထဲမှာ တိုးတက် တဲ့ အပြောင်းအလဲ ဖြစ်ဖို့အတွက် နိုင်ငံသားတွေမှာ ရှိဖို့ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ… ဥပမာပြောပြရရင် လူသားချင်း ကူညီပံ့ပိုးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ သင်တန်းမျိုးတွေ။ ဆွေးနွေးပွဲတွေ၊ ပြီးတော့ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပံ့ပိုးမှုတွေပေးဖို့ သိသင့်တဲ့ အချက်အလက်တွေ ဥပမာ… ပညာရေး ကျန်းမာရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးတွေနဲ့ သိပြံပညာဆိုင်ရာဗဟုသုတတွေကို ဖြန့်ဝေပေးနိုင်ဖို့အတွက် workshop တွေ သင်တန်းတွေ လုပ်ကြဖို့ပါ၊ အဲဒီအခါ အဲဒီသင်တန်းတွေ ဆွေးနွေးပွဲ တွေမှာ ပါဝင်တက်ရောက်တဲ့သူတွေ အချင်းချင်း ၀ိုင်းဝန်း ဆွေးနွေး အဖြေရှာကြရင်းနဲ့ အရည်အချင်းတွေ မြင့်တက်စေလာမှာ ဖြစ်ပါတယ်၊

နိုင်ငံတကာမှာကတော့ စဉ်ဆက်မပြတ် ပညာသင်ချင်တဲ့ ကိုယ့်နိုင်ငံသားတွေအတွက်ရော ကျောင်းသား လူငယ် တွေအတွက်ရော အလွယ်တကူ ပညာရှာလို့ရအောင် အင်တာနက်ကို လွယ်လွယ်ကူကူ သုံးနိုင်အောင် စီစဉ်ပေးထားတဲ့အတွက် ebook, audio book တွေ ရှာဖွေ လေ့လာဖတ်ရှုနိုင်တာမျိုး။ လိုအပ်တဲ့ စာအုပ် စာတမ်းတွေကို ပြည်ပကနေ တင်သွင်းပြီး ပြန် ဖြန့်ပေးတာမျိုး။ ပညာရပ်ဆိုင်ရာ စီဒီတွေ ထုတ်ဝေခွင့် ပေးထားတာမျိုးနဲ့ ပညာရေးဆိုင်ရာအသိအမြင်တွေရအောင် အများကြီး လမ်းဖွင့်ပေးထားတာ တွေ့ရပါတယ်၊ တကယ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကမ္ဘာနဲ့အညီ အချိန်မီ လိုက်နိုင်ဖို့ ဆိုရင် အဲလို ပညာရေးလွတ်လပ်ခွင့် နည်းပညာ လွတ်လပ်ခွင့်တွေ ရှိဖို့ လိုပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို အဘက်ဘက်က နိမ့်ကျယိုယွင်းနေတဲ့ တိုင်းပြည်မှာဆိုရင် စဉ်ဆက်မပြတ် ပညာရေးအဖြစ် Informal ပညာရေးကို သေသေချာချာ လမ်းဖွင့် အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်၊

ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရက အိုင်တီနည်းပညာနဲဏ္ဍ ဗဟုသုတရှာဖွေ ပညာ ဆည်းပူးနေတဲ့ လူငယ်တွေကို အမျိုးမျိုး ပိတ်ဆို့ တားမြစ်နေရုံ သာမကဘဲ ခြိမ်းခြောက် ပြစ်ဒဏ်ပေးတာတွေပါ လုပ်နေတာပါ၊ ဒါကြောင့်ပဲ ပညာတတ်လူငယ် အိုင်တီနည်းပညာရှင် ဘလော့ဂါ နေဘုန်းလတ်ကို အပြစ် တစုံတရာ မရှိပါဘဲနဲ့ အီလက်ထရွန်းနစ်ဥပဒေဆိုတာနဲ့ နှစ်ရှည် ထောင်ချ အပြစ်ပေးခဲ့တာပါ၊ ဒါဟာ အိုင်တီ နည်းပညာကို သုံးပြီး ဘ၀အောင်မြင်ရေးအတွက် ကြိုးစားနေတဲ့ လူငယ်ထု တစ်ရပ်လုံးရဲ့ လက်တွေ့ဘ၀နဲ့ အနာဂတ်တွေကို ထောင်ချလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်၊ အဲဒီအပြင် ဒါဟာ ဒီကနေ့ လူငယ်ထုရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ တည်ဆောက်မယ့် ခေတ်မီ မြန်မာနိုင်ငံကြီးဖြစ်လာမယ့် အနာဂတ်ကို တားမြစ်ဖျက်ဆီး လိုက်တာ နဲ့လည်း အတူတူပဲ ဖြစ်ပါတယ်၊

တကယ်တော့ ပြည်သူလူထုအနေနဲ့ စဉ်ဆက်မပြတ်ပညာရေး ရဖို့အတွက်ဆိုရင် အာဏာရှင်အစိုးရတွေက ဘယ်လိုပဲ ပိတ်ပင်တားဆီးပေမဲ့ ကိုယ့်ဘာသာ နည်းလမ်း ရှာဖွေပြီး လေ့လာသင်ယူလို့တော့ ရနိုင်ပါတယ်၊ ရနိုင်သလောက် စာအုပ်စာတမ်းတွေ ရှာဖွေ ဖတ်တာမျိုး။ အနည်းဆုံး ပြည်ပ လှိုင်းတို ရေဒီယိုတွေကနေ ထုတ်လွှင့်ပေးနေတဲ့ အသံလွှင့်အစီအစဉ်တွေကို မပြတ် နားထောင်ပြီး အင်္ဂလိပ်စာ အင်္ဂလိပ်စကားကအစ သတင်းအချက်အလက်တွေ အထွေထွေ ဗဟုသုတတွေအထိ လေ့လာ ရယူနိုင်ပါတယ်၊ အဲဒီအတွက် မီဒီယာတွေဘက်ကလည်း လူငယ်တွေ ပြည်သူတွေအတွက် လိုအပ်မယ့် အသိပညာပေးအစီအစဉ်တွေကို စီစဉ် ထုတ်လွှင့်နေကြပါတယ်။၊ ဒါကြောင့် စဉ်ဆက်မပြတ် ပညာရေးမျိုး ရယူသင်ကြားနိုင်ဖို့ အတွက် အစိုးရတွေမှာ အဓိက တာဝန်ရှိတယ်ဆိုပေမဲ့ မြန်မာနိုင်ငံလို အာဏာရှင်အစိုးရမျိုးရဲ့ လက်အောက်မှာတော့ ပြည်သူလူထု အနေနဲ့ ကိုယ့်အားကိုယ့်ကိုးစနစ်နဲ့ စဉ်ဆက်မပြတ်ပညာရေးကို ကြိုးစားရယူသင့်တယ်လို့ အကြံပြု တင်ပြလိုက် ရပါတယ်၊


Building Knowledge Economies စာတမ်း(၄)


မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထား လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး နည်းယူ ဆောင်ရွက်သင့်တဲ့ ပညာရေးဆိုင်ရာ အကြံပြုချက်တွေအနေနဲ့ ကမ္ဘာ့ဘဏ် ဖွံ့ဖြိုး တိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies စာတမ်းပါ ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို အသေးစိတ် ဆွေးနွေးတင်ပြနေတာ ဖြစ်ပါတယ်။ ခု ဒီတပတ်မှာတော့ တက္ကသိုလ်ကောလိပ်အဆင့်မှာ ချမှတ်သင့်တဲ့ မူဝါဒတွေကို ပြောပြသွားမှာပါ။

တက္ကသိုလ်ကောလိပ်အဆင့်နဲ့ ပတ်သက်တဲ့ မူဝါဒတွေထဲမှာ
- ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့ ဆောင်ရွက်ရမယ်
- Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရ မယ်
-ကျောင်းသားတွေရဲ့ လက်တွေ့ကျကျ စီစဉ်လုပ်ဆောင်တတ်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့ အတွက် လုပ်ငန်းရှင်တွေဆီက အကြံဥာဏ်တွေ ရယူရမယ်
- အချိန်ကာလတိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်း ဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ်
ဆိုတဲ့အချက်တွေကို ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီအချက်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးအခြေအနေနဲ့ တချက်ချင်း နှိုင်းယှဉ် ချိန်ထိုး ကြည့်မယ်ဆိုရင် ပညာရေးအဆင့်အတန်းမြင့်မားလာစေဖို့ ဆောင်ရွက်ရမယ် ဆိုတဲ့နေရာမှာ နိုင်ငံတကာစံချိန်မီ အဆင့်မြင့်တက္ကသိုလ်ပညာရေးဖြစ်ဖို့အတွက် ကျောင်းသားလူငယ်တွေဟာ အခြေခံ ကျောင်းသားအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ဆည်းပူးလေ့လာခွင့်၊ လွတ်လပ်စွာ စုဝေးတိုင်ပင်ခွင့်၊ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်၊ လွတ်လပ်စွာ ကြံစည်အားထုတ်ခွင့်၊ လွတ်လပ်စွာ သုတေသနပြုခွင့်နဲ့ လွတ်လပ်စွာ ရေးသားဖန်တီးခွင့်တွေ ရှိရပါမယ်။ ဒါမှပဲ ကျောင်းသား လူငယ်တွေဟာ ခေတ်မီတိုးတက်တဲ့ ပညာရေးမျိုးကို ရနိုင်မှာဖြစ်ပါတယ်။

အဲဒီအပြင် တက္ကသိုလ်ပညာရေး အဆင့်အတန်းမြင့်မားလာစေဖို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နိုင်ငံတကာအဆင့်မီ သိပ္ပံနဲ့နည်းပညာတွေ၊ စာအုပ်စာတမ်းနဲ့ သင်ကြားရေး အထောက်အကူပြု ပစ္စည်း ကိရိယာတွေ၊ အရည်အသွေး ပြည့်မီတဲ့ ဆရာဆရာမတွေ၊ အရည်အသွေးမီ ကျောင်းဆောင် စာသင်ခန်းတွေ ကိုလည်း မြန်မာနိုင်ငံပညာရေးထဲမှာ ခုချိန်ထိ လိုအပ်နေသေးတာ တွေ့နေရပါတယ်။ ဒါကြောင့်ပဲ Building Knowledge Economies စာတမ်းပါ အကြုံပြုချက်ထဲက ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့ ဆောင်ရွက် ရမယ်ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံအနေနဲ့ အထူး ထည့်သွင်းဆောင်ရွက်ရမယ့် အချက်ပဲ ဖြစ်ပါ တယ်။

Building Knowledge Economies စာတမ်းအရ တက္ကသိုလ်ကောလိပ်အဆင့်အတွက် နောက်ထပ် ချမှတ်သင့် တဲ့ မူဝါဒကတော့ Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရမယ်… ဆိုတာဖြစ်ပါတယ်။ ဒီနေရာမှာ Economy ဆိုတာက လူ့အဖွဲ့အစည်းတခုရဲ့ ငွေကြေးဆိုင်ရာ အုပ်ချုပ်ရေး စနစ်ပါ၊ နိုင်ငံတနိုင်ငံမှာ ငွေကြေးဆိုင်ရာ မူလရင်းမြစ်တွေကို ဘယ်လို ခိုင်မာအောင် လုပ်မလဲ။ ဘယ်လို ခြိုးခြံချွေတာ သုံးစွဲမလဲဆိုတာတွေကို ချဉ်းကပ် လေ့လာရမှာပါ၊ ဒါမှပဲ တချိန်မှာ ဦးဆောင်သူတွေ ဖြစ်လာမယ့် ကျောင်းသား လူငယ်တွေဟာ နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခု အတွက် လိုအပ်တဲ့ ငွေကြေးဆိုင်ရာ စီမံကွပ်ကဲမှုကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို အဘက်ဘက်က ဆုတ်ယုတ် ကျဆင်းနေတဲ့ နိုင်ငံမျိုးမှာတော့ ပြန်လည်ထူထောင်နိုင်ရေးမှာ Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရမယ် … ဆိုတဲ့ မူဝါဒဟာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးအတွက် အထူးလိုအပ်ချက်ပဲ ဖြစ်ပါတယ်။

နောက်ထပ် မူဝါဒတချက်ကတော့ ကျောင်းသားတွေရဲ့ လက်တွေ့ကျကျ စီစဉ်လုပ်ဆောင် တတ်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေဆီက အကြံဥာဏ်တွေ ရယူရမယ်… ဆိုတာ ဖြစ်ပါတယ်။ ဒါကလည်း Economy နဲ့ ဆက်စပ်နေတာပါပဲ။ တက္ကသိုလ်ကျောင်းသားတွေအဖို့ ကျောင်းပညာရေးပြီးဆုံးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ရာမှာ အဆင်ပြေအောင် ကျောင်းပညာရေးကာလမှာ ကတည်းက လုပ်ငန်းသဘောတွေနဲ့ ထိတွေ့လေ့ကျင့်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တက္ကသိုလ် ပညာရေးထဲမှာ ဘာသာရပ်အလိုက် လက်တွေ့ လေ့ကျင့်နိုင်ဖို့အတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးသင့်တယ် ဆိုတာကို လုပ်ငန်းရှင်တွေ နဲ့ ပညာရေးအာဏာပိုင်တွေ တွေ့ဆုံတိုင်ပင်တာမျိုး အကြံဥာဏ်ရယူတာမျိုးပါ။ ဒါဟာလည်း စီးပွားရေးပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ မျိုးဆက်သစ်တွေအတွက် ဆောင်ရွက်ပေးသင့်တဲ့ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒပဲ ဖြစ်ပါတယ်။

တက္ကသိုလ်ကောလိပ်အဆင့်အတွက် နောက်ဆုံး အကြံပြုထားတဲ့ မူဝါဒကတော့ အချိန်ကာလတိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ် ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက နည်းပညာ တက္ကသိုလ်တွေမှာတောင် သင်ထောက်ကူပစ္စည်းဆိုင်ရာ အားနည်းချက်တွေနဲ့ သင်ကြားရေးဆိုင်ရာ အားနည်းချက်တွေကြောင့် လုပ်ငန်းခွင်ထဲမှာ လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင် တဲ့ ပညာရေးမျိုးကို မရနိုင်သေးပါဘူး။ ဒါကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်တဲ့ နည်းပညာ အတတ် ပညာရှင်တွေကို အချိန်မီ မွေးထုတ်နိုင်ဖို့ ဆိုတာလည်း အထူးလိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကာလ တိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ် ဆိုတဲ့ မူဝါဒကလည်း မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ကောလိပ်အဆင့် ပညာရေးထဲမှာ ထည့်သွင်း ချမှတ် သင့်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ မူဝါဒတွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထား၊ လိုအပ်ချက် တွေနဲ့ ကိုက်ညီပြီး နည်းယူ ဆောင်ရွက်သင့်တဲ့ ပညာရေးဆိုင်ရာ အကြံပြုချက်တွေလည်း ဖြစ်တာမို့လို့ ဆွေးနွေး တင်ပြလိုက်ရပါတယ်။


Building Knowledge Economies စာတမ်း(၃)


ပြီးခဲ့တဲ့ နှစ်ပတ်မှာတုန်းက ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies စာတမ်းပါ ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေထဲက မူလတန်းအဆင့် ကျောင်းပညာရေးမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ ကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ဒီတပတ်မှာတော့ အလယ်တန်း နဲ့ အထက်တန်း ပညာရေးတွေအတွက် စဉ်းစားချမှတ်သင့်တဲ့ အခြေခံမူ တွေကို ဆက်ပြီး ဆွေးနွေးသွားပါ့မယ်။

Building Knowledge Economies စာတမ်းအရ
အလယ်တန်းနဲ့အထက်တန်းပညာရေးတွေမှာ
- အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ်
- အထက်တန်းပညာရေးပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်နိုင်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ် … ဆိုတဲ့ မူဝါဒတွေကို တွေ့ရပါတယ်။

အဲဒီမှာ အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ မူဝါဒကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ချိန်ထိုးပြီး စဉ်းစားကြည့်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာက အခြေခံပညာရေးအဆင့် ၅နှစ်တာကာလထဲမှာတင် ကျောင်းစရိတ်နဲ့ မိသားစု စားဝတ်နေရေးပြဿနာတွေ ကြောင့် ကလေးတွေ ကျောင်းထွက်နှုန်း များနေပါတယ်။ ဒါကြောင့် အလယ်တန်းအဆင့် ရောက်တဲ့ အခါမှာတော့ မူလတန်းတုန်းက ကျောင်းဝင်နှုန်းနဲ့ အလယ်တန်းကျောင်းဝင်နှုန်းက အများကြီး လျော့ကျသွားတာ ကို နှစ်တိုင်း တွေ့နေကြရပါ တယ်။

ကမBာ့ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ၂ဝဝ၈ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံ အခြေခံပညာရေးအခြေအနေအတွက် ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားအရ ၂ဝဝ၆ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စာရင်းအရ မူလတန်းတက်ရောက်တဲ့ ကလေးအရေအတွက်က ယောက်ျားလေး ၈၃ ရာခိုင်နှုန်း မိန်းကလေး ၈၄ ရာခိုင်နှုန်းရှိပြီးတော့ အလယ်တန်း အဆင့်ကို ဆက်တက်နိုင်တဲ့ အရေအတွက်ကတော့ ယောက်ျားလေးက ၅၁ရာခိုင်နှုန်းပဲ ရှိပြီး မိန်းကလေး က ၄၈ရာခိုင်နှုန်းသာ ရှိတော့တာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ ကျောင်းထွက်နှုန်း မြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်လှတဲ့ ပညာတတ်လူငယ်တွေကို ဆုံးရှုံးနေရတာပဲ ဖြစ်ပါ တယ်။

ဒါကြောင့် အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ Building Knowledge Economies စာတမ်းက အကြံပြုထားတဲ့ အခြေခံမူဟာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အချက်ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ အဲဒီအပြင် မိန်းကလေး ၄၈ရာခိုင်နှုန်းသာ အလယ်တန်း ပညာရေးကို ဆက်သင်နိုင်တော့တာဟာလည်း ပြီးခဲ့တဲ့ တပတ်မှာ တင်ပြခဲ့တဲ့ အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးရမယ်..ဆိုတဲ့ အခြေခံမူကို လိုအပ်နေ တဲ့ သဘောပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ အထက်တန်းပညာရေးပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်နိုင်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ်.. ဆိုတဲ့ မူဝါဒ ပါ။ အဲဒီနေရာမှာလည်း မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေးကို သုံးသပ်စဉ်းစားဖို့ လိုလာပါတယ်။ စစ်အစိုးရက မြန်မာနိုင်ငံရဲ့ အခြေခံအထက်တန်းပညာရေးကို ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်ကစလို့ GCE O'level (General Certificate of Education Ordinary level) အဆင့်မီအောင် ပြဌာန်းသင်ကြားမယ်လို့ ကြေငြာခဲ့ပါတယ်။ ကျောင်းသားတွေ အနေနွဲ့ဃန ဥဒူနလနူ အဆင့်မီ ပညာရေးမျိုးကို တကယ်ရပြီး အခြေခံပညာ အထက်တန်းကို အောင်မြင်ခဲ့တယ်ဆိုရင်တော့ နိုင်ငံတကာပညာရေးကို ဆက်ပြီး အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်မှာဖြစ်သလို ပညာရေးအရ ရှေ့မဆက်နိုင်ရင်တောင်မှပဲ ကိုယ့်နိုင်ငံမှာ သက်မွေး ဝမ်းကျောင်း အလုပ်ခွင်ဝင်နိုင်ဖို့အတွက် သင့်တော်တဲ့ အရည်အချင်းသတ်မှတ်ချက်ကို ရသွားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နည်းမီအတုယူနေတယ်လို့ ဆိုနိုင်တဲ့ စင်္ကာပူနိုင်ငံရဲ့ အထက်တန်း ပညာရေးမှာတော့ GCE O’Level အဆင့်မီဖို့အတွက် အဓိက ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ သချာင်္၊ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲတွေနဲ့အတူ မိခင်ဘာသာစကားနဲ့ နိုင်ငံခြားဘာသာစကားတမျိုးကို သင်ရိုးအဖြစ် ပြဋ္ဌာန်းထား ပါတယ်။ အဲသလိုပဲ မြန်မာနိုင်ငံရဲ့ အနီးဆုံးအိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း အထက်တန်းပညာရေးမှာ GCE O’Level အဆင့်မီဖို့အတွက် စင်္ကာပူနိုင်ငံနဲ့ အလားတူ ဘာသာရပ်တွေကိုပဲ ပြဌာန်းထားတာ တွေ့ရပါတယ်၊ ထိုင်းနိုင်ငံမှာက အနုပညာနဲ့ ဂီတဘာသာရပ် တမျိုးတော့ စင်္ကာပူနိုင်ငံထက် ပိုတာ တွေ့ရပါ တယ်။

တကယ်တော့ အထက်တန်းပညာသင်အဆင့် ကျောင်းသားလူငယ်တွေအနေနဲ့ ကမ္ဘာ့ပညာရေးစနစ်နဲ့ ကိုက်ညီ အဆင့်မီပြီး တန်းတူအခွင့်အရေးရှိတဲ့ ပညာရေးမျိုးကို ရဖို့ကသာ အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဦးစားပေး ထူထောင်နေတဲ့ နိုင်ငံအများစုက တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံကြီး တွေရဲ့ ပညာရေးစနစ်တွေကို အတုယူ နည်းမှီပြီး ကြိုးစားတည်ဆောက်နေကြပါတယ်။ ဒါမှလည်း ကျောင်းသား လူငယ်တွေအနေနဲ့ မိမိတို့နိုင်ငံမှာ မရှိသေးတဲ့ အဆင့်မြင့်ပညာရေးမျိုးကို ပြည်ပနိုင်ငံကြီးတွေမှာ လွယ်လင့် တကူ ချိတ်ဆက်ပြီး တန်းတူ ပညာသင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒီအပြင် GCE O’Level အဆင့်မီအဖြစ် ပြဌာန်းထားတဲ့ အခြေခံသင်ရိုးတွေဟာလည်း ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ ဘာသာရပ်မျိုးတွေကို ရွေးချယ်ပြဌာန်း ထားတာ ဖြစ်တဲ့အတွက် အထက်တန်းပညာရေး အောင်မြင်ပြီးတဲ့နောက် တက္ကသိုလ် ပညာရေးအထိ ဆက်ပြီး မတက်နိုင်ရင်တောင်မှဘဲ လက်တွေ့ သက်မွေး ဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်နိုင် လောက်တဲ့ အာမခံချက်မျိုးကို ရသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ဆိုရင်တော့ ကျောင်းသားတွေအတွက် အဲဒီ GCE O’Level အဆင့်မီ ပညာရေးကို ကျောင်းတွင်းပညာရေးထဲကနေ ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့ အရေအတွက်ထက် အရည်အချင်း အရည်အသွေးတွေကို ပိုပြီး မြှင့်တင်ပေး နိုင်ဖို့တွေ လိုအပ်နေပါတယ်။

ဒါကြောင့် ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ပညာရေးအခြေခံမူတချက်ဖြစ်တဲ့ အထက်တန်း ပညာရေး ပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ် ဆိုတာဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထည့်သွင်း စဉ်းစားရမယ့် မူဝါဒတစ်ရပ်ပဲ ဖြစ်တယ်ဆိုတာကို ဆွေးနွေးတင်ပြ လိုက်ရပါတယ်။


Building Knowledge Economies စာတမ်း(၂)

ပြီးခဲ့တဲ့ တပတ်မှာတုန်းက ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies ဆိုတဲ့ စာတမ်းထဲက ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီထဲမှာမှ မူလတန်းအဆင့် ကျောင်းပညာရေးမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို အသေးစိတ် ဆွေးနွေးခဲ့ ပါတယ်။ အဲဒီထဲက အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးရမယ်.. ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံမှာ အလေးအနက် ထည့်သွင်း စဉ်းစား ရမယ့် အချက်ဖြစ်တာမို့ ဆက်ပြီး အကျယ် ဆွေးနွေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တချို့နေရာတွေမှာ ခွဲခြားဆက်ဆံခံရတာတွေ ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ထုံးတမ်းစဉ်လာ အယူအဆတွေရဲ့ လွှမ်းမိုး မှုကြောင့် ဖြစ်ပါတယ်။ ဥပမာ- သမီးမိန်းကလေးက အိမ်မှုကိစ္စလုပ်တတ်ဖို့ပဲ လိုတယ်… အတန်းပညာတတ်ဖို့ မလိုဘူးဆိုတဲ့အယူအဆက လွှမ်းမိုးနေတဲ့အတွက်ကြောင့်မို့လို့ မိဘတွေ စားဝတ်နေရေးအခက်အခဲကြောင့် သားနဲ့သမီးမှာ တယောက် ကိုသာ ပညာသင်ပေးနိုင်မယ် ဆိုရင် သားကိုသာ ပညာသင်ပေးပြီး သမီးကတော့ အိမ်မှာ ဝိုင်းကူရတာမျိုး မိဘနဲ့အတူ ဝင်ငွေ ကူရှာပေးရတာမျိုးတွေတွေ ဒီနေ့ထက်ထိ ရှိနေတုန်းပါ။ အဲဒါကို ထုံးစံတခုလိုပဲ လူ့ အသိုင်းအဝိုင်း တခုလုံးက လွယ်လင့်တကူ လက်ခံနေတုန်းပါ။

နောက်ပိုင်းမှာ တိုးတက်လာတဲ့ ခေတ်အနေအထားအရရော အမျိုးသမီးတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့်ရော အမျိုးသမီးတွေ ကျောင်းနေနှုန်း ပညာတတ်နှုန်း မြင့်မားလာပေမဲ့ အဆင်မြင့်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေနဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိတဲ့ ရာထူးနေရာ တွေမှာတော့ အမျိုးသမီးတွေဟာ အကန့်သတ်ခံနေရဆဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေမှာ ဆုံးဖြတ်ချက်ချခွင့်ရှိတဲ့ အကြီးအကဲ ရာထူးနေရာတွေမှာဆိုရင် ရွေးချယ်စရာ အမျိုးသားတွေ အဆင်သင့် မရှိမှဘဲ အဲဒီ ရာထူးအတွက် အမျိုးသမီးတွေကို ခန့်ထားတာ တွေ့ရပါတယ်။ အဲဒီအခါမှာ လူမှုအဖွဲ့အစည်းအတွက်ရော၊ လုပ်ငန်းခွင် အတွက်ရော၊ အရေးကြီးတဲ့ တာဝန်တွေကို ယူနိုင်မယ့် အရည်အသွေးရှိတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း အင်အားတွေ အများကြီးကို ဆုံးရှုံးနေကြရတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်ကတော့ ဆုံးဖြတ်ချက်ချရမယ့် လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ရာထူးနေရာမှာ အမျိုးသမီး တွေ ရှိနေမယ်ဆိုရင် အနည်းဆုံးတော့ အမျိုးသမီးလူမှုအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ လွယ်ကူ ချောမောပြီး မျှတမှန်ကန်မှုလည်း ပို ရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍထဲမှာ အမျိုးသမီးတွေအပေါ် ထင်ရှားတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကိုပြောရရင် အခြေခံပညာအထက်တန်း အောင်တာချင်းအတူတူမှာ ဆေးတက္ကသိုလ်လို စက်မှုတက္ကသိုလ်လို သက်မွေး ဝမ်းကျောင်း တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အမှတ်စာရင်းမှာ အမျိုးသမီးတွေကို အမှတ်အများကြီး ပို မြင့်မှ ဝင်ခွင့် ရနိုင်တာမျိုးမှာ တွေ့နိုင်ပါတယ်။ အဲလို ခွဲခြားသတ်မှတ်ထားရခြင်းအတွက် အကြောင်းပြချက်လည်း မတွေ့ရပါဘူး။

မြင်လွယ် သိလွယ်တဲ့ ပညာရေးကဏ္ဍထဲက နောက်ထပ်ဥပမာတခု ပြောပြရရင် တက္ကသိုလ်တွေရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေးရာထူးဖြစ်တဲ့ ပါမောက္ခချုပ်ရာထူးကို ခုချိန်ထိ ဆရာမကြီးတွေ တယောက်မှ မရသေးပါဘူး။ ဒါဟာ သတ်မှတ်ချက်နဲ့ မညီလို့ မခန့်အပ်တာမျိုးမဟုတ်ဘဲ အကြောင်းပြချက် မရှိဘဲနဲ့ အလိုအလျောက် သတ်မှတ်ပြီး သား ဖြစ်နေတာမျိုးပါ။ ဒါကြောင့်ပဲ ခု ကမ္ဘာာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ပညာရေးမူဝါဒထဲက အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီး ပေးရမယ်.. ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံမှာ အထူးလိုအပ်တဲ့ ချမှတ်သင့်တဲ့ မူပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။

အမျိုးသမီးတွေဟာ အပင်ပမ်းခံ အနစ်နာခံနိုင်တဲ့ အရည်အသွေးတွေအပြင် ဦးဆောင်နိုင်တဲ့ အရည်အချင်း တွေလည်း အပြည့်ရှိကြပါတယ်။ အမျိုးသမီးတွေဟာ သားသမီးကို အနီးကပ်ဆုံး တာဝန်ယူ စောင့်ရှောက်ကြရသူ တွေလည်း ဖြစ်ပြီးတော့ အိမ်ထောင်တခုလုံးကို တာဝန်ယူ ကွပ်ကဲစီမံနေတာတွေက အထင်ရှားဆုံး သက်သေပါပဲ။ ဒါကြောင့်မို့ အမျိုးသမီးတွေဟာ ထိန်းသိမ်းအုပ်ချုပ်ရေးနဲ့ ကျင့်သားရ ကျွမ်းဝင်သူတွေအဖြစ် ကိုယ့်အလုပ်အပေါ် တာဝန်ယူနိုင်တဲ့ အရည်အသွေး ရှိသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် အနစ်နာခံ အပင်ပမ်းခံ ဦးဆောင်ပြီးတော့ လုပ်ကြရတဲ့ ကျောင်းဆရာအလုပ်နဲ့ သူနာပြု အလုပ်တွေမှာ အမျိုးသမီးတွေကို အများဆုံးတွေ့ရသလိုပဲ တံတားဆောက် လမ်းဖောက်စတဲ့ လုပ်ငန်းခွင် တွေမှာလည်း အမျိုးသမီးအင်ဂျင်နီယာ တွေဟာ အမျိုးသားတွေနဲ့ တန်းတူ တာဝန်ယူနေကြတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သက်မွေးဝမ်းကျောင်းပညာရပ်တွေမှာ အမျိုးသမီးတွေရဲ့ အရည်အချင်းနဲ့ အရေအတွက်ကို ကန့်သတ်ထားတာ ဟာ မရှိသင့်တဲ့ ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ရေမြေချင်းထိစပ်နေပြီး ယဉ်ကျေးမှုချင်းလည်း နီးစပ်လှတဲ့ ထိုင်းနိုင်ငံမှာတော့ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေးတွေ၊ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေမှာ ခွဲခြားကန့်သတ်မှု မရှိတာ တွေ့ရပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍမှာဆိုရင် မြန်မာနိုင်ငံမှာ ခွဲခြားသတ်မှတ်ထားသလို ခွဲခြားမှုမျိုး လုံးဝ မရှိပါဘူး။ အခြေခံပညာရေး အောင်မြင်ပြီး တက္ကသိုလ်ပညာသင်ဖို့ ဘာသာရပ်လျှောက်ထားတဲ့နေရာမှာ ဘာသာရပ် အားလုံးရဲ့ အမှတ်ပေါင်း၊ ပျမ်းမျှအမှတ်နဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေမှာ ရခဲ့တဲ့ အမှတ်တွေပေါ် မူတည်ပြီး ဘာသာရပ်အလိုက် ဝင်ခွင့်ကို အမျိုးသမီး အမျိုးသား တန်းတူ ဆုံးဖြတ်ပါတယ်။

မြန်မာနိုင်ငံမှာလို အမျိုးသမီးတွေရဲ့ ရမှတ်နဲ့အဆင့်ကို အမျိုးသားတွေနဲ့ မတူဘဲ ခွဲခြား သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ အမျိုးသမီးတွေဟာ သူတို့သင်ယူချင်တဲ့ ဘာသာရပ်ကို သူတို့ရထားတဲ့ အမှတ်အဆင့်အရ မီရင် သူတို့ ဝါသနာ အလိုက် စိတ်ကြိုက် ရွေးချယ် သင်ယူနိုင်ပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ ပျော်ရွှင် တက်ကြွပြီး ပညာလိုလားတဲ့ ကျောင်းသူတွေကို တွေ့နေရတာ ဖြစ်ပါတယ်။ အဲဒီအခါ တက္ကသိုလ်ပညာရေးပြီးဆုံးလို့ အလုပ်ခွင်ဝင်တဲ့အခါမှာလည်း အမျိုးသမီး တွေဟာ သတ်မှတ် အရည်အသွေးပြည့်မီပြီးဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိကြတဲ့အတွက် လုပ်ငန်းခွင်မှာလည်း အောင်မြင်ကြတာ တွေ့ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အားသာချက် တခုလည်း ဖြစ်ပါတယ်။

အခြေခံအကျဆုံးအချက်ကို ပြောမယ်ဆိုရင်တောင် အမျိုးသမီး ဆိုတာဟာ သဘာဝအရ မိခင်လောင်းတွေ ဖြစ်ပါတယ်။ အပေါ်ပိုင်းမှာ ဆွေးနွေးခဲ့သလိုပဲ မိခင်တွေဟာ သားသမီးတွေရဲ့ အနီးဆုံးမှာ နေရတဲ့သူတွေဖြစ်တာမို့ သားသမီးတွေ အတုယူရတဲ့ စံပြပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း တွေဖြစ်တဲ့ ကလေးတွေ လူငယ်တွေအတွက် အနီးဆုံး စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အမျိုးသမီးတွေ အရည်အချင်းရှိမှ အရည်အသွေးမြင့်မှ ကလေးတွေ လူငယ်တွေဟာလည်း အရည်အချင်းရှိလာ အရည်အသွေးမြင့်လာမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပင်ကိုရှိပြီးသား အရည်အချင်းတွေကို ထုတ်ဖော်အသုံးချနိုင်တဲ့ အခွင့်အလမ်း ရှိမှပဲ သူတို့ရဲ့ အရည်အသွေးတွေကလည်း တိုးတက် တောက်ပြောင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာာ့နိုင်ငံအသီးသီးမှာ အမျိုးသမီးတွေက တန်းတူ အခွင့်အရေးရဖို့ တောင်းဆိုတိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ် ကန့်သတ်ထားတဲ့ ပညာရေးစနစ်နဲ့ အခွင့်အလမ်းတွေကို ပြောင်းလဲ သင့်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အမျိုးသမီးအများစုဟာ နေရာစုံ ကဏ္ဍစုံမှာ ဦးဆောင် ပါဝင် လှုပ်ရှား နေကြတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို အလွယ်တကူနဲ့ အခွင့်အလမ်းယူလို့မရအောင် ကန့်သတ် သတ်မှတ် ထားတာမျိုးတွေကလည်း ရှိနေတုန်းပါပဲ။ ဒါကြောင့် ခုလို နိုင်ငံကို အဘက်ဘက်က တိုးတက်အောင် ပြန်လည် ထူထောင်နေရတဲ့အချိန်အခါမျိုးမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ အခွင့်အလမ်း ကောင်းကောင်း ရဖို့ လိုနေပါတယ်။ အခွင့်အလမ်းတွေရှိမှလည်း အမျိုးသမီးတွေရဲ့ ကြိုးစား အားထုတ်လိုမှု ကလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒါကို Building Knowledge Economies စာတမ်းက ထည့်သွင်း ထောက်ပြထားတာဖြစ်တဲ့အတွက် နည်းနာယူသင့်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

Building Knowledge Economies စာတမ်း

နိုင်ငံတနိုင်ငံရဲ့ ပညာရေးစနစ်အတွက် စီမံချက်တွေ မူဝါဒတွေကို ချမှတ်တော့မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေ.. ကလေးလူငယ်တွေရဲ့ လိုအပ်ချက်တွေ။ ခေတ်နဲ့ လိုက်လျောညီထွေရှိတဲ့ နည်းပညာ လိုအပ်ချက်တွေ.. လူမှုအဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက် တွေနဲ့ သဘာ၀၀န်းကျင်အလိုက် လိုအပ်ချက်တွေ အပေါ်မှာ တည်မှီပြီး စဉ်းစားရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ မူဝါဒတွေ စီမံချက်တွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ချမှတ်ရမယ့် မူဝါဒတွေ စီမံချက်တွေကတော့ တူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ သုံးစွဲတဲ့ ပညာရေးစနစ်တွေကိုတော့ နည်းနာယူပြီး ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာ နိုင်ငံရဲ့ သဘာဝဘေးဒဏ်ကနေ ပြန်လည်ထူထောင်နေတဲ့ လက်ရှိကာလမျိုးမှာ စဉ်းစားဖို့ လိုအပ်လှပါ တယ်၊

ဒီနေရာမှာ ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့က ၂၀၀၇ ခုနှစ်မှာ Building Knowledge Economies ဆိုတဲ့ စာတမ်းတစောင် ထုတ်ဝေပါတယ်၊ အဲဒီ စာတမ်းထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ချမှတ်သင့်တဲ့ ပညာရေး မူဝါဒတွေကို ရေးဆွဲ တင်ပြထားတာ တွေ့ရပါတယ်၊ အဲလို ရေးဆွဲရာမှာ မူလတန်းပညာရေး။ အလယ်တန်းနဲ့ အထက်တန်း ပညာရေး။ တက္ကသိုလ်ပညာရေးတွေသာမက တသက်တာလုံး သင်ယူသွားနိုင်တဲ့ စဉ်ဆက်မပြတ် ပညာရေးအထိ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်၊ အဲဒီ မူဝါဒတွေကို အသေးစိတ် ဆွေးနွေး တင်ပြ သွားပါ့မယ်၊ ဒီတပတ်မှာတော့ မူလတန်းအဆင့်အတွက် ချမှတ်သင့်တယ်လို့ ဖော်ပြထားတဲ့ မူဝါဒတွေကို ဆွေးနွေးပါ့မယ်၊

အဲဒီစာတမ်းအရ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး ချမှတ်သင့်တဲ့ မူဝါဒတွေအဖြစ်
- လူတိုင်းအတွက် ပညာရေးစီမံချက်တွေမှာ အာရုံစိုက်ရမယ်
- ကျောင်းအပ်နှုန်းတိုးမြင့်လာစေဖို့ ဆောင်ရွက်ရမယ်
- အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေး ရမယ်
- ကျောင်းသူကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက် ဆောင်ရွက်ရမယ်
ဆိုတာတွေကို တွေ့ရပါတယ်၊

အဲဒီမူဝါဒတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ ပညာရေးစနစ်တခုကို ရေးဆွဲချမှတ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်၊ များသောအားဖြင့်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ပညာရေးစနစ်နဲ့ တိုက်ရိုက် ဆက်စပ် ပတ်သက်နေတဲ့ ပြဿနာတွေကို ရင်ဆိုင်နေကြရတာပါ၊ ပညာတတ်တွေ နည်းပါးတာ။ ပညာရေးမူဝါဒတွေက လက်တွေ့ဘ၀ အတွက် ထိရောက်မှုမရှိတာ။ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်တွေက နိုင်ငံရဲ့ လက်ရှိလိုအပ်ချက်တွေနဲ့ မကိုက်ညီတာ သိပံ္ပနဲ့နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးဖို့ အားနည်းနေတ္ဖာ စတဲ့ ပြဿနာတွေဖြစ်ပါတယ်၊ ဒါ့ကြောင့်ပဲ Building Knowledge Economies စာတမ်းက အကြံပြု ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ နည်းနာအဖြစ်ယူပြီး အကောင်အထည်ဖော်သင့်တဲ့ မူတွေပဲ ဖြစ်ပါ တယ်၊

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ချိန်ထိုးစဉ်းစားမယ်ဆိုရင်လည်း Building Knowledge Economies စာတမ်း က အကြံပြုချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ အတန်းဆင့် တိုင်းမှာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်၊ ဒီနေရာမှာ အတန်းဆင့်အလိုက် အသေးစိပ် သုံးသပ်ဆွေးနွေးသွားပါ့မယ်၊

Building Knowledge Economies စာတမ်းအရ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး ချမှတ်သင့်တဲ့ မူဝါဒတွေထဲမှာ - လူတိုင်းအတွက် ပညာရေးစီမံချက်တွေမှာ အာရုံစိုက်ရမယ်… ဆိုတာဟာ လက်ရှိ မြန်မာနိုင်ငံမှာ လူတိုင်းအတွက် ပညာရေးစီမံချက် (Education for All) နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ ဒါကြောင့်ပဲ ကျောင်းချိန်အတွင်းမှာ ကျောင်းမတက်နိုင်လို့ လမ်းပေါ်မှာ လေလွင့်နေတဲ့ ကလေးတွေ.. အလုပ်ခွင်ထဲက ကလေးအလုပ်သမားတွေကို အများကြီး တွေ့နေရတာ ဖြစ်ပါတယ်၊ ဒါကြောင့် Building Knowledge Economies စာတမ်းအရ လူတိုင်းအတွက် ပညာရေး စီမံချက်တွေမှာ အာရုံစိုက်ရမယ်… ဆိုတာဟာ လိုက်နာချမှတ်သင့်တဲ့ မူဝါဒတချက်ပဲ ဖြစ်ပါတယ်၊

အဲသလိုပဲ - ကျောင်းအပ်နှုန်းတိုးမြင့်လာစေဖို့ ဆောင်ရွက်ရန် ဆိုတာကလည်း တသဘောတည်းပဲ ဖြစ်ပါတယ်၊ ကလေးတိုင်းကျောင်းနေနိုင်အောင် အာဏာပိုင်အစိုးရတွေက အားစိုက် ခွန်စိုက်နဲ့ စနစ်တကျ စီစဉ် ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်၊ ဒါဟာလည်း မြန်မာနိုင်ငံအနေနဲ့ ချမှတ်ရမယ့် မူဝါဒပဲ ဖြစ်ပါတယ်၊

နောက်တချက်ဖြစ်တဲ့- အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာ အောင် ဖန်တီးပေးရမယ်… ဆိုတာမှာလည်း များသောအားဖြင့် ကမ္ဘာ့နိုင်ငံ အတော်များများမှာ ခုချိန်ထိ သမီး မိန်းကလေးတွေ ပညာတတ်ဖို့ မလိုဘူး သားယောက်ျားလေးသာ ပညာတတ်ဖို့လိုတယ်ဆိုတဲ့ ဓလေ့ထုံးစံ အစဉ်အလာ အယူအဆတွေ လွှမ်းမိုးနေတဲ့ အတွက် အမျိုးသမီးတွေ ပညာတတ်နှုန်းက အမျိုးသားတွေ ပညာတတ်နှုန်းထက် လျော့နည်း နေခဲ့ပါတယ်၊ ဒါကြောင့် အမျိုးသမီးတွေ အလုပ်အကိုင် ကောင်းကောင်းရရှိဖို့ အခွင့်အလမ်းလည်း နည်းပါးနေခဲ့ရပါတယ်၊ ဒါကို Building Knowledge Economies စာတမ်းက အလေးအနက် ထောက်ပြ ထားတာပါ၊ အဲဒီ ပြဿနာဟာ မြန်မာနိုင်ငံမှာလည်း ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်နေပါတယ်၊ အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးဖို့ ဘာကြောင့် အရေးတကြီးလိုအပ်သလဲဆိုတဲ့ အချက်ကို နောက်ပိုင်းမှာ အသေးစိတ် ဆွေးနွေးပါ့မယ်၊

Building Knowledge Economies စာတမ်းက ဖော်ပြထားတဲ့ မူလတန်းပညာရေးအတွက် နောက်ဆုံး ချမှတ်သင့်တဲ့ မူဝါဒကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက် ဆောင်ရွက်ရမယ် ဆိုတာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံ အတွက် အလိုအပ်ဆုံးဖြစ်ပြီး လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံး မူဝါဒပါပဲ၊ မြန်မာနိုင်ငံ မှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်ကစပြီး ကျင့်သုံးတဲ့ အလိုအလျောက် အတန်းတင်စနစ် စံလွဲနေတဲ့ ကျောင်းသားအများစုဟာ မူလတန်းကနေ အလယ်တန်းရောက်တဲ့အထိ အရည်အသွေးမပြည့်မီဘဲ အတန်းတက် ကုန်ကြပြီးတော့ အခြေခံမခိုင်ခဲ့တာကြောင့်မို့လို့ အထက်တန်းရောက်တဲ့အခါမှာ စာမလိုက်နိုင်ကြတော့ပါဘူး။ အဲဒီအခါမှာ ကျောင်းသား ကျောင်းသူ တော်တော်များများမှာ စာမေးပွဲတွေ အကြိမ်ကြိမ်ကျတာ…။ ကျောင်းစာ မလိုက်နိုင်လို့ စိတ်ဓာတ်ကျတဲ့ ခံစားမှုတွေ ဖြစ်ကြရတာတွေ ရှိလာပါတယ်၊ အဲဒီပြ၏နာကို ဖြေရှင်းတဲ့အနေနဲ့ အာဏာပိုင်တွေက စာမေးပွဲမှာ အောင်မှတ် သတ်မှတ်ချက်တွေကို လျှော့ချပေးပြီး ဖြေရှင်းတာမို့ အရည်အသွေးမပြည့်တဲ့ လူငယ်တွေ မွေးထုတ်ပေးသလို ဖြစ်နေခဲ့ပါတယ်၊

ဒါကြောင့် Building Knowledge Economies စာတမ်းက ဖော်ပြထားတဲ့ မူလတန်းပညာရေးမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ဆောင်ရွက်ရမယ်ဆိုတာဟာ မြန်မာနိုင်ငံမှာ အရေးတကြီး ချမှတ် ဆောင်ရွက် ရမယ့် ပညာရေးမူဝါဒပဲ ဖြစ်ပါတယ်၊

ခုလို ပညာရေးကဏ္ဍမှာ ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ် ဖွံ့ဖြိုး တိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ Building Knowledge Economies စာတမ်းက အကြံပြု ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ လိုက်နာချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သင်တဲ့ စီမံကိန်းတွေပဲ ဖြစ်ပါတယ်…။



Tuesday, March 10, 2009

နာဂစ်အလွန် ပညာရေးပြဿနာ(၄)

မြန်မာစစ်အစိုးရဟာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဓါတ်ငွေ့ကနေ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅၉၄ ဘီလီယံ ရခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျောက်မျက် တူးဖော်ရေးနဲ့ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း ရောင်းချရာကနေလည်း ဒီ ၂၀၀၇-၂၀၀၈ မှာ ၀င်ငွေ အများဆုံး ရခဲ့ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ ၀င်ငွေ ဖြစ်တာမို့ ပြည်သူလူထုရဲ့ ၀င်ငွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ မြန်မာပြည်သူလူထု အများစုကြီးဟာ အခြေအနေတိုင်းမှာ ဆင်းရဲချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်တွေမှာ အဘက်ဘက်က ယိုယွင်း ကျဆင်းနေရတာရဲ့ အဓိက အကြောင်းအရင်းက နိုင်ငံ သံယံဇာတ ဆင်းရဲမှုကြောင့် မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုကြောင့်သာဖြစ်တယ်ဆိုတဲ့အချက်ကို ထင်ရှားစေတဲ့ သက်သေတခု ပါပဲ။ Justify Full
အထူးသဖြင့်တော့ စစ်အစိုးရက ပြည်သူလူထုကို လျစ်လျူရှုထားတာနဲ့ ပတ်သက်ပြီး ပြောရရင် နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲဘေးဒုက္ခတွေကို ခုထိတိုင် အလူးအလဲခံနေရတဲ့ ပြည်သူလူထုကြီးဟာလည်း ထင်ရှားတဲ့ သက်သေပဲ ဖြစ်ပါတယ်၊ ပိုဆိုးတာကတော့ အဲဒီဒေသကြီးမှာ နေထိုင်တဲ့ လယ်လုပ်ငန်းကျွမ်းကျင်သူတွေ။ ရေလုပ်ငန်း ကျွမ်းကျင်သူတွေ ဆုံးပါးသွားကြရတဲ့အပြင် အင်မတန်အရေးကြီးတဲ့ လုပ်ငန်းပြန်လည် ထူထောင်ရေးကို တာဝန်ရှိတဲ့ အာဏာပိုင်တွေက တာဝန်မယူတဲ့အတွက် အဲဒီလုပ်ငန်းတွေကို ပြန်မလုပ် နိုင်သေးတာပဲ ဖြစ်ပါတယ်၊ အဲဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အဲဒီဒေသမှာ အသက်ရှင် ကျန်ရစ်သူတွေဟာ အလုပ်မလုပ်နိုင်တဲ့အတွက် ၀င်ငွေမရှိတာကြောင့် စိတ်ဓါတ် ပြန်လည်ထူထောင်ရေးတွေ။ မိသားစုဘ၀ပြန်လည်ထူထောင်ရေးတွေကို မလုပ်နိုင်ကြတော့တာပါပဲ၊ အဲဒီဆိုးကျိုးတွေဟာ ကလေးငယ်တွေ အပေါ် တိုက်ရိုက်သက်ရောက်ပါတယ်၊

နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကလေးတွေခမျာ ကလေးသဘာဝအရ ပျော်ပျော်ရွှင်ရွှင် ကုန်လွန်ရမယ့် အချိန်မှာ သဘာဝဘေးဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့အပြင် ကြောက်လန့် စရာ အဖြစ်ဆိုး နဲ့အတူ အငတ်ဘေးကိုပါ ရင်ဆိုင်နေ ကြ ရတာဟာ သိပ်စိုးရိမ်စရာကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်၊ အဲဒီလို အထူးဂရုစိုက်ရမယ့် အခြေအနေမျိုးမှာမှ သူတို့ကို ပြုစုစောင့်ရှောက်မယ့် မိဘဆွေမျိုးတွေကပါ အတိဒုက္ခရောက်နေရတဲ့အခါ ကလေးတွေဟာ အားကိုးရာမဲ့တဲ့ ခံစားချက်ကိုပါ ထပ်ဆင့် ခံစားကြရပါတယ်၊ စိတ်ပညာရှင်အများစုရဲ့ လေ့လာ တွေ့ရှိချက်တွေအရပြောရင် သဘာဝဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ အပြင် မိစံဖစုံလည်း မရှိတော့တဲ့ ကလေးတွေကို နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင် တွေနဲ့ အထူးဂရုတစိုက် ကြပ်မတ် စောင့်ရှောက်ပေးဖို့ လိုပါတယ်၊

ကလေးတွေဟာ မိစုံ ဘစုံနဲ့ ကြီးပြင်းရပြီး အစာရေစာ ၀လင်အောင် စားသောက်ရတဲ့အပြင် ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံနဲ့ နေထိုင်ရဖို့ လိုပါတယ်၊ ဒါမှပဲ စိတ်ကျန်းမာပြီး ခွန်အားပြည့်ဝတဲ့ လူတယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်နိုင်မှာပါ၊ ကလေးတွေဟာ နိုင်ငံ တနိုင်ငံရဲ့ အနာဂတ်မျှော်လင့်ချက်တွေပဲ ဖြစ်ပါတယ်၊ ကလေးတွေ ငယ်ဘ၀မှာ အောင်မြင် တဲ့ ဘ၀မျိုးကို ဖြတ်သန်းရခဲ့မှပဲ အောင်မြင်တဲ့အနာဂတ်ရဖို့ဆိုတာကို စိတ်ချရမှာ ဖြစ်ပါတယ်၊ ခု မုန်တိုင်းပြီး နောက်ပိုင်းကာလတွေမှာတော့ ကလေးတသန်းကျော်ရဲ့ ကျောင်းတွေ ဆုံးရှုံး သွားခဲ့ရပါတယ်၊ မိဘမဲ့ကလေး။ မိစုံဘစုံမရှိတော့တဲ့ကလေး သိန်းဂဏန်း သောင်းဂဏန်း ရှိသွားပါတယ်၊ အဲဒီပြဿနာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သိပ်စိုးရိမ်စရာကောင်းတဲ့ အလားအလာကြီးတခုပါပဲ၊

စိတ်ပညာရှင်အများစုရဲ့ လေ့လာသုံးသပ်ချက်တွေအရတော့ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ကလေးတွေဟာ ပုံမှန်ထက်ပိုပြီး စိုးရိမ်စိတ်။ ကြောက်စိတ်။ ၀မ်းနည်းစိတ်။ ရန်လိုစိတ်။ ငတ်မွတ်တောင့်တစိတ်။ အလိုမကျစိတ်။ မိဘဆွေမျိုးဆရာသမားတွေအပေါ် အားကိုး ခင်တွယ်လိုစိတ်တွေ ပြင်းပျတယ်လို့ဆိုပါတယ်၊ အဲဒီအပြင် သူတို့ကြုံတွေ့ခဲ့ရတဲ့ ဘေးဆိုးနဲ့ စပ်လျဉ်းတဲ့ အသံတွေကို နဂိုအခြေနေတုန်းကထက်ပိုပြီး ထိတ်လန့်ကြောက်ရွံ့ နေတတ် ကြပါတယ်၊ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ကလေးတွေဆိုရင် လေသံ မိုးသံ လှိုင်းသံ ရေသံ ဆူညံသံတွေကို အလွန်အမင်း ကြောက်ရွံ့နေနိုင်ပါတယ်။ တကယ်လည်း အဲလို ကြောက်ရွံ့နေကြတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်၊ အဲဒီလို အချိန်မျိုးမှာ ကလေးတွေအတွက် ပြီးပြည့်စုံလုံခြုံတဲ့ စာသင်ခန်းတွေအပြင် စနစ်တကျလေ့ကျင့်ထားတဲ့ ဆရာဆရာမတွေ... ဗဟုသုတရှိတဲ့ မိဘ။ လူကြီးသူမတွေနဲ့ သဘာဝဘေး ကယ်ဆယ်ကူမရေး ကျွမ်းကျင်သူတွေက ကလေးတွေ အနားမှာ စောင့်ရှောက်ပေးနေဖို့ အထူးလိုအပ်ပါတယ်၊

မြန်မာနိုင်ငံက လေဘေးဒုက္ခသည်ကလေးတွေ ကျောင်းနေနိုင်ရေးအတွက် ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကူညီ ဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်၊ ကျောင်းအဆောက်အဦးနဲ့ စာအုပ်စာတမ်းတွေ ပံ့ပိုးပေး နေတယ်လို့ သိရပါတယ်၊ UNICEF ရဲ့ နိုင်ငံတကာပညာရေးဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ မစ္စတာကရင်ရိုက် က ကလေးတွေအနေနဲ့ ပုံမှန်ဘ၀ကို ပြန်လည် ဦးတည်နိုင်ဖို့အတွက် ပညာရေးက သိပ်အရေးကြီးတယ်လို့ ပြောပါတယ်၊ ဒီနေရာမှာ ကလေးတွေအတွက် ထိရောက်ကောင်းမွန်တဲ့ ပညာရေးမျိုးကို အမှန်တကယ် ပေးနိုင်ဖို့ လိုတယ်ဆိုတာကိုလည်း ကူညီပံ့ပိုးနေတဲ့သူတွေက ဂရုစိုက်ဖို့ အရေးကြီးပါတယ်၊ အထူးသဖြင့် နိုင်ငံတကာက ပေးတဲ့အကူအညီတွေကိုရဖို့ ခဏသာ ဗန်းပြကူညီပေးပြီး နောက်ကွယ်မှာ လူထုဆီက မတရားခေါင်းပုံဖြတ်နေတဲ့ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အကူအညီမျိုးက အမှန်တကယ် ထိရောက်မှုရှိရဲ့လားဆိုတာကိုပါ ဆန်းစစ်နေဖို့ လိုပါတယ်၊

ခုဆိုရင် မုန်တိုင်းသင့်ဒေသတွေက ကလေးအများစုဟာ အမိုးအကာမဲ့တဲ့ ကျောင်းတွေမှာ လေဒဏ် မိုးဒဏ် နေပူဒဏ်ကို ခံပြီး ပညာသင်နေကြရပါတယ်၊ အဲဒီအပြင် အစာရေစာ ၀လင်အောင် မစားကြရ။ နွေးထွေးတဲ့ မိသားစုဘ၀ကိုလည်း မခံစားကြရ။ အေးချမ်းလုံခြုံတဲ့ ကလေးဘ၀ကိုလည်း မရကြရဘဲ ရှိနေကြပါတယ်၊ စာသင်ခန်းထဲမှာ သင်ကြားပေး နေတဲ့ ဆရာဆရာမတွေဟာလည်း သူတို့ရဲ့ တပည့်ကလေးတွေနဲ့ ထပ်တူ ပူလောင် သောကတွေ။ ဆင်းရဲဒုက္ခတွေကို ခံစားနေကြရပါတယ်၊ အဲဒီအပြင် ဆရာဆရာမတွေဟာ စိတ်ထိခိုက် ဒဏ်ရာရနေကြတဲ့ ကလေးတွေကို စနစ်တကျ သွန်သင် ထိန်းသိမ်း စောင့်ရှောက်ပေးဖို့။ သင်ခန်းစာတွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲပေးဖို့။ ကလေးတွေအတွက် တကယ် လိုအပ်တဲ့ အတန်းတွင်း စုပေါင်း လှုပ်ရှားမှု တွေ စီစစ်ပေးဖို့ဆိုတာတွေမှာ အများကြီး အခက်အခဲ ကြုံကြရပါတယ်၊

အထူးသဖြင့် ပုံမှန်အခြေနေမဟုတ်တဲ့ ကလေးတွေဆီက တုံ့ပြန်မှုတွေ။ မေးလာမယ့် မေးခွန်းတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေ့နိုင်ပါတယ်၊ ပိုပြီး စိုးရိမ်ပူပန်စရာ ကောင်းတာက ကလေးတွေဆီကို ရောက်လာနိုင်တဲ့ အကြမ်းဖက်မှုတွေ။ လူကုန်ကူး ခံရနိုင်တဲ့ပြဿနာတွေ။ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက် ခံရမှုတွေကိုပါ ဆရာဆရာမတွေကသာ တာဝန်ယူကာကွယ်ပေးကြရမှာမို့လို့ ကိုယ်တိုင် သဘာဝဘေးဒဏ် ခံထားရပြီး အစိုးရရဲ့ ကူညီပံ့ပိုးမှုကို လုံးဝမရကြတဲ့ ဆရာဆရာမတွေအဖို့ စိတ်ဖိစီးလေးလံမှုကို ပြင်းပြင်းထန်ထန် ခံစားကြရမှာ ဖြစ်ပါတယ်၊ ဒီတော့ UNICEF အနေနဲ့ ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ရေးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကူညီပံ့ပိုးနေရာမှာ အဲဒီ တကယ့် လိုအပ်ချက်တွေကိုရော ထည့်သွင်းစဉ်းစားရဲ့လား ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရော ရနေရဲ့လား ဆိုတာတွေဟာ ခုချိန်မှာ အရေးတကြီး မေးရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ် ။

(၁၆။၆။၂၀၀၈)

Sunday, May 11, 2008

ပညာရေးနဲ့ သဘာဝဘေး

မြန်မာနိုင်ငံရဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေမှာ ဘယ်တုန်းကမှ မျော်လင့်မထားခဲ့တဲ့ သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတာမို့ ခုဆိုရင် ပြန်လည်ထူထောင်ရေး အတွက် ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်သူတွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ တကိုယ်ရည်ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ နည်းပါးခဲ့ကြရတာမို့ ခုလို အချိန်အခါမျိုးမှာ ပိုပြီး ဒုက္ခရောက်ကြရတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံက ပြည်သူလူထုအများစုဟာ ပညာရေးစနစ်က ဘ၀ရပ်တည်ရေး အသက်မွေးဝမ်းကျောင်းဖို့ အတွက် လုံလောက်တဲ့ အာမခံချက်မရှိတဲ့အပြင် စီးပွားရေးကျပ်တည်းမှုတွေ ကြောင့် ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရကြတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံက ပညာရေးဟာ တကယ့်လက်တွေ့ဘ၀အတွက် အသုံးဝင်တဲ့ ပညာရပ်တွေ ဗဟုသုတတွေ မပါတာကြောင့်လည်း ပြည်သူလူထု ဟာ လက်တွေ့ဘ၀ထဲမှာ မကြုံသင့်တဲ့ အခက်အခဲတွေ.. ပြဿနာတွေ.. အဆုံးရှုံးတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် ခုရင်ဆိုင်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းပြဿနာမှာ မုန်တိုင်းလာနိုင်တယ် ဆိုတာကို ကြိုသိပေမဲ့ မုန်တိုင်းက ဘယ်လောက်ပြင်းထန်မလဲ.. မုန်တိုင်းကို ဘယ်လို ရင်ဆိုင်ရမလဲ.. မုန်တိုင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေအတွက် ဘာတွေပြင်ဆင် ထားရမလဲ.. ဆိုတာတွေကို မသိကြလို့ ပိုပြီး ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ကြရတာလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဒီနေရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို လိုက်ပြီး ပညာပေးတာတွေ သတိပေး တာတွေလုပ်ရမှာက နိုင်ငံအုပ်ချုပ်သူတွေရဲ့ တာဝန်ပါ။

တကယ်ကတော့ နိုင်ငံတကာကျောင်းပညာရေးတွေထဲမှာက သူတို့နိုင်ငံတွေရဲ့ ရာသီသဘာဝ ပထ၀ီဝင် ရေမြေအနေအထားနဲ့ လိုအပ်ချက်တွေအလိုက် ကျောင်းသားတွေအတွက် သိသင့်သိထိုက်တဲ့ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတတွေ၊ သဘာ၀၀န်းကျင်ဆိုင်ရာ ဗဟုသုတတွေ၊ ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်အကြောင်း တွေနဲ့ ကာကွယ်ပုံ ရင်ဆိုင်ပုံတွေကို ပြဌာန်းသင်ကြားပေးထားတာပါ၊ ဥပမာ- မြစ်နား ချောင်းနား ပင်လယ်နား နီးဒေသတွေမှာ နေတဲ့သူတွေအတွက် ကျန်းမာရေးအရလိုအပ်ချက်တွေက ဘာလဲ.. အဲဒီ လိုအပ်ချက်အရ ဘယ်လိုအစားအစာတွေကို စားမလဲ.. ဘယ်လိုနေထိုင်မလဲဆိုတာတွေ၊ တကယ်လို့ တောင်တန်းဒေသမှာ နေတဲ့သူတွေဆိုရင်လည်း အဲဒီ တောင်တန်းဒေသ၀န်းကျင်အရ လိုအပ်ချက်တွေကို အတန်းအလိုက် သင်ခန်းစာတွေအဖြစ် ပြဌာန်းသင်ကြား ပေးတာမျိုးပါ။ အဲဒီအပြင် ကလေးတိုင်းအတွက် လိုအပ်ချက်အဖြစ် ရေကူးတတ်အောင် သင်ရတာမျိုးတွေ၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းတခုခု သင်ရတာမျိုးတွေ၊ အများဆုံး စားသောက်နေရတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ကယ်လိုရီနဲ့ ဓါတ်သဘာဝ အကြောင်းတွေ၊ အခြေခံ သူနာပြုစုနည်းသင်ရတာမျိုးတွေလည်း ရှိပါတယ်။

တကယ်တော့လည်း ပညာရေးဆိုတာကိုက စာသင်သားတွေ လက်တွေ့ဘ၀ထဲမှာ အသုံးချနိုင်တဲ့ ပညာရပ်မျိုးတွေကိုသာ ပေးရမှာပါ။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပညာရေးပညာရှင် K.G. Sai Yi Dain က "ပညာရေးဆိုတာဟာ ဒီမိုကရေစီလူမှုဘ၀အတွက် လိုအပ်တဲ့ အရည်အသွေးတွေကို စာသင်သားတွေရနိုင်စေဖို့ ပြင်ဆင်ရေးဆွဲထားတာပဲ ဖြစ်ရမယ်"လို့ ပြောခဲ့တာလည်း ရှိပါတယ်။

ခု မြန်မာနိုင်ငံမှာကတော့ အဲသလို ဘ၀တသက်တာလုံးအတွက် ရည်ရွယ်တဲ့ ပညာရေးမျိုးမှာ တကယ်အသုံးဝင် စနစ်ကျတဲ့ သင်ခန်းစာတွေ မပါဝင်ရုံသာ မကတော့ပါဘူး။ လက်ရှိ အချိန်အခါမှာ ပြည်သူလူထုအတွက် တကယ်အရေးတကြီး လိုအပ် လာတဲ့ ပညာ ပေးဖို့ကို တောင် အာဏာပိုင်တွေဘက်က တာဝန်မကျေခဲ့ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်သူလူထု အများစုက ပညာဗဟုသုတအရာမှာ အားနည်းကြတဲ့အတွက် လိုအပ်တဲ့ ပညာပေးမှုတွေကို အစိုးရပိုင်းက သေချာလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ၀င်ရောက်နိုင်တယ် ဆိုတာကို ကြိုတင်သတိပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက ပြောပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာက မုန်တိုင်းက အားမကြီးလှဘဲ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမယ်၊ လေတိုက်နှုန်းက တနာရီမိုင်၄၀-၄၅မိုင်လောက်ပဲ ရှိမယ်ဆိုတာ လောက်ပဲ ကြေငြာထားခဲ့တာပါ။

တကယ်တော့ ဒီနေရာမှာ မုန်တိုင်းက ဘယ်လောက်အားကြီးမလဲ..၊ ဘယ်လိုနေရာကို အဓိက ၀င်ရောက်နိုင်သလဲ.. မုန်တိုင်းအများဆုံး ထိနိုင်တာ ဘယ်ဒေသလဲ.. မုန်တိုင်းကို ကာကွယ်လို့ မရနိုင်တဲ့အတွက် ရှောင်ရှားဖို့ ဘယ်လိုပြင်ဆင်သင့်သလဲ.. မုန်တိုင်းကျပြီး နောက်ပိုင်းမှာ ဖြစ်တတ်တဲ့ အခက်အခဲပြဿနာတွေက ဘာတွေလဲ.. အဲဒီအခက်အခဲတွေကို ကျော်လွှားဖို့ ဘာတွေ ပြင်ဆင် ထားမလဲ.. ဆိုတာတွေကို ပြည်သူလူထုသိအောင် အချိန်တိုင်းမှာ ပညာပေးလှုံ့ဆော်နေရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရေဒီယို ရုပ်မြင်သံကြားတွေအပြင် နယ်မြေအလိုက် အုပ်ချုပ်သူအာဏာပိုင်တွေက အသီးသီး တာဝန်ယူပြီး အကြိမ်ကြိမ် သတိပေးနေရမှာဖြစ်ပါတယ်။ ခုတော့ မြန်မာပြည်သူလူထုဟာ မုန်တိုင်းဒဏ်ကို ဒီအတိုင်းပဲ ခေါင်းငုံ့ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ မလိုအပ်ဘဲ အသေအပျောက် များခဲ့ရတာလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ ဧရာဝတီတိုင်းဟိုင်းကြီးကျွန်းလို ပင်လယ်ပြင်နဲ့ထိစပ်နေတဲ့အတွက် သေချာပေါက် အန္တရာယ် ရှိနိုင်တဲ့ ဒေသမျိုးတွေမှာဆိုရင် မုန်တိုင်းမလာခင်ကတည်းက မုန်တိုင်းနဲ့ ဝေးနိုင်တဲ့ နေရာဒေသတွေဆီ ရှောင်နေသင့်ပါတယ်။ ပြီးတော့ မုန်တိုင်းထိနိုင်ချေရှိတဲ့ ဒေသတွေမှာ မုန်တိုင်းအပြီးမှာ ကြုံရတတ်တဲ့ သောက်သုံးရေနဲ့ စားသောက်ကုန် ပြဿနာအတွက် ကြိုတင်ပြီး စုဆောင်းထားတာမျိုး လုပ်ရပါမယ်။ အဲဒီအပြင် လိုအပ်နိုင်တဲ့ အ၀တ်အထည်ဆေးဝါးတွေကို ကြိုတင်ရှာဖွေစုဆောင်းထားရပါမယ်။ အဲဒီ လိုအပ်ချက်တွေကို အစိုးရတွေက ပညာပေးလှုံ့ဆော်ထားရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျရောက်လာတဲ့ သဘာဝ ဘေးဒဏ်ကို ရင်ဆိုင်ရတဲ့အခါ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေ၊ နောက်ဆက်တွဲ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကနေ သက်သာရာ ရ နိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ အင်မတန်ကြီးမားတဲ့ ဘေးဥပါဒ်မျိုး ကြုံတွေ့ထားရ ပေမဲ့လည်း လက်ရှိ မြန်မာအာဏာပိုင်တွေကတော့ သူတို့ရဲ့အုပ်ချုပ်မှုကို တရားဝင် အတည်ပြုပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် လူထုဆန္ဒခံယူပွဲကို မေလ၁၀ရက် နေ့မှာ မဖြစ်မနေ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ သူတို့ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေရဲ့ အခြေခံမူများအခန်းမှာတော့ နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရမည်.. လို့ ဖော်ပြထားတာပါပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ ပြည်သူလူထုကို သဘာဝဘေးဒဏ်နဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် အကာအကွယ်မပေးခဲ့တဲ့အပြင် လက်ရှိရင်ဆိုင်နေရပြီဖြစ်တဲ့ မုန်တိုင်း ဒဏ်ရဲ့ နောက်ဆက်တွဲ အခက်အခဲတွေ ဒုက္ခတွေကိုလည်း ခုချိန်ထိ ကူညီဖြေရှင်း မပေးသေးပါဘူး။

ဒါကြောင့်ပဲ အဲသလို ပြည်သူလူထုရဲ့ အသိပညာပေးရေးနဲ့ ကျန်းမာရေးကိစ္စတွေအပေါ် လျစ်လျူရှုထားတဲ့ အစိုးရမျိုးကို တည်မြဲအောင် လုပ်ပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမလား ကန့်ကွက်မလား ဆိုတာဟာ ပြည်သူလူထုကြီးအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် အခြေအနေပဲ ဖြစ်ပါတယ်။

၆၊၅၊၀၈။

Sunday, April 27, 2008

အပြောနဲ့အလုပ်ညီဖို့လိုတဲ့ နအဖရဲ့Constituion

မြန်မာနိုင်ငံကို တရားမ၀င် အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း-၂၀၀၈ ထဲက ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မူကြမ်းလေးချက်ကို ပြီးခဲ့တဲ့ အပတ်တွေမှာ ပြောပြခဲ့ပြီးပါပြီ။ အဲဒီအချက်လေးချက်ထဲက အချက်သုံးချက်နဲ့ ပတ်သက် လို့လည်း ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ အချက်လေးချက်ထဲက နောက်ဆုံးတချက်ဖြစ်တဲ့ "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်"... ဆိုတဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ အဲဒီနေရာမှာ အရေးတကြီး ပါဝင်သင့်တာက ရှေ့ပိုင်းအပတ်စဉ်တွေမှာ ပြောခဲ့သလိုပဲ ပညာရေး လွတ်လပ်ခွင့်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ငင်း ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လက်ရှိ အုပ်ချုပ် နေတဲ့ စစ်အစိုးရက သူတို့ရေးဆွဲ ချမှတ်ထားတဲ့ မူကို သူတို့ကိုယ်တိုင်ကတောင် လိုက်နာကျင့်ကြံမှုမရှိတဲ့ ပြဿနာပါ။ အဲဒီအပြင် အာဏာပိုင်တွေကိုယ်တိုင်က ဥပဒေပြင်ပရောက်နေပြီး လိမ်လည်မှုတွေနဲ့ အုပ်ချုပ်နေတဲ့အတွက် အာဏာပိုင်တွေနဲ့ ထိစပ်ပတ်သက်နေရတဲ့ ယန္တယားကြီးတခုလုံးကပါ အမှားအယွင်း တွေ... အကျင့်စာရိတ္တ ထိခိုက်တာတွေ... အများကြီးရှိလာတာပါပဲ။

အဲဒီ အကျင့်စာရိတ္တ ယိုယွင်းထိခိုက်လာတယ်ဆိုတာကို ပညာရေးလောကတခုတည်းမှာ ကြည့်ရင်တောင် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အာဏာပိုင်တွေရဲ့ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် ဆရာဆရာမတွေ အပါအ၀င် ၀န်ထမ်းတိုင်းလိုလိုဟာ သူတို့ရဲ့ စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဂတိ လိုက်စားလာရတာ၊ လာဘ်စားလာတာ၊ အနည်းဆုံးတော့ တရားမ၀င် ကျူရှင်ပြရတာတွေဟာ အကျင့်စာရိတ္တ ထိခိုက်လာစေရတဲ့ အကြောင်းတွေပါ။

အဲဒီအပြင် ကျောင်းသားတွေဘက်ကို ကြည့်ရင်လည်း အထူးသဖြင့် တက္ကသိုလ်ပညာရေးထဲမှာက ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက စပြီး ပညာသင်နှစ်တနှစ်စာကို ခြောက်လပဲ သတ်မှတ်ပြီး သင်ရိုးတွေကိုတော့ လျော့ချမပေးတာမို့ ကျောင်းသားတွေစာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။ အဲဒါကြောင့်ပဲ တက္ကသိုလ်ပညာရေးထဲမှာတောင် ကျူရှင်စနစ်ထွန်းကားလာတာပါ။ အဲဒီကမှတဆင့် စာမေးပွဲမှာ စာခိုးချဖြေတဲ့ ပြဿနာတွေ၊ မေးခွန်းရောင်းတဲ့ ပြဿနာတွေဖြစ်လာရာက ပညာရေးလောကထဲမှာ အကျင့်စာရိတ္တ ထိခိုက်လာတာပါ။ အဲဒီအပြင် စာမေးပွဲကို မရိုးမသားဖြေဆိုတဲ့ ကျောင်းသားတွေကို အရေးမယူရဘူးလို့ ဆရာဆရာမတွေကို တားမြစ်တာမျိုးတွေဟာ အာဏာပိုင်တွေ ကိုယ်တိုင်က အကျင့်စာရိတ္တမကောင်းတဲ့ မျိုးဆက်ကို မွေးထုတ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီအကျင့်စာရိတ္တပြဿနာ ပြေလည် ပပျောက် သွားဖို့ဆိုတာက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့ အာဏာပိုင်အစိုးရရဲ့ အရည်အသွေးနဲ့ စေတနာရှိမှုအပေါ်မှာသာ လုံးလုံးမူတည်နေတာပါ။

ဒါကြောင့် "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်".. ဆိုတဲ့ လက်ရှိ တရားမ၀င် အုပ်ချုပ် နေတဲ့အပြင် သူတို့လက်ထက်မှာ နိုင်ငံကို အဘက်ဘက်က ယိုယွင်းကျဆင်းသွားအောင် လုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အာမခံမှုက အပြောနဲ့အလုပ်မညီတဲ့ စာရွက်ပေါ်က အာမခံမှုသက်သက်သာ ဖြစ်နေပါတယ်။ နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဆိုတာမှာလည်း ကျောင်းသားတွေ ခေတ်မီပညာရေးကို တကယ်ရဖို့အတွက် လွတ်လပ်ပွင့်လင်းတဲ့ လေ့လာမှု၊ တီထွင်ဖန်တီးမှု၊ တွေးခေါ် မြော်မြင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုတွေ လိုပါတယ်။ ဒါမှပဲ တကယ့် မျက်မှောက်ခေတ်ကမ္ဘာနဲ့အညီ လိုက်မီ ရင်ပေါင်တန်းနိုင်တဲ့ အတတ်ပညာမျိုးကို ရနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ ဘက်စုံအတွေးအခေါ်မှန်ကန်ဖို့ဆိုတာဟာ ပညာရေးစနစ်တရပ်ရဲ့ သင်ရိုးညွှန်းတန်း ခေတ်မီလွတ်လပ်ဖို့၊ သင်ကြားရေးစနစ် ခေတ်မီလွတ်လပ်ဖို့၊ ကမ္ဘာ့အဆင့်မီ စာအုပ်စာတန်းတွေ ဖတ်ရှုနိုင်ခွင့်ရဖို့ဆိုတာတွေက အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစစ်အစိုးရရဲ့ လက်ထက်ဖြစ်တဲ့ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကနေစပြီး အကောင်အထည်ဖော်ဖို့ ရေးဆွဲခဲ့တဲ့ 'အမျိုးသားပညာရည်မြင့်မားမှု အထူးလေးနှစ်စီမံကိန်း' မှာဆိုရင် ပညာရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်(၂၁)ခုဆိုပြီး သေသေချာချာ ရေးဆွဲထားခဲ့ပြီး တရားဝင်ကြေငြာထားခဲ့တာပါ။

အဲဒီအချက်တွေထဲမှာဆိုရင်

၁။ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ရိုးညွှန်းတန်းများကို ပြန်လည်သုံးသပ်ပြီး အရှေ့တောင် အာရှရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပညာရည်အဆင့်ထက် မနိမ့်ကျစေရန်ကမ္ဘာ့အဆင့်မီ ဖြစ်ရေးအတွက် ဖြည့်စွက် ရေးသားခြင်း၊ ဘာသာရပ် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ ပေါင်းစပ်ဘာသာရပ်(Multidisciplinary Program) များ သင်ကြားရေး အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း၊

၂။ သင်ရိုးညွှန်းတန်းနှင့်အညီ ပြန်လည်ဆန်းသစ်သည့်စနစ်(Assessment System)ကို နိုင်ငံတကာနည်း စနစ်အတိုင်း ဆောင်ရွက်ခြင်း၊

၃။ သင်ရိုးညွှန်းတန်း၊ သင်နည်းပြနှင့် ပြန်လည်ဆန်းစစ်ခြင်း ကဏ္ဍအသီးသီးသည် လေ့လာသင်ယူသူ၏ ပင်ကိုယ်အရည်အသွေးနှင့် တီထွင်ကြံဆမှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ် တတ်မှု နှင့် ခေတ်မီနည်းပညာများကို ခြုံငုံအသုံးပြုတတ်မှု စသည်တို့ကို အလေးပေးနိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ခြင်း၊ ရင့်ကျက်မှု (Maturity)ကို တည်ဆောက်ပေးမည့်စနစ် ဖြစ်လာစေရန် ဆောင်ရွက်ခြင်း၊ .... ဆိုတဲ့ အချက်မျိုးတွေ အာမခံမှု မျိုး တွေနဲ့ ကမ္ဘာသိ ကြေငြာခဲ့တာပါပဲ။

ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ ကျောင်းသားတွေဟာ သင်ထောက်ကူပစ္စည်း မစုံမလင်နဲ့၊ လက်တွေ့ အသုံးဝင်မှုမရှိတဲ့ ဘာသာရပ်တွေကို ငွေကုန်ကြေးကျ အများကြီးခံ သင်ကြားနေကြရပြီး တကယ်တမ်း တတ်မြောက်မှုလည်း မရှိကြတာကြောင့် လက်တွေ့ အလုပ်ခွင်တွေမှာ အဆင်မပြေဖြစ်နေကြရတဲ့ ဆိုးကျိုးကို ခံစားနေကြရတာဟာ ခုချိန်အထိပါပဲ။ ပညာရေး အခြေနေဟာ နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ တပါတည်း ပိုပြီးတော့တောင် ယိုယွင်း ကျဆင်းလာတယ် လို့ ဆိုရမှာဖြစ်ပါတယ်။

ကိုယ့်နိုင်ငံကို ရေရှည်အုပ်ချုပ်မယ့် အစိုးရကို ပြည်သူလူထုကသာ ရွေးချယ် တင်မြှောက်ခွင့် ရရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ဒီမိုကရေစီနိုင်ငံပီသမှာပါ။ ဒါမှပဲ နိုင်ငံရဲ့ အခြေခံအုတ်မြစ် လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေး စနစ်ကို အကောင်အထည် ဖော်နိုင်မှာပါ။ တကယ်တော့ နိုင်ငံတနိုင်ငံအနေနဲ့ အစိုးရကောင်းတရပ်ကို ရဖို့ဆိုတာဟာ လူထုသဘောကျ ရေးဆွဲပြဌာန်းတဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့ အစိုးရဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို အလေးမထားဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မှသာ ပြည်သူလူထုအနေနဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါမှပဲ နောင်လာနောင်သား မျိုးဆက်သစ်တွေဟာလည်း ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ထိတွေ့သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။

၇၊၄၊၂၀၀၈။

Tuesday, April 22, 2008

တကယ်လိုအပ်တဲ့ ပညာရေးနဲ့ နအဖရဲ့အခြေခံဥပဒေ

နိုင်ငံတနိုင်ငံရဲ့ ပညာရေးကဏ္ဍ တိုးတက်မှုဖြစ်စဉ်ကို ပြောမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ အုပ်ချုပ်သူအစိုးရရဲ့ အခန်းကဏ္ဍအပေါ် အများကြီး မူတည်နေ တာမို့လို့ ဒါတွေကို ထည့်မပြောလို့ မရပါဘူး။ နိုင်ငံရဲ့ ပညာရေးတိုးတက်ဖို့ဆိုတာ အုပ်ချုပ်သူအစိုးရရဲ့ အရည်အသွေးနဲ့ စေတနာအပေါ် အများကြီး မူတည်ပါတယ်။ ဒါဖြင့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအစိုးရမျိုးကို လိုအပ်နေပါသလဲ....။

မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ ဒီမိုကရေစီ ရှာပုံတော်ဆိုတဲ့ စာတမ်းထဲမှာ

ပြည်သူလူထုကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟူသည့် အေးမြသော အရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြ၀ါဒများကို လိုက်နာရမည်ဖြစ်ပါသည်။ ယင်းသြ၀ါဒများထဲတွင် သစ္စာတရားရှိခြင်း၊ တရားဓမ္မ စောင့်စည်းခြင်းနှင့် ကရုဏာထားခြင်းတို့သည် အဓိက ဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများပေါ်တွင် အခြေပြုသောအစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သား တို့က ဒီမိုကရေစီတိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည်။
လို့ ရေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိစစ်အစိုးရဟာ ဗုဒ္ဓဘာသာကို ဗန်းပြပြီး အုပ်ချုပ်တဲ့ အာဏာပိုင်တွေဖြစ်တာမို့ ဗုဒ္ဓဘာသာအဆိုအမိန့်ကို စံပြုကိုးကားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အုပ်ချုပ်သူအစိုးရတွေအနေနဲ့ တရားမျတမှန်ကန်မှုရှိတဲ့သူတွေ ဖြစ်ရမယ် ဆိုတာကတော့ ဘာသာရေးတိုင်းရဲ့ တရားကိုယ်သဘောတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ဖော်ပြပါစံနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ လက်ရှိစစ်အစိုးရဟာ ပြည်သူများက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်မှာကတည်းက တရားမျတ မှုမရှိတဲ့ အချက်နဲ့ ငြိစွန်းနေပြီဖြစ်ပါတယ်။ ပြီးတော့ ပြည်သူလူထုအပေါ် ကရုဏာထားပြီး အကျိုး ရှိရာရှိကြောင်း ကို ဆောင်ရွက်မပေးတာကြောင့်ပဲ ခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကြီးဟာ ဘက်ပေါင်းစုံမှာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ သက်သေပါပဲ။ အဲဒီလို အစိုးရမျိုးဟာ ပြည်သူလူထုရဲ့ ဘ၀တွေကို အေးချမ်းလုံခြုံအောင် လုပ်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။

ဗုဒ္ဓဘာသာကို ကိုးကွယ်ယောင်ပြပြီး သံဃာထုကိုတောင် ဖမ်းဆီးသတ်ဖြတ်တဲ့ အစိုးရမျိုးဟာ သာမန် ပြည်သူ လူထုတွေအတွက် ဘယ်လိုအာမခံချက်မျိုးကိုပဲပေးပေး စိတ်ချ ယုံကြည်စရာ မဟုတ်နိုင်တော့ ပါဘူး။ အဲဒီအပြင် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း၊ ကူညီဖေးမခြင်းမရှိတဲ့အပြင် တရားဥပဒေကို လေးစား လိုက်နာခြင်းလည်းမရှိတဲ့ အဲဒီ အစိုးရ က သူတို့စိတ်ကြိုက်ဖန်တီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို နည်းမျိုးစုံသုံးပြီး အတည်ပြုဖို့ ကြိုးစားနေတာဟာ ခုချိန်မှာတော့ ပြည်သူလူထုကြီးရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးပြဿနာတခုပဲ ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လက်ရှိ အာဏာရှင်စစ်အစိုးရရဲ့ အာဏာတည်မြဲရေးကို အားပေးအတည်ပြုပေးမယ့် ဥပဒေ ဖြစ်နေတာပါပဲ။

ပြီးခဲ့တဲ့ အပတ်စဉ်တွေမှာတုန်းက အခုလာမယ့်မေလမှာ ဆန္ဒခံယူပွဲလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပါတဲ့ ပညာရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဖော်ပြထားတဲ့ အချက်၎ချက်ကို ပြောပြပြီး အချက်၂ချက်ကို ဆွေးနွေး ခဲ့ပြီးပါပြီ။ ဒီတပတ်မှာ နောက်ထပ်အချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောပြချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့်စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ တတိယ အချက်အနေနဲ့ ဖော်ပြထားတာက နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြား စေရန် ပြဌာန်းပေးရမည်... လို့ ပါပါတယ်။

ဒါဟာ မူအရတော့ ပြည့်စုံတဲ့ ပါရှိချက်ပါပဲ။ တကယ်တော့ အခမဲ့ မသင်မနေရ မူလတန်းစနစ် Free Education ဆိုတာက အဆန်းတကြယ်မဟုတ်ပါဘူး။ နိုင်ငံတကာပညာရေးမူတွေမှာ ဆိုရင် မူလတန်းတောင်မဟုတ်ဘဲ အခြေခံပညာအဆင့် အထက်တန်းအထိကို အခမဲ့ ပညာရေးစနစ်ပါ။ နိုင်ငံတကာမှာ မဖြစ်မနေ အကောင် အထည်ဖော်နေတဲ့ ပညာရေးမူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေကတော့ ရေးဆွဲပြဌာန်းတဲ့ မူသာရှိပြီး အဲဒီမူကို သူတို့ကိုယ်တိုင် လက်တွေ့လိုက်နာ အကောင်အထည်ဖော်မှုမျိုး မရှိတာဘဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ အများကြီး ဖြစ်နေတာပါ။

၂၀၀၅-၂၀၀၆အတွက် ထုတ်ပြန်ထားတဲ့ ယူနက်စကိုအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေး တွေရဲ့ ၄၅% က မူလတန်းကျောင်းကိုတောင် မတက်နိုင်ဘူးလို့ ပါပါတယ်။ အခု ၂၀၀၆-၂၀၀၇ခုနှစ်တွေမှာဆိုရင်တော့ ကျောင်းမနေနိုင်ဘဲ ၀မ်းရေးအတွက် အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေတောင် ပိုများလာနေပါပြီ။ ဒါကြောင့် ကလေးအားလုံး တန်းတူ ပညာသင်နိုင်ရေးအတွက် အခမဲ့ပညာရေးကို နိုင်ငံတကာနည်းတူ အကောင်အထည်ဖော်ဖို့ ဆိုတာ မြန်မာနိုင်ငံအနေနဲ့ နောက်တောင်ကျနေပြီးဖြစ်ပါတယ်။

အဲဒီလိုပဲ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြား စေရန် ပြဌာန်းပေးရမည်... ဆိုတာမှာလည်း တကယ့် လက်ရှိ အနေအထားမှာကတော့ စစ်အစိုးရဟာ တိုင်းရင်းသားလူမျိုးစုအလိုက် သူတို့ဒေသတွေမှာ အသီးသီး ဖွင့်လှစ်သင်ကြားနေတဲ့ ဘာသာစာပေ ယဉ်ကျေးမှုကျောင်းတွေကို ဖွင့်ခွင့်မပြုပါဘူး။ လူမျိုးစုအလိုက် ကျင်းပတဲ့ ရိုးရာဓလေ့ပွဲလမ်း အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပခွင့် မပေးပါဘူး။ ပိတ်ပင်တားမြစ်ဖမ်းဆီးအရေးယူတာတွေတောင် လုပ်နေတာပါ။ ဒါဟာ စစ်အစိုးရရဲ့ သဘောထားအမှန်လည်းဖြစ်ပါတယ်။ ဒါကြောင့် အဲလို မူနဲ့အလုပ် ကွာဟ ခြားနားလွန်းတဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့ တရားမ၀င်အုပ်ချုပ်နေမှုကို လူထုကြီးက တရားဝင်အုပ်ချုပ်ခွင့်ပေးလိုက်တာ ဖြစ်သွားမှာပါပဲ။

ဒီမိုကရေစီနိုင်ငံတနိုင်ငံ ထူထောင်ရေးမှာ ပညာရေးကဏ္ဍဟာ အဓိကတည်ဆောက်ရမယ့် အခြေခံမဏ္ဍိုင်ကြီးပဲ ဖြစ်ပါတယ်။ ၁၉၆၂နောက်ပိုင်း တပါတီအာဏာရှင်စနစ် လက်အောက်က စပြီး ခု လက်ရှိစစ်အစိုးရရဲ့ လက်ထက်အထိ ၄၅နှစ်ကျော် သက်တမ်းတလျှောက် မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးဆိုးရွားရွား ယိုယွင်း ဆုတ်ယုတ်သွားရတာဟာ ပညာရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မပေးတဲ့အပြင် ပညာရေး လွတ်လပ်ခွင့်ကို ဟန့်တား ပိတ်ဆို့ခံရတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၈၈နောက်ပိုင်း တရားမ၀င်စစ်အစိုးရလက်ထက်မှာတော့ ပညာရေးကဏ္ဍဟာ လုံးလုံး ယိုယွင်းသွားအောင် အဖျက်ဆီးခံရတယ်လို့ကို ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲလို ကိုယ့်နိုင်ငံကို ပျက်စီးစေခဲ့တဲ့အစိုးရမျိုးကို ဆက်ပြီး သက်တမ်းရှည်အောင် အတည်ပြု ပေးရာရောက်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မှသာ လွတ်လပ် ပွင့်လင်းပြီး အနာဂတ်အတွက် အာမခံချက်ရှိတဲ့ ပညာရေးမျိုးကို ထူထောင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ပညာရေးကဏ္ဍတိုးတက်မှုအပေါ် တည်မှီနေတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း သေသေ ချာချာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။

၂၄၊၀၃၊၀၈။

Friday, April 18, 2008

ကန့်ကွက်ရမယ့် အခြေခံဥပဒေ

မြန်မာနိုင်ငံရဲ့ ပညာရေးအခြေနေ ဆုတ်ယုတ်ကျဆင်းနေရတဲ့ အဓိကပြဿနာဟာ နိုင်ငံဆင်းရဲလို့မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုတွေကြောင့်သာဖြစ်တယ် ဆိုတာကို ဒီပညာရေးအပတ်စဉ်ကဏ္ဍကနေ အများကြီး ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ အထူးသဖြင့် ၁၉၈၈နောက်ပိုင်း အာဏာသိမ်းအစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ အဘက်ဘက်က ယိုယွင်းဆုတ်ယုတ်သွားမှုနဲ့အတူ ပညာရေးအဆင့်အတန်းကလည်း တရှိန်ထိုးကျဆင်း သွားခဲ့ ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ခုတော့ အဲဒီ အာဏာသိမ်း တရားမ၀င်အစိုးရကပဲ နိုင်ငံတနိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့ပြီး အတည်ပြုပြဌာန်းဖို့လည်း ကြိုးစားပါတော့မယ်။ ဒီနေရာမှာ လက်ရှိ အာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သေသေချာချာ သုံးသပ်ဖို့ လိုလာပါတယ်။ အထူးသဖြင့် နိုင်ငံ တနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတာမို့လို့ အခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲရာမှာ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအာမခံချက်မျိုးတွေ ထည့်သွင်း ရေးဆွဲထားသလဲဆိုတာကို သေသေချာချာ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြဿနာက ပြည်သူတွေရဲကဆန္ဒကို ခံယူရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေ နားလည် အောင် တရားဝင် ချပြ ရှင်းလင်းတာမျိုး ခုချိန်ထိ မလုပ်သေးတာပါပဲ။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက ပညာရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဖော်ပြထား ချက်တွေကို ပြောပြချင်ပါတယ်။


ပြီးခဲ့တဲ့ တပတ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပညာရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာ ပညာသင်ခွင့် ဆိုတာ မပါဝင်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့် စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ
(က) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်မည်။
(ခ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင် ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်း ဆောင်ရွက်မည်။
(ဂ) နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။
(ဃ) နိုင်ငံတော်သည် ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်မည်။
လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံက အာဏာပိုင်တွေရဲ့ ထုံးစံအတိုင်း တင်ပြချက်တွေကတော့ စေ့စေ့စုံစုံ ရှိသလိုပါပဲ။ ရှေ့ပိုင်းဆောင်းပါးတွေမှာ ဆွေးနွေးခဲ့ဖူးပြီးသားဖြစ်တဲ့ ပညာရေး နှစ်ရှည်စီမံကိန်းလိုပါပဲ။ မြန်မာနိုင်ငံမှာက မူတွေချမှတ်ထားတာသာ ရှိပြီး လက်တွေ့ အကောင်အထည် ဖော်မှု မရှိတာကသာ ပြဿနာဖြစ်နေတာပါ။ ဒါကြောင့်ပဲ တချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံး ပညာရေး အဆင့်ကို ရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာ အဆိုးဆုံးအဆင့်ကို ထိုးကျသွားခဲ့ရတာပါပဲ။

ပြီးခဲ့တဲ့ တပတ်မှာ ဆွေးနွေးတင်ပြခဲ့သလိုပဲ "နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်မည်" လို့ ဖော်ပြပေမဲ့ နိုင်ငံတနိုင်ငံရဲ့ ပညာရေး တိုးတက်ခေတ်မီဖို့အတွက် တကယ်လိုအပ်တဲ့ ပညာရေးလွတ်လပ်ခွင့်ကိစ္စကို ဖော်ပြမထားပါဘူး။ ပညာရေး လွတ်လပ်ခွင့်ဟာ ခေတ်မီတိုးတက်တဲ့ ပညာရေးဖြစ်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်ပါ။ မြန်မာနိုင်ငံမှာ ၁၉၆၂ခုနှစ် တော်လှန်ရေးအစိုးရတက်စဉ်ကတည်းက ပညာရေးလွတ်လပ်ခွင့်ကို တားမြစ်ခံရတဲ့ အတွက် ကျောင်းသားတွေက ပညာရေးလွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ရတာပါ။ အဲဒီတောင်းဆိုမှု ကြောင့်ပဲ 7 July လို့ ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ခဲ့တာပါ။ အဲဒီတုန်းကလည်း အာဏာရှင်အစိုးရက တောင်းဆိုမှုကို ဖြေရှင်းမပေးဘဲ ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနဲ့ အာဏာရှင်အလိုကျ ချုပ်ကိုင်ထားတဲ့ ပညာရေးစနစ် ကသာ မြန်မာနိုင်ငံကို ကြီးစိုး ထားခဲ့တာပါ။

၁၉၇၄ခုနှစ်မှာ အာဏာရှင်အလိုကျ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြဌာန်းခံရပြီးတဲ့နောက်မှာတော့ ချမ်းသာ ကြွယ်ဝလှတဲ့ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကြေငြာရတဲ့ ဘ၀ကို ရောက်သွားပါတယ်။ အဲလိုပဲ ပညာရေးအရာမှာလည်း နိမ့်ကျ ပျက်စီး သွားခဲ့ရပါတယ်။ အဓိကကတော့ လွတ်လပ်စွာ ပညာသင်ကြား ခွင့် မရှိတဲ့အပြင် နိုင်ငံတကာ ပြင်ပ ဗဟုသုတတွေကို လေ့လာခွင့် မရဘဲ ပိတ်ဆို့ခံထားရတဲ့ ဆိုးကျိုးဆက်ပဲ ဖြစ်ပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက ပညာရေးကို ပြည်နယ်အလိုက် အာဏာခွဲဝေဖန်တီးခွင့်ပေးထားတာပါ။ ဒါဟာ ပြည်နယ် အလိုက် ပညာရေးလွတ်လပ်ခွင့် ရှိနိုင်တဲ့ သဘောပါ။ ၁၉၇၄ အခြေခံဥပဒေမှာတော့ ပညာရေးကဏ္ဍကို ပြည်နယ်အလိုက် အုပ်ချုပ် စေတာမျိုးမပါတော့ဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဗဟိုကနေ ဦးစီး ချုပ်ကိုင်တဲ့စနစ်ကို သုံးပြီး ပညာရေး လွတ်လပ်ခွင့်ကို ကိုင်တွယ် ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် ပညာရေးထဲမှာ တပါတီစနစ်ကို မှိုင်းတိုက်သွပ်သွင်းတဲ့ အယူအဆတွေ ထည့်လာပြီး ကျောင်းသားတွေကို လိုသလို ပုံသွင်းယူလာခဲ့တာပါ။

ခု စစ်အစိုးရက ဦးစီးပြီး ရေးဆွဲတဲ့ အခြေခံဥပဒေမှာတော့ အချက်(ခ)မှာ
"နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ် မည့် ဥပဒေပြဌာန်း ဆောင်ရွက်မည်" လို့ ဖော်ပြထားပါတယ်။ အဲဒီအချက်ကို ပြန်သုံးသပ်ကြည့်ရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ဖော်ပြထားချက်ဟာ ကောင်းတဲ့အချက်လို့ ဆိုရမှာပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကတော့ အဲဒီဥပဒေကို ရေးဆွဲတဲ့ အာဏာပိုင်တွေကပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပညာသင်ခွင့်တွေကို ပိတ်ပင်တားမြစ်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မိခင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားခွင့်မပေးရုံသာမကဘဲ ပြန်လည်ဖော်ထုတ်ခွင့်၊ လက်ဆင့်ကမ်း ထိန်းသိမ်းခွင့်တွေကိုပါ ခွင့်မပြုဘဲ ဟန့်တား ပိတ်ပင် အရေးယူတာတွေ လုပ်နေပါတယ်။ ဒါကြောင့် အဲလို အာဏာပိုင်တွေက လိုအပ်သလို ပြဌာန်းမယ့် ဥပဒေဆိုတာ တရားမျတမှု မရှိနိုင်ပါဘူး။

ပိုဆိုးတာကတော့ အဲဒီ အခြေခံဖွဲ့စည်းပုံဥပဒေအရဆိုရင် အဓိကကျတဲ့ အုပ်ချုပ်ရေးပိုင်း တွေကို စစ်တပ်ကသာ ရယူနိုင်မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ မနှစ်သက်တဲ့ အချက်တွေကို အလွယ်တကူ တောင်းဆိုပြင်ဆင်ခွင့်လည်း မရှိပါဘူး။ ဒါ့ကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေသာ အတည်ပြုပြဌာန်းဖြစ်သွားမယ်ဆိုရင်တော့ တကယ်တမ်း အနာဂတ်ကို အသိပညာ အတတ်ပညာ အလိမ်မာ တွေနဲ့ရင်းပြီး တည်ဆောက် ကြရမယ့်နေရာမှာ နိမ့်ပါးအောက်ကျတဲ့ အနာဂတ်ကိုသာ အမိန့်အာဏာနဲ့ မတရားသဖြင့် ဖိနှိပ် အုပ်ချုပ်ခံရရင်းနဲ့ တည်ဆောက်သွားကြရဦးမှာပဲဖြစ်ပါတယ်။ ဒါဟာ နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်တော့ သိပ် အန္တရာယ် ကြီးတဲ့ကိစ္စပဲဖြစ်တာမို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကြီးအနေနဲ့ လက်မခံသင့်တဲ့ အချုပ်အနှောင်တခုသာ ဖြစ်ပါတယ်။

မေငြိမ်း
၁၈၊၀၃၊၀၈။


Wednesday, April 9, 2008

နအဖရဲ့ Constitution နဲ့ ပညာရေးကဏ္ဍ

လာမယ့် သင်ရိုးသစ်မှာ ခေတ်မီတဲ့ သင်ရိုးတွေ ဖြည့်စွက်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောထားတာမို့လို့ လူမှုရေးရာသင်ရိုးမှာ ဘယ်လိုသင်ခန်းစာတွေ ပြဋ္ဌာန်းမှာလဲ ဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။ ဒီနေရာမှာ ပညာရေးလိုအပ်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအာဏာပိုင်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စဉ်းစားသုံးသပ်ဖို့ လိုလာပါတယ်။ ၂၀၀၈ခုနှစ် မေလမှာ ပြည်သူ လူထုရဲ့ ဆန္ဒကို ခံယူမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်းသည့် အခြေခံမူများ အခန်းရဲ့ အချက်(က)မှာတော့ "နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေဖို့အတွက် အလေးထား ဆောင်ရွက်မည်"လို့ ပါပါတယ်။ ဒီနေရာမှာ ဖော်ပြထားချက်ဟာ အကြမ်းဖျင်းဆန်လွန်းတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ ပညာရေးရော ကျန်းမာရေးမှာပါ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်း နေပါတယ်။ ပညာရေးသီးသန့်အနေနဲ့ ပြောရရင် ခေတ်မီပညာရေး၊ တိုးတက်တဲ့ ပညာရေး ဖြစ်ဖို့အတွက် အစိုးရအနေနဲ့ အထောက်အပံ့ပေးရမယ့် ကဏ္ဍတွေ၊ အစိတ်အပိုင်းတွေကို တိတိကျကျ ရည်ညွှန်းထည့်ပေးဖို့ လိုပါတယ်။ ဥပမာ-ကျောင်းအဆောက်အဦး လိုအပ်ချက်၊ သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်၊ ဆရာဆရာမ လိုအပ်ချက်၊ သင်ကြားရေးနည်းပညာဆိုင်ရာ လိုအပ်ချက်နဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့် တွေအတွက် ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာမျိုးတွေကို တိတိကျကျ ထည့်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်အနေနဲ့ ဒီလို လစ်ဟာ အားနည်းချက်တွေ ရှိနေတာဟာ အနာဂတ်အတွက် ပြဿနာကြီးတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီ အားနည်းချက်ရှိနေတာကြောင့် နောင်တစ်ချိန် ပညာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဒီမိုကရေစီနည်းကျကျ တောင်းဆိုတာ၊ ပြုပြင်တာ၊ ဝေဖန်သုံးသပ်တာတွေ လုပ်ရတဲ့အခါ ပြည်သူလူထုဘက်က ခိုင်ခိုင်လုံလုံမရှိသလို ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားမှု မရှိတဲ့အတွက် ဒါဟာ ဝေဖန် ထောက်ပြရမယ့် အချက်ပါပဲ။

လက်ရှိ အာဏာပိုင်တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ပညာရေးကဏ္ဍကို အလုပ်ပြရုံ ထည့်သွင်းပေးထားသလို ဖြစ်နေပါတယ်။ တကယ်တော့ ပညာရေးကဏ္ဍထဲမှာ အရေးကြီးဆုံးလိုအပ်ချက်က ပညာရေး လွတ်လပ်ခွင့် (Acedamic Freedom)ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပညာရေးဟာ ကျောင်းသားတွေကို ပညာရေးလွတ်လပ်ခွင့် အပြည့်အ၀ ပေးထားရတာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ကျောင်းထဲ အတန်းထဲ တွေမှာ ကိုယ့်အတန်းရဲ့ ကျောင်းသား ကိုယ်စားလှယ်ကနေ စပြီး ပါမောက္ခ၊ လွှတ်တော် အမတ်၊ ၀န်ကြီးချုပ်၊ နိုင်ငံတော် သမ္မတအထိကို ကိုယ့်အမြင်နဲ့ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။ အဲဒီလိုပဲ အတန်းစည်းကမ်း၊ ကျောင်းစည်းကမ်း ကနေ စပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအထိ မိမိ သဘောဆန္ဒ အမြင်အတိုင်း ဝေဖန်ဆွေးနွေးပြောဆိုခွင့် ရှိပါတယ်။ ဒါဟာ ကျောင်းသားတွေကို သူတို့တွေ့ကြုံကြရမယ့် လက်တွေ့လောကနဲ့ ကျောင်းသင်ခန်းစာ အဆက်အစပ်ကို ကျောင်းစာသင်ခန်းထဲကနေ လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းစဉ်းစားပြီး လွတ်လွတ် လပ်လပ် ဆွေးနွေး တိုင်ပင် ရေးဆွဲ ရတဲ့ အရေးပါလှတဲ့ အခြေခံအဆောက်အအုံကြီး တစ်ခု ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာကတော့ ပြည်သူတွေတောင် ကောင်းကောင်းမသိတဲ့ ကိုယ်စားလှယ် ဆိုသူတွေက နှုတ်ပိတ် ခေါင်းညှိတ် ထောက်ခံထားရတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်နေပါတယ်။ အဲဒီအပြင် ပြည်သူ့ရဲ့ ဆန္ဒကို ခံယူပြီးမှ ပြည်သူတွေ သဘောကျ ထောက်ခံမှ အတည်ပြု ပြဌာန်းနိုင်မှာ ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဝေဖန်ရင် အရေးယူအပြစ်ပေးမယ်လို့ ခြိမ်းခြောက်နေပါတယ်။ တကယ်လည်း ဖမ်းဆီး အပြစ်ပေး တာတွေ လုပ်နေပါတယ်။
အဲဒီလို မတရားအစိုးရမျိုးက ရေးဆွဲပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထု အများရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုနဲ့ ရေးဆွဲရတဲ့ ပညာရေးသင်ရိုးဟာလည်း လွတ်လပ်မှုမရှိနိုင်တာမို့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့်ပညာရေး ဖြစ်ဖို့ဆိုတာကိုလည်း မျော်လင့်လို့ မရပါဘူး။ တကယ်တမ်း ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့် ပညာရေး ဖြစ်ဖို့ဆိုရင် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကိုသာမက လူမှုရေးရာဘာသာရပ်လို ၀ိဇာ ဘာသာရပ်တွေရဲ့ သင်ရိုးတွေကိုပါ ခေတ်နဲ့ အမီ လိုက်နိုင်အောင် ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ နိုင်ငံတွေမှာကတော့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းဝင်းထဲမှာ၊ စာသင်ခန်းထဲမှာ၊ ငြင်းခုန်ချက် စာတမ်း (Argument Paper) တွေရေးကြ၊ ကျဘမ်း စကားပြောပွဲတွေ လုပ်ကြ၊ အပြန်အလှန် စကားစစ်ထိုးပွဲ (Debate)တွေ လုပ်ကြနဲ့၊ ပညာရေးလွတ်လပ်ခွင့်ကို အပြည့်အ၀ခံစားခွင့်ရနေကြပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား တွေမှာတော့ ကျောင်းသားတိုင်း ခံစားခွင့်ရှိတဲ့ ပညာရေးလွတ်လပ်ခွင့်ကို ဆုံးရှုံးနေရရုံ သာမကဘဲ ကိုယ့်နိုင်ငံအတွက်အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြခံဥပဒေကိုတောင် ဝေဖန်ဆွေးနွေး ပိုင်ခွင့် မရှိဘဲ ဖြစ်နေပါတယ်။

ဒါကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှတဲ့ လိုအပ်ချက်ဖြစ်တဲ့ ပညာရေး လွတ်လပ်ခွင့်အတွက် အာမခံမှုမျိုးပေးမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံဖို့ဆိုတာဟာ ပြည်သူ လူထုကြီးအနေနဲ့ သေသေချာချာ ထည့်သွင်းသုံးသပ်စဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း
၁၀၊၃၊၀၈။

Tuesday, February 19, 2008

ပညာရေးနဲ့ Good Citizen

မြန်မာနိုင်ငံမှာ စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြပွဲကြီးမှာ ထူးခြားတာက လမ်းလျှောက်ကြသူ လူထုတွေကို သာမန် အရပ်ဝတ်တွေပဲဖြစ်တဲ့ စွမ်းအားရှင်ဆိုသူတွေက ၀င်ရောက် ရိုက်နှက် ဖမ်းဆီးတာတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုအချင်းချင်း စိတ်ဝမ်းကွဲအောင် သွေးခွဲအုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ လှည့်ကွက် တခုပဲ ဖြစ်ပါတယ်။ ဒီလှည့်ကွက်ကိုလည်း နိုင်ငံသားကောင်းမပီသတဲ့သူတချို့က ဆရာဆိုးတပည့် ပီသစွာ လိုက်နာခဲ့တာမို့ မြန်မာနိုင်ငံရဲ့ အထွတ်အမြတ် ရတနာတစ်ပါးဖြစ်တဲ့ သံဃာတော်တွေနဲ့အတူ အပြစ်မဲ့ ပြည်သူလူထုတွေ သေကြေပျက်စီးခဲ့ကြရပါတယ်။

တကယ်တော့ နိုင်ငံအုပ်ချုပ်သူဆိုတာဟာ ပြည်သူလူထုအတွက်တော့၊ အမိ အဘ ဆရာသမားသဖွယ် အားကိုး အားထားပြုရမယ့်သူတွေပဲ ဖြစ်ပါတယ်။ မိဘတွေ ဆရာတွေလို စံပြုရမယ့် အဲဒီ နိုင်ငံခေါင်းဆောင်ပုဂ္ဂိုလ်ဟာ ဆင်ခြင်တုံတရားနဲ့ယှဉ်တဲ့ ပညာရည် ပြည့်ဝတဲ့သူဖြစ်ရပါမယ်။ နိုင်ငံကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုးကို လိုလား ဆောင်ရွက်သူ ဖြစ်ရပါမယ်။ မင်းဆိုတာဟာ တိုင်းသူပြည်သားရဲ့ စိတ်နှလုံးကို ပျော်ရွှင် အေးချမ်းအောင် တရားသဖြင့် အုပ်ချုပ်နိုင်သူဖြစ်ရပါမယ်ဆိုတာကို အလုံးစုံကို သိမြင် ဆင်ခြင်နိုင်စွမ်းတဲ့ သဗ္ဗညုတဥာဏ်ရှင် ဗုဒ္ဓမြတ်စွာက အုပ်ချုပ်သူ မင်းတို့ ကျင့်ကြံရမယ့် တရားအဖြစ် ဟောကြားခဲ့ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အလိုအရတော့ ပြည်သူလူထုရဲ့ စိတ်နှလုံးကို ပျော်ရွှင်ကျေနပ်အောင် မအုပ်ချုပ်နိုင်ရင် ‘မင်း’ မဟုတ်တော့ ပါဘူး။ ဒါဟာ ဒီမိုကရေစီစနစ် ရဲ့ အခြေခံသဘောလည်း ဖြစ်ပါတယ်။

ဒါကြောင့် အုပ်ချုပ်သူကမှ ပညာမပြည့်ဝ၊ နှလုံးမလှဘူးဆိုရင်တော့ ပြည်သူလူထုဟာ ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကို ကြုံကြရတာပါပဲ။ အဲဒီအပြင် အုပ်ချုပ်သူက မင်းဆိုး မင်းညစ် ဖြစ်တဲ့အခါ နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒထွန်းကားလာပါတယ်။ အဲဒီ ပြဿနာရဲ့ အကျိုးဆက်ကိုလည်း ပြည်သူလူထုကပဲ ခါးစည်း ခံလာကြရ တတ်ပါ တယ်။ အဲဒါကြောင့်ပဲ နိုင်ငံတွေမှာ အုပ်ချုပ်သူတွေဟာ ၊ ဆင်ခြင်တုံတရားနဲ့ ယှဉ်တဲ့ ဥာဏ် အမြော်အမြင်၊ အသိပညာ၊ အတတ်ပညာတွေ ရှိဖို့က အဓိကအကျဆုံး လိုအပ်ချက် ဖြစ်လာတာပါပဲ။

ဒီနေရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးလည်းဖြစ်တဲ့ ပန်းတနော် ဦးသန့်ရဲ့ ဆောင်းပါးတွေနဲ့ပဲ ဆက်ပြီး ကိုးကားဆွေးနွေးသွားချင်ပါတယ်။ ပြီးခဲတဲ့တပတ်မှာ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အဲဒီနိုင်ငံရဲ့ ပညာရေးဟာ နိုင်ငံသားတွေကို နှလုံးရည်ပြည့်ဝတဲ့ ပြည်သူ ပြည်သားကောင်း (Good Citizen) ပီသအောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ ပညာရေးဖြစ်ရမယ်လို့ ရေးသားခဲ့တဲ့ ဦးသန့်ရဲ့ ဆောင်းပါးကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

တကယ်လည်း အနာဂတ်နိုင်ငံကို ခေါင်းဆောင်ကြရမယ့် လူငယ်တွေအနေနဲ့ နိုင်ငံသားကောင်းပီသမှု ဆိုတာကို သေသေချာချာနားလည်မှပဲ အကြမ်းဖက်ဝါဒကို ကျင့်သုံးတဲ့ အာဏာရှင်စနစ်ကို လက်သင့်မခံကြရဘူးဆိုတာကို သဘောပေါက် ကြမှာ ဖြစ်ပါတယ်။ အဲသလိုပဲ နိုင်ငံသားကောင်း အဖြစ် နေထိုင်နည်းကို သိမှပဲ၊ လူအချင်းချင်း တန်ဖိုးထားတတ်တဲ့၊ ငဲ့ညှာရိုင်းပင်းတတ်တဲ့ အသိပညာနဲ့အတူ မတရားတဲ့ အမိန့်အာဏာတွေကို လက်မခံရဘူး ဆိုတဲ့ ဥာဏ်ပညာမျိုးတွေ ရှိလာမှာဖြစ်ပါတယ်။

တကယ်တော့ ကျောင်းသူကျောင်းသားတွေကို နိုင်ငံသားကောင်းဖြစ်လာအောင် တာဝန်ယူ သင်ပြပေးရတဲ့ ဆရာဆရာမတွေကိုယ်တိုင်လည်း နိုင်ငံသားကောင်း ပီသ ဖို့လိုပါတယ်။ အဲဒီအတွက် ဦးသန့်က Civic Education ကို သင်ကြားတဲ့ ဆရာတွေမှာ ရှိရမယ့် အရည်အချင်းတွေကို သုံးသပ်တင်ပြခဲ့ပါတယ်။ ဒါဟာ ခေါင်းဆောင်လုပ်သူမှန်သမျမှာ ရှိရမယ့် အရည်အချင်းတွေလည်းပဲ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ဆောင်းပါးအရပြောရရင်.. ခေါင်းဆောင်နေရာမှာ ရှိတဲ့သူတွေ၊ ဆရာတွေဟာ နမူနာယူရလောက်တဲ့ အကျင့်စာရိတ္တကောင်း ရှိဖို့ လိုပါတယ်။ တည်ကြည်သန့်ရှင်းစွာ နေထိုင်တတ်ရမယ်၊။ သာယာချေငံသော စကားကို ဆိုတတ်ရမယ်၊ အထွေထွေ ဗဟုသုတနဲ့လည်း ပြည့်စုံရမယ်၊ ခေတ်မီရမယ်၊ စာစုံဖတ်ရမယ် လို့ ဆိုပါတယ်။ ဒါကလည်း ဆရာဖြစ်သူ... တနည်းအားဖြင့်.. ခေါင်းဆောင်ဖြစ်သူက ခေတ်မီဗဟုသုတနဲ့ ပြည့်စုံမှပဲ လက်ခံသင်ယူသူတွေ.. နောက်လိုက်တွေအတွက် လိုအပ်တဲ့ ဗဟုသုတတွေကို ပြန်လည်ဖြန့်ဖြူး ပို့ချနိုင်မှာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာကတော့ ကျောင်းဆရာတွေဟာ စားဝတ်နေရေးဖိစီးမှုဒဏ်နဲ့၊ အလုပ်ချိန် မတန်တဆ ပေးနေကြရတဲ့ ဒဏ်တွေကြောင့်မို့လို့၊ စာဖတ်ချိန်တောင် မယူနိုင်ကြရတဲ့အခြေနေတွေ ဖြစ်နေရတာပါ။ အဲဒီအပြင် လစာမလုံလောက်မှုကြောင့် တရားမ၀င် ကျူရှင်ပြတဲ့အလုပ်တွေကို ခိုးလုပ်နေကြရတာမို့ စာရိတ္တ တွေပါ အထိပါးခံရသလို ဖြစ်နေကြရတာပါ။

ဦးသန့်ရဲ့အဆိုအရဆိုရင် ဆရာဟာ နိုင်ငံရေးပါတီစွဲ ကင်းရမယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ ဆရာက နိုင်ငံရေးပါတီစွဲရှိခဲ့ရင် သူသင်ရတဲ့ကျောင်းသားကိုပါ သူယုံကြည်တဲ့ ပါတီအယူအဆတွေ သွပ်သွင်းမိတတ် တယ်လို့လည်း ပြောထားပါတယ်။ ဒါဟာ ဒီမိုကရေစီပညာရေးကျင့်စဉ်တွေထဲမှာပါတဲ့ ကျောင်းသင်ခန်းစာ တွေထဲမှာ နိုင်ငံရေးဆိုင်ရာအယူဝါဒတွေ အတင်းအကျပ် မသွပ်သွင်းသင့်ဘူးဆိုတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ ဒီအချက်မှာလည်း လက်ရှိမြန်မာနိုင်ငံမှာ စစ်အစိုးရက လွဲမှားတဲ့ အချက်အလက်တွေနဲ့ နိုင်ငံရေးမှိုင်း တိုက်တဲ့ သင်ခန်းစာမျိုးတွေကို ပြဌာန်းထားတာမို့ ဆရာတွေကလည်း အဲဒီ သင်ခန်းစာတွေကိုပဲ သင်ပေးနေကြရပါတယ်။ အဲဒီအပြင် ပညာရေးနဲ့ မသက်ဆိုင်တဲ့ ကြံ့ဖွံ့လို အဖွဲ့အစည်းမျိုးတွေကို ဆရာတွေရော ကျောင်းသားတွေပါ ၀င်ပြီး လှုပ်ရှားဆောင်ရွက်ပေးနေရတာဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ အလှမ်းဝေးနေသေးတယ်ဆိုတာကို သက်သေ ပြနေတာပဲ ဖြစ်ပါတယ်။

ဦးသန့်ကတော့ ကျောင်းဆရာတယောက်မှာ အလိုအပ်ဆုံးအချက်က မျိုးချစ်စိတ်ထက်သန်ဖို့ပဲလို့ ဆိုပါတယ်။ ဆရာဖြစ်သူက မျိုးချစ်စိတ်ထက်သန်မှ နိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် စေတနာရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ တကယ်လည်း အဲဒီအချက်ဟာ ခေါင်းဆောင် လုပ်သူတွေမှာ ရှိရမယ့် အဓိကကျလှတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို တိုးတက်ကြီးပွားစေလိုစိတ်၊ ငြိမ်းချမ်းသာယာစေလိုစိတ်တွေ ရှိဖို့ဆိုတာ ဟာ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အခြေခံရှိမှပဲ ဖြစ်မှာပါ။ အဲလိုမှပဲ ဆရာကောင်းပီသစွာနဲ့ တပည့်ကောင်းတွေကို နိုင်ငံသားကောင်းတွေအဖြစ် ပျိုးထောင်မွေးထုတ်နိုင်မှာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မြန်မာ့ဂုဏ်ဆောင် ပန်းတနော်ဦးသန့်က ကျောင်းပညာရေးထဲကနေ နိုင်ငံသားကောင်းတွေမွေးထုတ်ဖို့အတွက် လိုအပ်ချက်တွေ ကို ဆွေးနွေးထားတာဆိုပေမဲ့လို့ တကယ်တော့ နိုင်ငံသားကောင်းပီသဖို့ အလေ့အကျင့် ဆိုတာ လူ့ဘောင်လောကတခုလုံးမှာကို သင်ယူကျင့်ကြံနေဖို့ လိုအပ်တယ်ဆိုတဲ့ အထိရောက်အောင် ဆရာကြီးက အကျယ်တ၀င့် သုံးသပ်ပြခဲ့တာပါ။ ဒါဟာ နိုင်ငံကောင်း တနိုင်ငံဖြစ်ဖို့ ပြည်သူလူထုအနေနဲ့ နိုင်ငံသားကောင်းပီသဖို့လိုသလို လူထုရှေ့ဆောင်ရမယ့် ခေါင်းဆောင် လုပ်သူတွေကိုယ်တိုင်လည်း နိုင်ငံသားကောင်း ပီသဖို့လိုတယ် ဆိုတာကိုပါ ဆရာကြီးဦးသန့်ရဲ့ဆောင်းပါးက ဖော်ပြနေတာဖြစ်ပါတယ် ။

မေငြိမ်း(၁၆၊၁၀၊၀၇)

Tuesday, January 29, 2008

ကျောင်းသားအခွင့်အရေးဆိုတာ

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးနဲ့ပတ်သက်တဲ့ အမြင်ကို "ကျောင်းသားဝတ္တရား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသား သမဂ္ဂဥက္ကဌ လုပ်နေတဲ့ အသက် ၂၀ကျော် အရွယ်လောက်မှာတုန်းကတည်းက ရေးခဲ့တာ ဖြစ်ပေမဲ့ ခုလက်ရှိ မျက်မှောက်ခေတ်နဲ့ လာပြီး ကိုက်ညီ နေတာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ

“အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသား ဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှဟူသော အများအယူအဆ၏ တိမ်ခြင်း၏အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက် ကျသည့် အယူမျှသာ ဖြစ်ပေသည်”
လို့ ရေးခဲ့ပါတယ်။ အဲဒါဟာ ကျောင်းသားတွေရဲ့ ပညာတတ်မြောက်မှုကို စာမေးပွဲတခုတည်းနဲ့ ဆုံးဖြတ်ခြင်းက မမှန်ကန်ဘူး ဆိုတာကို ဝေဖန်ထားတာပါပဲ။

ဒါဖြင့် ပညာတတ်မြောက်မှုကို ဘာနဲ့ တိုင်းတာအဖြေရှာသလဲဆိုတာကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ ထည့်ပြောထားပါတယ်။

“ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ဓမ္မရေးပြဿနာအရပ်ရပ်တို့ကို စိစစ် ဝေဖန် ဖြေရှင်းတတ်သောပညာ နှင့် စာအုပ်ပေစာကို အံ၍ရသော အမှတ်သညာ နှစ်ရပ် ကို ခွဲခြား၍ ထားလေသည်”
လို့ ဗိုလ်ချုပ်က ပညာသိနဲ့ သညာသိကို ခွဲပြခဲ့ပါတယ်။ ‘သညာသိ’ဆိုတာက အလွတ်ကျက်မှတ်ပြီး သိထားတဲ့ သာမန် ဥာဏ်ရည်ပါ။ ‘ပညာသိ’ဆိုတာကတော့ ဆင်ခြင်သုံးသပ်ဝေဖန်နိုင်စွမ်းရှိတဲ့ ထိုးထွင်း ဥာဏ်ရည်ပါပဲ။ တနည်းအားဖြင့်တော့ ဒါဟာ စာသင်သားတွေကို ဝေဖန် သုံးသပ် တတ်အောင် စဉ်းစား ဆင်ခြင် ချင့်ချိန်တတ်အောင် စာသင်ခန်းကနေ ပညာရေးကနေ လေ့ကျင့် သင်ကြား ပေးသင့်တယ်လို့ ဆိုလိုတာပါပဲ။

တနည်းအားဖြင့်တော့ ဒါဟာ ကျောင်းသားတွေကို လွတ်လပ်စွာ တွေးတော ကြံစည် ပြောဆိုခွင့်၊ ဝေဖန် သုံးသပ် ဆွေးနွေးခွင့် ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ဖြစ်သလို ဒီမိုကရေစီပညာရေး စနစ် ထဲက ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ ကျောင်းသား အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဒီမိုကရေစီနိုင်ငံကောင်း အဖြစ် တည်တံ့အောင် ထိန်းနိုင်ဖို့ အတွက် လူငယ် ကျောင်းသားတွေကို ဒီမိုကရေစီစနစ်နဲ့ ယဉ်ပါးအောင် စာသင်ခန်းထဲမှာ လေ့ကျင့် ပျိုးထောင် ပေးတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့

“ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန် ပြည်ကြီးသားများ ဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏၊ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါ လက္ခဏာနှင့် ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ ရဲတပ်များ ကစားနည်းများကို ထွင်ကြရလေ၏”
လို့ ကျောင်းသားတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ညွှန်ပြခဲ့ပါသေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှင်းလင်း ဖော်ပြထားချက်အရဆိုရင် ပြည်ကြီးသားဆိုတာက တရားမျှတတဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းကို လိုက်နာပြီး လွတ်လပ် ငြိမ်းချမ်းစွာ နေထိုင်တတ်သူတွေပါပဲ။ တနည်းအားဖြင့်တော့ ဒီမိုကရေစီနည်း ကျကျ စည်းကမ်းရှိရှိ နေသူတွေပဲ ဖြစ်ပါတယ်။

တကယ်လည်း တိုးတက်တဲ့ အမြင်ရှိကြတဲ့ ကမ္ဘာ့နိုင်ငံအများစုမှာတော့ ကျောင်းသားတွေဟာ အခြေခံပညာ ကျောင်းတွေကအစ တက္ကသိုလ်တွေအထိ အဲဒီ အခြေခံ လူ့အခွင့်အရေး ကျေင်းသားအခွင့်အရေးတွေကို အပြည့်အ၀ ရနေကြတာပါ။ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာ၊ အချင်းချင်း Debate လို့ခေါ်တဲ့ အပြန်အလှန် ငြင်းခုန် ဆွေးနွေးပွဲတွေ၊ ကျဘမ်း စကား ပြောပွဲတွေ၊ နံရံကပ် စာစောင်တွေကို အပြိုင်အဆိုင် ပျော်ပျော်ရွှင်ရွှင် လုပ်နေကြတာပါ။ ဒါဟာ ကျောင်းသားတွေရဲ့ အသိဥာဏ်ပညာ ပွင့်လင်းမှုကို အားပေးတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျောင်းသားတွေဟာ ကျောင်းဝန်းကျင်မှာ ကျေနပ် ပျော်ရွှင် ကြတာကြောင့်မို့လို့ ပြဿနာ ထွေထွေထူးထူးလည်း မရှိတော့ပါဘူး။

မြန်မာနိုင်ငံမှာကတော့ ကျောင်းဆိုတာဟာ ကျောင်းသားတွေကို စာသင်ခန်းထဲမှာ အချိန်ပြည့် ပိတ်လှောင် ထားပြီး ဆရာ ဆရာမ အဆင့်ဆင့်က အထပ်ထပ် ထိန်းချုပ်ထားတဲ့ စနစ်ထဲမှာ ရှိနေတဲ့ နေရာတခု ပါပဲ။ ကျောင်းချိန်အတွင်း ဘယ်လို အဖွဲ့အစည်း အသင်းအပင်းမှ ဖွဲ့ခွင့်မရှိတဲ့အပြင်၊ လူ၅ယောက်ထက် ပို စုဝေးခွင့်မရှိ၊ စကားစုဝေး ပြောပွဲ မရှိရ၊ ဘယ်လို စာစောင်စာအုပ်မှလည်း ရေးခွင့် ဖြန့်ချိခွင့် မရှိ၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း တောင်းဆိုတင်ပြခွင့် မရှိပါဘူး။ ပိုဆိုးတာကတော့ ကျောင်းသားအရေးကို စုပေါင်းဆွေးနွေး ဖြေရှင်းပေးနိုင်တဲ့၊ စည်းကမ်းတကျ တင်ပြ တောင်းဆိုပေးနိုင်တဲ့ ကျောင်းသားအဖွဲ့အစည်း သမဂ္ဂလည်း မရှိတာမို့၊ ကျောင်းသားတွေဟာ အခြေခံကျောင်းသား အခွင့်အရေးတွေ အားလုံးကို ဆုံးရှုံးနေကြရတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့

“လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်း သမဂ္ဂ ရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင် ကျယ်လာနိုင်လေသည်။ သို့ အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင် လာခြင်း၊ စသဖြင့် လောက တွင် လူ လုပ်တတ်သည့် အရည်အချင်းများရနိုင်လေသည်”
လို့ ဆိုပါတယ်။

အဲဒီအပြင် “နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခု လူများကဲ့သို့ မညီမညွတ် မလုပ်တတ် မကိုင်တတ် မဖြစ်ရလေအောင် ကျွန်ုပ်တို့သည် ယခုအခါ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင် အရှား တည်ထောင်ထား၏၊ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင် တည်း”
လို့လည်း ဗိုလ်ချုပ်က စေတနာထားပြီး တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဒီမိုကရေစီပညာရေးထဲမှာ ကျောင်းသားတွေအတွက် အသိဥာဏ်ပညာ တိုးတက်ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံကြီးသားပီသတဲ့ လူမှုဆက်ဆံရေးတွေကို တတ်မြောက်နိုင်ဖို့ ဆိုတာတွေကိုသာမက ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးကိုပါ ဦးတည် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီပညာရေး တည်ဆောက် နေပါတယ် ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး အာဏာပိုင်တွေအနေနဲ့ ကျောင်းပညာရေးထဲမှာ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
(
စက်တင်ဘာ ၁၀ ၊၀၇)

Thursday, January 3, 2008

နိုင်ငံတကာ အဆင့်မီ သင်ရိုးဖြစ်ဖို့

မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက် နေ့မှာ ပြုလုပ်သွားတဲ့ ပညာရေး ကော်မီတီ ရဲ့ ၁/၂၀၀၇ အစည်းအဝေးမှာ လာမယ့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်က စပြီး အခြေခံပညာ အထက်တန်း အဆင့်၊ ကိုးတန်း ဆယ်တန်းတွေရဲ့သင်ရိုးမာတိကာတွေကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင် ပြုပြင် ရေးဆွဲမယ်လို့ ပြောသွားပါတယ်။ ဒေါက်တာချမ်းငြိမ်းဟာ ရန်ကုန်စက်မှုတက္ကသိုလ်က ပညာရှင် ပါမောက္ခဟောင်းတစ်ယောက် ဖြစ်တာမို့ ပညာရေးကဏ္ဍကို တိုးတက်အောင် ကြိုးစားဆောင်ရွက်နိုင် ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ ပညာရေးရဲ့ အတန်းအဆင့်တွေကို သတ်မှတ်တာကိုက ပြဿနာ၇ှိနေတာပါ။ ပြဿနာက အတန်းအဆင့် သတ်မှတ်ပုံတွေက တခြားနိုင်ငံတွေနဲ့ မတူဘဲ သတ်မှတ်ထားတာပါပဲ။ မြန်မာနိုင်ငံက အခြေခံပညာမူလတန်းအဆင့်ကို ၄နှစ် သတ်မှတ်ပြီး အလယ်တန်းဆင့်ကို ၄နှစ် သတ်မှတ်တာ ကြောင့် အထက်တန်းအဆင့်ဟာ ၉တန်း ၁၀တန်း ဖြစ်သွားရတာပါ။ ။ ဒီတော့ မြန်မာနိုင်ငံမှာ အခြေခံပညာ အထက်တန်း စာမေးပွဲဖြေတဲ့ ကျောင်းသားဟာ ပြဌာန်းတဲ့ သင်ရိုးတွေ အဆင့်အတန်း မနိမ့်ပေမဲ့ နှစ်ပိုင်းခြား သတ်မှတ်မှု ပြဿနာကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုချိန်မှာ အသက် ၁၆နှစ်ပဲ ရှိနေသေးတာမို့ ပြည်ပမှာ ပညာဆက်သင်တဲ့အခါ ဟိုမမီ ဒီမမီနဲ့ အဆင်မပြေဖြစ်ကြရပါတယ်။ ဒါကြောင့် ခု သင်ရိုးမာတိကာ ပြောင်းမယ် ဆိုတဲ့ အပေါ်မှာ စဉ်းစားစရာတွေ ဖြေရှင်းရမယ့် အခက်အခဲတွေ အများကြီး ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံ အများစုကတော့ အခြေခံပညာ ပထမအဆင့် (Primary) ဆိုတဲ့ မူလတန်းအဆင့်ကို ၆နှစ် သတ်မှတ်ပြီး ဒုတိယအဆင့်(Secondary) ဆိုတဲ့ အလယ်တန်းအဆင့်ကို ၄နှစ် သတ်မှတ် ပါတယ်၊။ ဒါကြောင့် နောက်ဆုံး အခြေခံပညာရဲ့ အထက်တန်း(High School) အဆင့်ကတော့ ၂နှစ် ဖြစ်သွားပါတယ်။ ဒီတော့ အခြေခံပညာ အထက်တန်း အဆင့် ၁၁တန်း စတက်တဲ့အချိန်မှာ ကျောင်းသားက အသက် ၁၆နှစ်ဖြစ်နေပါပြီ။ ဒါကြောင့် တက္ကသိုလ်ဝင် အခြေခံပညာအထက်တန်း ၁၂တန်း စာမေးပွဲဖြေချိန်ဆို ကျောင်းသားက အသက် ၁၈နှစ် ဖြစ်နေရပါတယ်။ အဲဒါက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတကာရဲ့ စံလည်းဖြစ်ပါတယ်။

ပြီးတော့ နိုင်ငံအများစုရဲ့ အထက်တန်းပညာရေးက အနည်းဆုံး လက်တွေ့ အသက်မွေးဝမ်း ကျောင်းလုပ်နိုင်တဲ့ ပညာရေးမျိုးကို ပေးနိုင်ပြီးတော့ တခြားဖွံ့ဖြိုး တိုးတက်တဲ့ ထိပ်တန်း နိုင်ငံတွေရဲ့ အဆင့်မြင့်ပညာရေးတွေကို အလွယ်တကူ ဆက်သင်ကြားနိုင်တဲ့ အရည်အသွေးနဲ့ အဆင့်အတန်း သတ်မှတ်ချက်ကိုလည်း ရရှိသွားစေတဲ့ ပညာရေးမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းလို့ ဆိုနိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ပါကစ္စတန် သီရိလင်္ကာ နဲ့ စင်္ကာပူနိုင်ငံတွေမှာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေဟာ GCE O'level (General Certificate of Educaton) ကို ၀င်ဖြေနိုင်လောက်တဲ့ အရည်အချင်းနဲ့ စံသတ်မှတ်ချက် ရနိုင်ပါတယ်။ အနည်းဆုံး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တခုခု တက်နိုင်တဲ့ အဆင့်တခုကို ရနိုင်ပါတယ်။ အဲဒီအပြင် အထက်တန်းအဆင့်ပြီးချိန်မှာ ကျောင်းသားရဲ့ အရည်အချင်းကိုလိုက်ပီး A' level(Advanced level) ကိုပါ ၀င်ဖြေနိုင်တာမို့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ကောင်းကောင်းထိကို တက်ခွင့်ရနိုင်ကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ပြဌာန်းထားတဲ့ သင်ရိုးမာတိကာတွေကလည်း တကယ်တော့ အဆင့်မနိမ့်လှပါဘူး။ ပြဿနာရှိတာကတော့ အခြေခံပညာအထက်တန်း သင်ရိုးတွေထဲမှာ ၀ိဇ္ဇာသီးသန့်ဘာသာတွဲတွေ လုပ်လိုက် တာက ဆိုးနေတာပါ။ ၀ိဇ္ဇာသီးသန့်ဘာသာတွဲ ယူကြတဲ့ ကလေးတွေဟာ အထက်တန်းစာမေးပွဲ အောင်သွားတဲ့ နောက်မှာ ပြည်တွင်းက သာမန်ဘွဲ့တခုကိုသာ ယူနိုင်ကြပြီးတော့ ပြည်ပမှာ ပညာဆက်သင်ဖို့ အခွင့်အရေး မှာလည်း မလွယ်ကူကြရတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ အနည်းဆုံး နိုင်ငံတကာအဆင့်မီ သက်မွေးဝမ်းကျောင်းပညာ တခုခုကို သင်နိုင်ဖို့အတွက် လိုအပ်တဲ့ GCE O'level အဆင့် စာမေးပွဲကိုတောင် ၀င်ဖြေဖို့ မလွယ်တဲ့ ပြဿနာ ရှိပါ တယ်။

အဲဒီအပြင် ကျောင်းပညာရေးထဲမှာ သင်ကြားရေးအဆင့်မမီမှု၊ သင်ထောက်ကူပစ္စည်း မပြည့်စုံမှုတွေကြောင့် မြန်မာပြည်က အထက်တန်းပညာရေးအဆင့်အနေနဲ့ တနေ့ ထက် တနေ့ နိမ့်ကျ လာနေတာကလည်း ခုချိန်မှာ ပြဿနာတခု ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံမှာ ပိုလီတက်ကနစ် သက်မွေးအတတ်ပညာသင် ကျောင်း တက်နေတဲ့ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။

'Polytechnic မှာ ၂၀၀၅ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံက အထက်တန်း စာမေးပွဲအောင်ပြီးသား ကျောင်းသား အနေနဲ့ GCE O'level အဆင့်ကို မီပေမဲ့ ၂၀၀၅ခုနှစ် နောက်ပိုင်းမှာတော့ ကလေးတွေဟာ N'level ဆိုတဲ့ သာမန်အဆင့်(Normal Level)စာမေးပွဲကိုတောင် မနည်း ဖြေဆိုကြရပါတယ်။ ဒါကြောင့် ပိုလီတက်ကနစ်လို ကျောင်းမျိုးကိုတောင် ၀င်ခွင့်မရဘဲ ITE လို့ ခေါ်တဲ့ Institute of Technical Education လို သာမန်စက်မှုကျောင်း အဆင့်လောက်ကိုသာ မီကြတာ များလာတယ်'
လို့ ပြောပြပါတယ်။ အဲဒီအခါ ကျောင်းပြီးလို့ အလုပ်ရတဲ့နေရာမှာလည်း ပြီးတဲ့ ကျောင်းအဆင့်အတန်းနဲ့ ပညာ အဆင့်အတန်းကြောင့် လစာကောင်းတဲ့ အလုပ်ရနိုင်ချေ နည်းသွားတယ် လို့ သူက ဆက်ပြောပြပါတယ်။


မြန်မာနိုင်ငံရဲ့ အခြေခံပညာအထက်တန်းဆင့် ပညာရေးကို တကယ်တမ်း နိုင်ငံတကာ အဆင့်မီအောင် ပြုပြင်မယ်ဆိုရင်တော့ အခြေခံပညာ မူလတန်း အလယ်တန်းတွေက စပြီး လိုက်ဖက်ညီမယ့် ပညာရေးပုံစံကို တည်ဆောက်ထားသင့်တာပါ။ တကယ်လို့ အထက်တန်းအဆင့်ကိုပဲ ကွက်ပြီး နိုင်ငံတကာအဆင့်မီ ပြုပြင်မယ်ဆိုရင်တော့ အဆင်သင့်မဖြစ်ဘဲ တွန်းတင်ခံရတာမျိုးမို့လို့ အခြေခံမခိုင်ခဲ့တဲ့အတွက် ကျောင်းသား တွေသာ အခက်အခဲအများကြီး ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာက ၁၉၆၂ကတည်းက ပညာရေးကို ခိုင်မာအောင် ကြိုတင်ပြင်ဆင်တာမျိုးမရှိဘဲ စိတ်ကူးတည့် သလို စမ်းသပ်ခဲ့တာကို ကျောင်းသားတွေ တောက်လျှောက်ခံလာခဲ့ကြရတာပါ။ အဲဒီ အကျိုးဆက်တွေကြောင့် လည်း တချိန်က နိုင်ငံတကာမှာ ပညာရေး အဆင့်အတန်းအရ ထိပ်တန်းရောက်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ခုချိန်မှာတော့ အဆင့်အတန်းမပြည့်မီဘူးလို့ သတ်မှတ်ခံနေရတယ်လို့ ပြောနိုင်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေးထဲက သင်ရိုးမာတိကာကို မဖြစ်မနေ ပြောင်းမယ်ဆိုရင် လည်း အနည်းဆုံးတော့ ကျောင်းသားတွေရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့.. အာမခံမှုပေးနိုင်တဲ့... အသက်မွေးဝမ်းကျောင်းပညာရပ်မျိုး ဖြစ်စေပြီး တကယ်လို့ ပြည်ပတက္ကသိုလ်တွေကို ဆက်တက်မယ်ဆိုရင် လည်း လွယ်လင့်တကူ ဆက်တက်နိုင်လောက်တဲ့ အဆင့်မီပညာရေးမျိုးဖြစ်အောင် ပေးနိုင်တဲ့ သင်ရိုးမာတိကာ မျိုးကိုသာ ပြုပြင်ရေးဆွဲသင့်ပါတယ်။

မေငြိမ်း (၂၀၀၇)




Sunday, December 23, 2007

စစ်အစိုးရနဲ့ ပညာရေးအကျပ်အတည်း

မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် ပညာရေး ကဏ္ဍမှာ သင်ရိုးညွှန်းတမ်းပုံစံ၊ သင်ကြားနည်းစနစ်တွေ တည်ငြိမ်မှု မရှိခဲ့သလို အာဏာပိုင်တွေက ကျောင်းသားတွေကို အစမ်းသပ်ခံလို သဘောထား ပြီး နိုင်ငံရေးအရ ပုံစံသွင်းတာမျိုးကို ခုချိန်ထိ တွေ့နေရဆဲပါ။

မြန်မာနိုင်ငံဟာ ၁၉၆၂ခုနှစ် ကနေ ၁၉၇၄အထိကို အကြွင်းမဲ့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံခဲ့ရပြီးတော့ ၁၉၇၄ခုနှစ်ကနေ ၁၉၈၈ခုနှစ်ထိကိုတော့ အခြေခံဥပဒေနဲ့ ပြဌာန်း အတည်ပြုထားတဲ့ အာဏာရှင်စနစ် (Constitutional Dictatorship) နဲ့ အုပ်ချုပ်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၆၂ မတ်လ၂ရက်မှာ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီအနေနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေငြာ ခဲ့ပြီးတဲ့နောက် ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်လာခဲ့ပါတယ်။ အဲဒီအတွက် ၁၉၆၂ ဧပြီလ-၃၀ရက်နေ့ မှာပဲ ပညာရေး မူဝါဒအသစ်ကို ချမှတ်ရာမှာ
တော်လှန်ရေးကောင်စီသည် အသက်မွေးဝမ်းကြောင်းမှုနှင့် မကိုက်ညီသော လက်ရှိ ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရမည်ဟု ယုံကြည်သည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ် စိတ်ဓါတ်ကို အခြေခံသည့် အသက်မွေးဝမ်းကြောင်းမှုနှင့် ကိုက်ညီသော ပညာရေးစနစ်တစ်ရပ်ကို ဖေါ်ဆောင်၍ သိပ္ပံပညာကို ဦးစားပေးမည်။

လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီနောက်ကစပြီး တော်လှန်ရေးအစိုးရဟာ ကျောင်းပညာရေးထဲမှာ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ ဆိုတာကို ရိုက်သွင်းလာခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဘာသာရပ်တွေ သင်ရိုးတွေ အများစုဟာ ဗိုလ်ချုပ်နေ၀င်းအလိုကျ သင်ခန်းစာတွေကိုသာ ပြဌာန်းရပါတယ်။ အထူးသဖြင့် မြန်မာစာဘာသာရပ်၊ မြန်မာ့ပထ၀ီဝင်ဘာသာရပ် နဲ့ မြန်မာ့သမိုင်းဘာသာရပ်တွေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမွှန်းတင် တဲ့ အယူအဆတွေ၊ အချက်အလက်တွေကို ဖန်တီး ထည့်သွင်းလာပါတယ်။ အဲဒီအခါ ကျောင်းသားတွေဟာ ကျောင်းသင်ခန်းစာထဲကနေ ရရမယ့် အတုယူလိုက်နာ ကျင့်ကြံစရာတွေအနေနဲ့ အမိန့်နာခံတတ်အောင် ပုံသွင်းတဲ့ စာပေ အမျိုးအစားတွေကိုသာ သင်ယူနေခဲ့ကြရပါတယ်။

ကျောင်းသားတွေ လူငယ်တွေဟာ ပညာရေးထဲက သိသင့်သိထိုက်တဲ့ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းတွေ မျက်မှောက်အခြေအနေ အချက်အလက်တွေကိုတောင်မှ အမှန်အတိုင်း သိခွင့်မရတာမို့ အဲဒီကာလတွေ အတွင်းက လူငယ်တွေဟာ အသိဥာဏ်ပညာ ဗဟုသုတ ချို့ချို့တဲ့တဲ့နဲ့ ကြီးပြင်းခဲ့ကြရပါတယ်။ အဲဒါဟာ အဲဒီ လူငယ်မျိုးဆက်သစ်တွေကို အားပြုပြီး တည်ဆောက်ရမယ့် နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုပါ ချို့တဲ့သွားစေတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျောင်းဆရာ ဆရာမတွေရဲ့ တဦးချင်း တာဝန်ကျေမှု အပေါ်လိုက်ပြီး စာသင်သားတွေဟာ တကယ်သိသင့်သိထိုက်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းအရာတွေနဲ့ သမိုင်း အချက်အလက် အမှန်တွေကို သိခွင့်ရနိုင်ခဲ့ကြတာမျိုးတော့ ရှိခဲ့ပါသေးတယ်။

ဒီကနေ့ ဇူလိုင်လ ၁၉ရက်နေ့ဟာ မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့လက်အောက်က လွတ်အောင် အသက်စွန့် ကြိုးပမ်းခဲ့ကြသူတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွသော သူရဲကောင်းခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ ရတဲ့ အာဇာနည်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင်က ခုလို အာဇာနည်နေ့ကျရောက်တဲ့ ဇူလိုင်လ ရောက်ပြီ ဆိုရင် ကျောင်းတွေမှာ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွေ ကဗျာပြိုင်ပွဲတွေ ပန်းချီပြိုင်ပွဲတွေ အာဇာနည်နေ့အကြောင်းနဲ့ အာဇာနည်ကြီးတွေ အကြောင်း ဟောပြောပွဲတွေ ကျင်းပ ပေးကြပါတယ်။

ပြီးတော့ စာသင်ခန်းတွေထဲမှာလည်း သင်ခန်းစာတွေနဲ့ ဆက်စပ်ပြီး ဆရာဆရာမတွေက အာဇာနည်ကြီး တွေရဲ့ လေးစားစရာ အတုယူစရာ ဂုဏ်ရည် တွေကို ကလေးတွေ လူငယ်တွေ သိအောင် ပြောပြကြတာ ကလည်း အစဉ်အလာတခုအဖြစ် ရှိခဲ့တာပါ။ အဲဒီအပြင် အာဇာနည်နေ့မှာဆိုရင် ဆရာဆရာမတွေက ဦးဆောင်ပြီးတော့ ကျောင်းသားတွေကို အာဇာနည်ဗိမာန်နဲ့ တာဝါလိမ်းလမ်း က ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ အိမ်ကို သွားပြီး စနစ်တကျ စီတန်း အလေးပြုဖို့ စီစဉ်ပေးတာတွေ ရှိပါတယ်။
အဲဒီလို အာဇာနည်နေ့ကို အထူးဂရုပြုပေးတဲ့ အကျိုးဆက်ကတော့ ကျောင်းသားတွေအတွက် အာဇာနည်သူရဲကောင်းတွေကို လေးစား ရကောင်းမှန်း သိလာစေပါတယ်။ ပြီးတော့ အဲဒီ အာဇာနည်ကြီးတွေလို ကိုယ်ကျင့်တရားကောင်းအောင် တိုင်းပြည်အကျိုး ဆောင်ရွက်ချင်လာအောင် အားထုတ်ချင်စိတ်တွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် နိုင်ငံ့အကျိုးကို လိုလားတတ်မယ့် မျိုးဆက်သစ်တွေကို မွေးထုတ်ရာ လည်း ရောက်ပါတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ စစ်အစိုးရဟာ ပညာရေးကဏ္ဍထဲကို မဆလအစိုးရ လက်ထက်တုန်းကထက်ပိုပြီး ထဲထဲဝင်ဝင် စွက်ဖက်လာပါတယ်။ သူတို့ရဲ့ ၀ါဒဖြန့်စာတွေ သင်ကြားစေတာမျိုးအထိ ၀င်ရောက် ချယ်လှယ် တဲ့အပြင် သင်ကြားရေးပိုင်းမှာလည်း အခြေခံပညာကနေ တက္ကသိုလ်ပညာရေးနယ်ပယ်အထိ ကန့်သတ် တားမြစ်တာမျိုးတွေ လုပ်လာပါတယ်။ 'ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မပြောရ'၊ 'သခင်ကိုယ်တော်မှိုင်း အကြောင်း မပြောရ'။ 'မင်းကျင့်တရားဆယ်ပါးအကြောင်း မသင်ရ' ဆိုတာမျိုးတွေကို အမိန့်ပေးလာပါတယ်။ ဘွဲ့ယူကျမ်းတွေ စာတမ်းတွေမှာ 'ဗိုလ်ချုပ်အကြောင်း၊ သခင်ကိုယ်တော်မှိုင်းအကြောင်း မရေးရ' ဆိုတာမျိုးတွေ လုပ်လာ ပါတယ်။ ၂၀၀၅ခုနှစ်မှာတော့ စာသင်ရင်းနဲ့ ဗိုလ်ချုပ်အကြောင်းပြောပြီး ကျောင်းသားတွေနဲ့အတူ ဗိုလ်ချုပ်ဓါတ်ပုံကို အလေးပြုခဲ့တဲ့ ကျူရှင်ဆရာ ဦးအောင်ဖေကို ဖမ်းပြီး ထောင်ချတဲ့အထိတောင် လုပ်လာ ပါတယ်။

စစ်အစိုးရရဲ့ အဲဒီလုပ်ရပ်တွေဟာ ကျောင်းသားတွေအတွက် အရေးပါလှတဲ့ ပညာရေးနယ်ပယ်ထဲက သမိုင်းဆိုင်ရာ အချက်အလက်တွေကို ကန့်သတ်တားမြစ်ရုံသာမက အဲဒီ အချက်အလက်တွေကို တာဝန်သိသိနဲ့ ပို့ချ သင်ကြားပေးတဲ့ ဆရာကိုပါ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလုပ်လာတာဟာ ပညာရေးလွတ်လပ်ခွင့်နဲ့ ပညာရှင်လွတ်လပ်ခွင့်တွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ အဲသလို ပညာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်နေတဲ့ အစိုးရတစ်ရပ်ရဲ့ လက်ထဲမှာ ဘယ်လိုမှ ဒီမိုကရေစီပညာရေးစနစ် မထွန်းကားနိုင်ဘူးဆိုတာကို မိဘပြည်သူများ ဆရာဆရာမများနဲ့ ကျောင်းသူကျောင်းသားများ သတိပြုမိ စေချင်ပါတယ်။

Tuesday, December 18, 2007

တောင်းယူရမယ့် အခွင့်အရေး

ပြီးခဲ့တဲ့ တပတ်မှာ ကျောင်းသားအခွင့်အရေး ဆုံးရှုံးမှုတွေကို တောင်းဆိုတာ ကြောင့် အာဏာပိုင်နဲ့ ကျောင်းသားတွေကြား ပဋိပက္ခဖြစ်ရတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပညာရေးလောကမှာ အထင်အရှား ဖြစ်ပျက်ခဲ့တဲ့ ၇ဇူလိုင် အရေးအခင်းနဲ့ ကိုးရီးယားနိုင်ငံ မှာ ၁၉၈၀ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်း ပြဿနာ တွေကို တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ အဲသည် ၁၉၆၂ ဇူလိုင်၇ရက်နေ့ကစပြီး ဒီနေ့ထက်ထိအောင် ကျောင်းသားဆိုင်ရာ အခွင့်အရေးတွေ မရသေးတဲ့အပြင် ပညာရှင်တွေအတွက်လည်း လွတ်လပ်ခွင့်တွေ ထိုက်တန်တဲ့ နေရာဌာနတွေ လုပ်ပိုင်ခွင့် တွေ မရသေးပါဘူး။

မြန်မာနိုင်ငံမှာ ထူးချွန်ထက်မြက်တဲ့သူတွေ ပညာတော်သင်ဆု ခံစားရတာမျိုးတွေ ရှိခဲ့ပေမဲ့ ပညာသင်ပြီးလို့ မြန်မာနိုင်ငံက မိခင်ဌာနကို ပြန်လာတဲ့အခါမှာတော့ အဲဒီပညာရှင်တွေဟာ သူတို့တတ်ကျွမ်းလာတဲ့ပညာကို သေသေချာချာ အသုံးချခွင့် ဖြန့်ဝေခွင့်မရတာတွေကို ကြုံကြရပါတယ်။ ပညာရှင်တွေ သင်ယူလေ့လာခဲ့တဲ့ ပညာတွေဟာ မြန်မာနိုင်ငံမှာ အသုံးချစရာနေရာမရှိဖြစ်နေသလို အဲဒီပညာတွေကို ဖြန့်ဝေဖို့အတွက် လိုအပ်သမျှတွေကိုလည်း အာဏာပိုင်တွေဘက်က ဖြည့်ဆီးပေးတာမျိုး မရှိပါဘူး။ ပညာရှင်တွေဟာ ချောင်ထိုးခံရသလို ဖြစ်နေရပါတယ်။ ဒါဟာ ပညာရှင် အများစုကြီး ပြည်ပနိုင်ငံတွေဆီ ထွက်လာကြခြင်းရဲ့ အကြောင်းတချက်ပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ ပညာရေးကို အသေအချာ ထူထောင်နေတာမို့ ၁၉၇၀ခုနှစ်တွေကတည်းက အမေရိကန်နိုင်ငံတ၀ှမ်းက ဟားဗတ်တက္ကသိုလ်၊ ကောနဲလ် တက္ကသိုလ်၊ ဘာကလေ တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ အီလီနွိုက်တက္ကသိုလ်လို အောင်မြင်ကျော်ကြားတဲ့ တက္ကသိုလ်ကြီးတွေမှာ ပညာသင်ဖို့ ပညာတော်သင်တွေ ရာနဲ့ချီပြီး စေလွှတ်သင်ကြားစေခဲ့တာပါ။ ပညာတော်သင် အစီအစဉ် တသုတ် တသုတ်ကို လူ၃၀၀ကျော်အထိ စေလွှတ်တာပါ။ အဲလိုပဲ ကနေဒါနိုင်ငံ တရုတ်နိုင်ငံ နဲ့ ဂျပန်နိုင်ငံတွေကိုလည်း ပညာတော်သင်တွေ အမြောက်အများ စေလွှတ်ပါတယ်။ ပြီးတော့ နိုင်ငံတကာ ပညာရှင်တွေရဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြတဲ့ ဆွေးနွေးပွဲတွေ ဖိုရမ်တွေကိုလည်း တောင်ကိုရီးယားက ပညာရှင်တွေ ပါဝင်တက်ရောက် ဆွေးနွေးခွင့် ရကြပါတယ်။

အဲလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆွေးနွေးခွင့်တွေ ရတဲ့အတွက် နောက်ဆက်တွဲ အကျိုးကျေးဇူးကတော့ အဲဒီပညာရှင်တွေဟာ သူတို့ရလာတဲ့ အသိပညာ ဗဟုသုတတွေကို ကိုယ့်နိုင်ငံပညာရေးအတွက် ပြန်ပြီး ဖြန့်ဝေ အသုံးချနိုင်တာမို့ တောင်ကိုရီးယားနိုင်ငံဟာ အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ စံမီသိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ တီထွင်ထုတ်လုပ်မှုတွေနဲ့အတူ အဘက်ဘက်ကတိုးတက်နေတဲ့ စံမီနိုင်ငံအဖြစ်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ပညာခေတ်၊ နည်းပညာခေတ်မှာ တောင်ကိုရီးယားနိုင်ငံဟာ ပညာရေးနဲ့ သိပ္ပံနည်းပညာကို အားပြုပြီးတော့ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကိုအသုံးချပြီး နိုင်ငံကို ကြိုးပမ်းတည်ဆောက်နေတာမို့လို့ လည်း ပညာကို အခြေခံပြီး ဆင့်ပွားသွားတဲ့ စီးပွားရေး အဆင့်အတန်း လူမှုရေး အဆင့်အတန်းတွေမှာပါ တိုးတက်ဖွံ့ဖြိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ရာထူးအနေအထား မြင့်တယ်လို့ ဆိုနိုင်တဲ့ ပါမောက္ခတွေတောင် အတော်များများက နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပညာတော်သင် အစီအစဉ် တွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ မတက်ဖူးကြပါဘူး။ ပညာရေးဝန်ထမ်းတွေဟာ ကျောင်းတွေမှာ သင်ကြားရေးတွေ စာမေးပွဲလုပ်ငန်းစဉ်တွေနဲ့သာ အချိန်ကုန်ပင်ပမ်းနေကြရတာမို့ ကျောင်းအလိုက် ဌာနဆိုင်ရာအလိုက် စာတမ်းဖတ်ပွဲတွေတောင် ပုံမှန်မလုပ်နိုင်ကြပါဘူး။ အဲဒီအခါ နိုင်ငံတကာ အဆင့်ထိအောင် အမြင်ကျယ်ပြောတဲ့ အတွေ့အကြုံ ဗဟုသုတကိုလည်း စိတ်မ၀င်စားကြတော့ပါဘူး။ အဲဒီအခါ မြန်မာနိုင်ငံက ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်မီ ပညာရှင်တွေရဲ့ တန်ဖိုးနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုတောင် မတောင်းဆိုကြ တော့ပါဘူး။ အဲဒီအပြင် ကိုယ်ရသင့်တဲ့ အခွင့်အရေးကို တောင်းဆိုကြတဲ့ ကျောင်းသားတွေကိုတောင် အုပ်ချုပ်သူ အာဏာပိုင်တွေအလိုကျ ဟန့်တားတာတွေ၊ တင်းတင်းမာမာ ချုပ်ကိုင်တာတွေ အမျိုးမျိုး လုပ်လာပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေ ရသင့်တဲ့ အခွင့်အရေးကျတော့ သာမန် အခွင့်အရေးလေးတွေလောက်ကိုတောင် ပညာရေးအာဏာပိုင်တွေဘက်က ဖြည့်ဆည်းပေးတာ၊ လိုက်လျောတာမျိုး မရှိပါဘူး။ ပိုဆိုးတာက ဆရာဆရာမကြီးတွေက နိုင်ငံအာဏာပိုင် မတရားအစိုးရအလိုကျ တသွေမတိမ်း လုပ်ပေးနေတဲ့ ပြဿနာပါပဲ။ ကိုယ့်ကျောင်းသား တွေအတွက် ကမ္ဘာ့အဆင့်မီ ပညာရေးကို ရအောင် ဆရာဆရာမတွေကတောင် ဦးဆောင် တောင်းယူ ဖန်တီးပေးသင့်တာပါ။ ခုကတော့ အခြေခံပညာရေးကနေစလို့ ပါရဂူတန်းတွေအထိ အရည်အချင်း မပြည့်မီဘဲ အတန်းတင်တာမျိုး ဘွဲ့ပေးတာမျိုးတွေ လုပ်ပေးနေတာဟာ သမိုင်းပါရဂူ ဆရာကြီး ဒေါက်တာသန်းထွန်းစကားနဲ့ပြောရရင် အဆိပ်ပင် ရေလောင်း နေတဲ့ ကိစ္စတွေပါပဲ။

နိုင်ငံတကာမှာကတော့ ပညာရေးပညာရှင်ဆိုတာဟာ ခေတ်မီနေတဲ့ ကမ္ဘာနဲ့ အညီ ရင်ပေါင်တန်းလိုက်နိုင်တဲ့၊ နိုင်ငံတကာအတွေ့အကြုံနဲ့ မစိမ်းတဲ့သူတွေပါ။ ပညာရှင်တွေဟာ ကိုယ့်နယ်ပယ် ကိုယ့်ပညာရပ်တွေမှာ လုပ်ပိုင်ခွင့် အပြည့်ရရသလို ကိုယ့်ကျောင်းသားရဲ့ ကံကြမ္မာကိုလည်း အပြည့်အ၀ ဖန်တီးပေးနိုင်ကြပါတယ်။ ပညာရှင် တွေအနေနဲ့ စာသင်ကြားရေးနဲ့ ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းတွေကို အခြေအနေ အချိန်ခါအရရော ငွေကြေးအရပါ တွဲဖက် လုပ်သွားနိုင်ပါတယ်။ ဒါကြောင့် ပညာရှင်တွေရဲ့ ပညာရပ်ပိုင်း ဆိုင်ရာကိုပါ အစဉ်အမြဲ တိုးတက်နေစေနိုင်ပါတယ်။ ဒါဟာ ပညာရှင်တွေ ရရမယ့် ပုံမှန် အခွင့်အရေးဖြစ်သလို ပညာရပ်တွေနဲ့ ပတ်သက်ဆက်နွယ် နေတဲ့ သူတိုင်း ရနိုင်တဲ့ ရရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံဟာ ပညာရှင်တွေ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပညာရေး စနစ်ကြီးထဲမှာမှ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ဆိုရင်၊ အရည်အသွေးတွေကို အဖျက်ဆီးခံနေရတယ်ဆိုရင် အဲဒီနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လိုမှ တိုးတက်ဖွံ့ဖြိုး မလာနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ ခေတ်တခေတ်ကို ကောင်းအောင် ပြုပြင်ရမယ့်တာဝန်ရှိတဲ့ ပညာရှင်တွေ ကျောင်းသားတွေကသာ ခေတ်ရဲ့ အပြောင်းအလဲကို ဦးဆောင်ကြ ရတယ်ဆိုတာ တရုတ်နိုင်ငံ ကိုရီးယားနိုင်ငံတွေက အနီးဆုံး သက်သေတွေပါပဲ။ မြန်မာနိုင်ငံမှာလည်း ၇ဇူလိုင်က သက်သေပါပဲ။ ၈လေးလုံး အရေး တော်ပုံကြီးက သက်သေပါပဲ။ အနည်းဆုံးတော့ ပညာရှင်ဆရာ ဆရာမကြီးတွေ ကျောင်းသားကျောင်းသူတွေဟာ ကိုယ့်နိုင်ငံအနာဂတ်အတွက်လို့ မျှော်ရည်ပြီး မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆို အရယူသင့်ပြီဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၇)

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...