Friday, April 3, 2009

Building Knowledge Economies စာတမ်း(၅)


ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို မူလတန်းပညာရေးအတွက်… အလယ်တန်းနဲ့ အထက်တန်းပညာရေးအတွက်… တက္ကသိုလ်ကောလိပ်အဆင့် ပညာရေးအတွက် စသဖြင့် တကဏ္ဍစီကို အသေးစိတ် ဆွေးနွေးတင်ပြနေခဲ့တာ ခုတပတ်မှာတော့ နောက်ဆုံးကဏ္ဍအဖြစ် စဉ်ဆက်မပြတ် ပညာရေးနဲ့ ပတ်သက်တဲ့ အကြံပြုချက် မူဝါဒတွေကို ပြောပြပါ့မယ်၊

စဉ်ဆက်မပြတ်ပညာရေးအတွက် ပထမဆုံးအကြံပြုထားတာကတော့ စာတတ်မြောက်မှုနှုန်း မြင့်မားလာရေး အတွက် ဆောင်ရွက်ရမယ်ဆိုတာ ဖြစ်ပါတယ်၊ ဒါကတော့ ပညာကို တသက်တာလုံး စဉ်ဆက်မပြတ် သင်ယူ သွားနိုင်ဖို့ဆိုရင် နိုင်ငံသားတွေဟာ စာတတ် မြောက်ပြီးသားဖြစ်ဖို့ တနည်းအားဖြင့် အခြေခံပညာရေးကို ရထား ပြီးသား ဖြစ်ဖို့တော့ လိုပါတယ်၊ ဒါမှပဲ အကြောင်းကြောင်းကြောင့် ကျောင်းပညာရေးကို မယူနိုင်တဲ့ မရနိုင်တဲ့ သူတွေဟာ ပြင်ပကနေ ကိုယ့်ဘာသာ စာဖတ်လေ့လာပြီး ပညာကို စဉ်ဆက်မပြတ် သင်ယူသွားနိုင်မှာ ဖြစ်ပါ တယ်၊

ဒါကြောင့်ပဲ နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့ တနည်းအားဖြင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာစေဖို့အတွက် အစိုးရတွေက Education for All ဆိုတဲ့ ရည်မှန်းချက်နဲ့ အခြေခံပညာအဆင့်ကို အခမဲ့ပညာရေးအဖြစ် သတ်မှတ်ပေးထားကြတာပါ၊ ဒါမှပဲ မိဘတွေအနေနဲ့ ကလေးပညာရေးအတွက် စရိတ်စကကို သိပ် မပူပင် ရတော့တာ မို့လို့ ကလေးတိုင်း စာသင်ခန်းထဲ ရောက်လာနိုင်တာကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံက စာမတတ်သူတွေကိုလည်း အရေး အဖတ် အတွက် စတဲ့ အခြေခံကျတဲ့ ပညာရေးမျိုးကို သင်ကြားပေးနိုင်ဖို့ စီမံချက်တွေ ချမှတ်ပြီး စနစ်တကျ ဆောင်ရွက်ဖို့ လိုပါတယ်၊ ဒါမှပဲ နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ အမြောက်အများ ရရှိလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာရေးအတွက် ဆောင်ရွက်ရ မယ်ဆိုတဲ့ မူဝါဒဟာ မြန်မာနိုင်ငံအတွက် အဓိက လိုအပ်ချက်ပဲ ဖြစ်တယ်လို့ ဆိုရမှာပါ၊

Building Knowledge Economies စာတမ်းရဲ့ စဉ်ဆက်မပြတ်ပညာရေးနဲ့ ပတ်သက်တဲ့ ဒုတိယ အကြံပြုချက်ကတော့ Economy အရ လိုအပ်တဲ့ အရည်အချင်း တွေ ပြည့်မီအောင် သင်ကြားပေးနိုင်မယ့် သင်တန်းတွေ ဖွင့်ပေးရမယ် ဆိုတာဖြစ်ပါတယ်၊ ဒါကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ Economy အရ လူ့အဖွဲ့အစည်းတခု စနစ်တကျ ဖန်တီးဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေကို ကျောင်းပညာရေးထဲမှာ သင်ရိုးအဖြစ် ထည့်သွင်းပြီး သင်ကြားလေ့ကျင့်ပေးသလိုပဲ တချိန်တည်းမှာ ကျောင်းပြင်ပ Informal Education အနေနဲ့ လေ့လာသင်ယူနေသူတွေအတွက်လည်း Economy နဲ့ ပတ်သက်တဲ့ အသိပညာတွေကို သင်ကြား ပေးနိုင်မယ့် အလုပ်ရုံဆွေးနွေးပွဲ Workshop တွေ။ သင်တန်းတွေ ဖွင့်ပေးဖို့ပါ၊ ဒါကလည်း နိုင်ငံတနိုင်ငံရဲဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးမှာ အဓိကကျတဲ့ လိုအပ်ချက်တရပ်ပဲ ဖြစ်ပါတယ်၊

နောက်ထပ်အကြံပြုချက်တချက်ဖြစ်တဲ့ အရည်အချင်းမြှင့်တင်ရေးသင်တန်းတွေ ဖွင့်ပေးရမယ် ဆိုတာ ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစိုးရတွေနဲ့အတူ ကုလသမဂ္ဂအပါအ၀င် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGOs)တွေ ပူးပေါင်းဆောင်ရွက်နေကြတဲ့ မူဝါဒပဲ ဖြစ်ပါတယ်၊ အဓိကကတော့ လူ့အဖွဲ့အစည်းထဲမှာ တိုးတက် တဲ့ အပြောင်းအလဲ ဖြစ်ဖို့အတွက် နိုင်ငံသားတွေမှာ ရှိဖို့ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ… ဥပမာပြောပြရရင် လူသားချင်း ကူညီပံ့ပိုးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ သင်တန်းမျိုးတွေ။ ဆွေးနွေးပွဲတွေ၊ ပြီးတော့ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပံ့ပိုးမှုတွေပေးဖို့ သိသင့်တဲ့ အချက်အလက်တွေ ဥပမာ… ပညာရေး ကျန်းမာရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးတွေနဲ့ သိပြံပညာဆိုင်ရာဗဟုသုတတွေကို ဖြန့်ဝေပေးနိုင်ဖို့အတွက် workshop တွေ သင်တန်းတွေ လုပ်ကြဖို့ပါ၊ အဲဒီအခါ အဲဒီသင်တန်းတွေ ဆွေးနွေးပွဲ တွေမှာ ပါဝင်တက်ရောက်တဲ့သူတွေ အချင်းချင်း ၀ိုင်းဝန်း ဆွေးနွေး အဖြေရှာကြရင်းနဲ့ အရည်အချင်းတွေ မြင့်တက်စေလာမှာ ဖြစ်ပါတယ်၊

နိုင်ငံတကာမှာကတော့ စဉ်ဆက်မပြတ် ပညာသင်ချင်တဲ့ ကိုယ့်နိုင်ငံသားတွေအတွက်ရော ကျောင်းသား လူငယ် တွေအတွက်ရော အလွယ်တကူ ပညာရှာလို့ရအောင် အင်တာနက်ကို လွယ်လွယ်ကူကူ သုံးနိုင်အောင် စီစဉ်ပေးထားတဲ့အတွက် ebook, audio book တွေ ရှာဖွေ လေ့လာဖတ်ရှုနိုင်တာမျိုး။ လိုအပ်တဲ့ စာအုပ် စာတမ်းတွေကို ပြည်ပကနေ တင်သွင်းပြီး ပြန် ဖြန့်ပေးတာမျိုး။ ပညာရပ်ဆိုင်ရာ စီဒီတွေ ထုတ်ဝေခွင့် ပေးထားတာမျိုးနဲ့ ပညာရေးဆိုင်ရာအသိအမြင်တွေရအောင် အများကြီး လမ်းဖွင့်ပေးထားတာ တွေ့ရပါတယ်၊ တကယ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကမ္ဘာနဲ့အညီ အချိန်မီ လိုက်နိုင်ဖို့ ဆိုရင် အဲလို ပညာရေးလွတ်လပ်ခွင့် နည်းပညာ လွတ်လပ်ခွင့်တွေ ရှိဖို့ လိုပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို အဘက်ဘက်က နိမ့်ကျယိုယွင်းနေတဲ့ တိုင်းပြည်မှာဆိုရင် စဉ်ဆက်မပြတ် ပညာရေးအဖြစ် Informal ပညာရေးကို သေသေချာချာ လမ်းဖွင့် အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်၊

ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရက အိုင်တီနည်းပညာနဲဏ္ဍ ဗဟုသုတရှာဖွေ ပညာ ဆည်းပူးနေတဲ့ လူငယ်တွေကို အမျိုးမျိုး ပိတ်ဆို့ တားမြစ်နေရုံ သာမကဘဲ ခြိမ်းခြောက် ပြစ်ဒဏ်ပေးတာတွေပါ လုပ်နေတာပါ၊ ဒါကြောင့်ပဲ ပညာတတ်လူငယ် အိုင်တီနည်းပညာရှင် ဘလော့ဂါ နေဘုန်းလတ်ကို အပြစ် တစုံတရာ မရှိပါဘဲနဲ့ အီလက်ထရွန်းနစ်ဥပဒေဆိုတာနဲ့ နှစ်ရှည် ထောင်ချ အပြစ်ပေးခဲ့တာပါ၊ ဒါဟာ အိုင်တီ နည်းပညာကို သုံးပြီး ဘ၀အောင်မြင်ရေးအတွက် ကြိုးစားနေတဲ့ လူငယ်ထု တစ်ရပ်လုံးရဲ့ လက်တွေ့ဘ၀နဲ့ အနာဂတ်တွေကို ထောင်ချလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်၊ အဲဒီအပြင် ဒါဟာ ဒီကနေ့ လူငယ်ထုရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ တည်ဆောက်မယ့် ခေတ်မီ မြန်မာနိုင်ငံကြီးဖြစ်လာမယ့် အနာဂတ်ကို တားမြစ်ဖျက်ဆီး လိုက်တာ နဲ့လည်း အတူတူပဲ ဖြစ်ပါတယ်၊

တကယ်တော့ ပြည်သူလူထုအနေနဲ့ စဉ်ဆက်မပြတ်ပညာရေး ရဖို့အတွက်ဆိုရင် အာဏာရှင်အစိုးရတွေက ဘယ်လိုပဲ ပိတ်ပင်တားဆီးပေမဲ့ ကိုယ့်ဘာသာ နည်းလမ်း ရှာဖွေပြီး လေ့လာသင်ယူလို့တော့ ရနိုင်ပါတယ်၊ ရနိုင်သလောက် စာအုပ်စာတမ်းတွေ ရှာဖွေ ဖတ်တာမျိုး။ အနည်းဆုံး ပြည်ပ လှိုင်းတို ရေဒီယိုတွေကနေ ထုတ်လွှင့်ပေးနေတဲ့ အသံလွှင့်အစီအစဉ်တွေကို မပြတ် နားထောင်ပြီး အင်္ဂလိပ်စာ အင်္ဂလိပ်စကားကအစ သတင်းအချက်အလက်တွေ အထွေထွေ ဗဟုသုတတွေအထိ လေ့လာ ရယူနိုင်ပါတယ်၊ အဲဒီအတွက် မီဒီယာတွေဘက်ကလည်း လူငယ်တွေ ပြည်သူတွေအတွက် လိုအပ်မယ့် အသိပညာပေးအစီအစဉ်တွေကို စီစဉ် ထုတ်လွှင့်နေကြပါတယ်။၊ ဒါကြောင့် စဉ်ဆက်မပြတ် ပညာရေးမျိုး ရယူသင်ကြားနိုင်ဖို့ အတွက် အစိုးရတွေမှာ အဓိက တာဝန်ရှိတယ်ဆိုပေမဲ့ မြန်မာနိုင်ငံလို အာဏာရှင်အစိုးရမျိုးရဲ့ လက်အောက်မှာတော့ ပြည်သူလူထု အနေနဲ့ ကိုယ့်အားကိုယ့်ကိုးစနစ်နဲ့ စဉ်ဆက်မပြတ်ပညာရေးကို ကြိုးစားရယူသင့်တယ်လို့ အကြံပြု တင်ပြလိုက် ရပါတယ်၊


Building Knowledge Economies စာတမ်း(၄)


မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထား လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး နည်းယူ ဆောင်ရွက်သင့်တဲ့ ပညာရေးဆိုင်ရာ အကြံပြုချက်တွေအနေနဲ့ ကမ္ဘာ့ဘဏ် ဖွံ့ဖြိုး တိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies စာတမ်းပါ ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို အသေးစိတ် ဆွေးနွေးတင်ပြနေတာ ဖြစ်ပါတယ်။ ခု ဒီတပတ်မှာတော့ တက္ကသိုလ်ကောလိပ်အဆင့်မှာ ချမှတ်သင့်တဲ့ မူဝါဒတွေကို ပြောပြသွားမှာပါ။

တက္ကသိုလ်ကောလိပ်အဆင့်နဲ့ ပတ်သက်တဲ့ မူဝါဒတွေထဲမှာ
- ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့ ဆောင်ရွက်ရမယ်
- Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရ မယ်
-ကျောင်းသားတွေရဲ့ လက်တွေ့ကျကျ စီစဉ်လုပ်ဆောင်တတ်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့ အတွက် လုပ်ငန်းရှင်တွေဆီက အကြံဥာဏ်တွေ ရယူရမယ်
- အချိန်ကာလတိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်း ဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ်
ဆိုတဲ့အချက်တွေကို ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီအချက်တွေကို လက်ရှိမြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးအခြေအနေနဲ့ တချက်ချင်း နှိုင်းယှဉ် ချိန်ထိုး ကြည့်မယ်ဆိုရင် ပညာရေးအဆင့်အတန်းမြင့်မားလာစေဖို့ ဆောင်ရွက်ရမယ် ဆိုတဲ့နေရာမှာ နိုင်ငံတကာစံချိန်မီ အဆင့်မြင့်တက္ကသိုလ်ပညာရေးဖြစ်ဖို့အတွက် ကျောင်းသားလူငယ်တွေဟာ အခြေခံ ကျောင်းသားအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ဆည်းပူးလေ့လာခွင့်၊ လွတ်လပ်စွာ စုဝေးတိုင်ပင်ခွင့်၊ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်၊ လွတ်လပ်စွာ ကြံစည်အားထုတ်ခွင့်၊ လွတ်လပ်စွာ သုတေသနပြုခွင့်နဲ့ လွတ်လပ်စွာ ရေးသားဖန်တီးခွင့်တွေ ရှိရပါမယ်။ ဒါမှပဲ ကျောင်းသား လူငယ်တွေဟာ ခေတ်မီတိုးတက်တဲ့ ပညာရေးမျိုးကို ရနိုင်မှာဖြစ်ပါတယ်။

အဲဒီအပြင် တက္ကသိုလ်ပညာရေး အဆင့်အတန်းမြင့်မားလာစေဖို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နိုင်ငံတကာအဆင့်မီ သိပ္ပံနဲ့နည်းပညာတွေ၊ စာအုပ်စာတမ်းနဲ့ သင်ကြားရေး အထောက်အကူပြု ပစ္စည်း ကိရိယာတွေ၊ အရည်အသွေး ပြည့်မီတဲ့ ဆရာဆရာမတွေ၊ အရည်အသွေးမီ ကျောင်းဆောင် စာသင်ခန်းတွေ ကိုလည်း မြန်မာနိုင်ငံပညာရေးထဲမှာ ခုချိန်ထိ လိုအပ်နေသေးတာ တွေ့နေရပါတယ်။ ဒါကြောင့်ပဲ Building Knowledge Economies စာတမ်းပါ အကြုံပြုချက်ထဲက ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့ ဆောင်ရွက် ရမယ်ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံအနေနဲ့ အထူး ထည့်သွင်းဆောင်ရွက်ရမယ့် အချက်ပဲ ဖြစ်ပါ တယ်။

Building Knowledge Economies စာတမ်းအရ တက္ကသိုလ်ကောလိပ်အဆင့်အတွက် နောက်ထပ် ချမှတ်သင့် တဲ့ မူဝါဒကတော့ Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရမယ်… ဆိုတာဖြစ်ပါတယ်။ ဒီနေရာမှာ Economy ဆိုတာက လူ့အဖွဲ့အစည်းတခုရဲ့ ငွေကြေးဆိုင်ရာ အုပ်ချုပ်ရေး စနစ်ပါ၊ နိုင်ငံတနိုင်ငံမှာ ငွေကြေးဆိုင်ရာ မူလရင်းမြစ်တွေကို ဘယ်လို ခိုင်မာအောင် လုပ်မလဲ။ ဘယ်လို ခြိုးခြံချွေတာ သုံးစွဲမလဲဆိုတာတွေကို ချဉ်းကပ် လေ့လာရမှာပါ၊ ဒါမှပဲ တချိန်မှာ ဦးဆောင်သူတွေ ဖြစ်လာမယ့် ကျောင်းသား လူငယ်တွေဟာ နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခု အတွက် လိုအပ်တဲ့ ငွေကြေးဆိုင်ရာ စီမံကွပ်ကဲမှုကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို အဘက်ဘက်က ဆုတ်ယုတ် ကျဆင်းနေတဲ့ နိုင်ငံမျိုးမှာတော့ ပြန်လည်ထူထောင်နိုင်ရေးမှာ Economy နဲ့ ပတ်သက်ပြီး အသုံးဝင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ ဦးတည်ရမယ် … ဆိုတဲ့ မူဝါဒဟာ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးအတွက် အထူးလိုအပ်ချက်ပဲ ဖြစ်ပါတယ်။

နောက်ထပ် မူဝါဒတချက်ကတော့ ကျောင်းသားတွေရဲ့ လက်တွေ့ကျကျ စီစဉ်လုပ်ဆောင် တတ်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေဆီက အကြံဥာဏ်တွေ ရယူရမယ်… ဆိုတာ ဖြစ်ပါတယ်။ ဒါကလည်း Economy နဲ့ ဆက်စပ်နေတာပါပဲ။ တက္ကသိုလ်ကျောင်းသားတွေအဖို့ ကျောင်းပညာရေးပြီးဆုံးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ရာမှာ အဆင်ပြေအောင် ကျောင်းပညာရေးကာလမှာ ကတည်းက လုပ်ငန်းသဘောတွေနဲ့ ထိတွေ့လေ့ကျင့်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တက္ကသိုလ် ပညာရေးထဲမှာ ဘာသာရပ်အလိုက် လက်တွေ့ လေ့ကျင့်နိုင်ဖို့အတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးသင့်တယ် ဆိုတာကို လုပ်ငန်းရှင်တွေ နဲ့ ပညာရေးအာဏာပိုင်တွေ တွေ့ဆုံတိုင်ပင်တာမျိုး အကြံဥာဏ်ရယူတာမျိုးပါ။ ဒါဟာလည်း စီးပွားရေးပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ မျိုးဆက်သစ်တွေအတွက် ဆောင်ရွက်ပေးသင့်တဲ့ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒပဲ ဖြစ်ပါတယ်။

တက္ကသိုလ်ကောလိပ်အဆင့်အတွက် နောက်ဆုံး အကြံပြုထားတဲ့ မူဝါဒကတော့ အချိန်ကာလတိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ် ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက နည်းပညာ တက္ကသိုလ်တွေမှာတောင် သင်ထောက်ကူပစ္စည်းဆိုင်ရာ အားနည်းချက်တွေနဲ့ သင်ကြားရေးဆိုင်ရာ အားနည်းချက်တွေကြောင့် လုပ်ငန်းခွင်ထဲမှာ လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင် တဲ့ ပညာရေးမျိုးကို မရနိုင်သေးပါဘူး။ ဒါကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်တဲ့ နည်းပညာ အတတ် ပညာရှင်တွေကို အချိန်မီ မွေးထုတ်နိုင်ဖို့ ဆိုတာလည်း အထူးလိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကာလ တိုတိုအတွင်းမှာ တတ်မြောက်နိုင်မယ့် ပိုလီတက်ကနစ်လို နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ဖွင့်ရမယ် ဆိုတဲ့ မူဝါဒကလည်း မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ကောလိပ်အဆင့် ပညာရေးထဲမှာ ထည့်သွင်း ချမှတ် သင့်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ မူဝါဒတွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထား၊ လိုအပ်ချက် တွေနဲ့ ကိုက်ညီပြီး နည်းယူ ဆောင်ရွက်သင့်တဲ့ ပညာရေးဆိုင်ရာ အကြံပြုချက်တွေလည်း ဖြစ်တာမို့လို့ ဆွေးနွေး တင်ပြလိုက်ရပါတယ်။


Building Knowledge Economies စာတမ်း(၃)


ပြီးခဲ့တဲ့ နှစ်ပတ်မှာတုန်းက ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies စာတမ်းပါ ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေထဲက မူလတန်းအဆင့် ကျောင်းပညာရေးမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ ကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ ဒီတပတ်မှာတော့ အလယ်တန်း နဲ့ အထက်တန်း ပညာရေးတွေအတွက် စဉ်းစားချမှတ်သင့်တဲ့ အခြေခံမူ တွေကို ဆက်ပြီး ဆွေးနွေးသွားပါ့မယ်။

Building Knowledge Economies စာတမ်းအရ
အလယ်တန်းနဲ့အထက်တန်းပညာရေးတွေမှာ
- အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ်
- အထက်တန်းပညာရေးပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်နိုင်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ် … ဆိုတဲ့ မူဝါဒတွေကို တွေ့ရပါတယ်။

အဲဒီမှာ အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ မူဝါဒကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ချိန်ထိုးပြီး စဉ်းစားကြည့်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာက အခြေခံပညာရေးအဆင့် ၅နှစ်တာကာလထဲမှာတင် ကျောင်းစရိတ်နဲ့ မိသားစု စားဝတ်နေရေးပြဿနာတွေ ကြောင့် ကလေးတွေ ကျောင်းထွက်နှုန်း များနေပါတယ်။ ဒါကြောင့် အလယ်တန်းအဆင့် ရောက်တဲ့ အခါမှာတော့ မူလတန်းတုန်းက ကျောင်းဝင်နှုန်းနဲ့ အလယ်တန်းကျောင်းဝင်နှုန်းက အများကြီး လျော့ကျသွားတာ ကို နှစ်တိုင်း တွေ့နေကြရပါ တယ်။

ကမBာ့ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ရဲ့ ၂ဝဝ၈ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံ အခြေခံပညာရေးအခြေအနေအတွက် ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားအရ ၂ဝဝ၆ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စာရင်းအရ မူလတန်းတက်ရောက်တဲ့ ကလေးအရေအတွက်က ယောက်ျားလေး ၈၃ ရာခိုင်နှုန်း မိန်းကလေး ၈၄ ရာခိုင်နှုန်းရှိပြီးတော့ အလယ်တန်း အဆင့်ကို ဆက်တက်နိုင်တဲ့ အရေအတွက်ကတော့ ယောက်ျားလေးက ၅၁ရာခိုင်နှုန်းပဲ ရှိပြီး မိန်းကလေး က ၄၈ရာခိုင်နှုန်းသာ ရှိတော့တာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ ကျောင်းထွက်နှုန်း မြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်လှတဲ့ ပညာတတ်လူငယ်တွေကို ဆုံးရှုံးနေရတာပဲ ဖြစ်ပါ တယ်။

ဒါကြောင့် အလယ်တန်းပညာရေးအတွက် ကျောင်းအပ်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်ရမယ် ဆိုတဲ့ Building Knowledge Economies စာတမ်းက အကြံပြုထားတဲ့ အခြေခံမူဟာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အချက်ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ အဲဒီအပြင် မိန်းကလေး ၄၈ရာခိုင်နှုန်းသာ အလယ်တန်း ပညာရေးကို ဆက်သင်နိုင်တော့တာဟာလည်း ပြီးခဲ့တဲ့ တပတ်မှာ တင်ပြခဲ့တဲ့ အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးရမယ်..ဆိုတဲ့ အခြေခံမူကို လိုအပ်နေ တဲ့ သဘောပဲဖြစ်ပါတယ်။

နောက်တချက်ကတော့ အထက်တန်းပညာရေးပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်နိုင်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ်.. ဆိုတဲ့ မူဝါဒ ပါ။ အဲဒီနေရာမှာလည်း မြန်မာနိုင်ငံရဲ့ အထက်တန်းပညာရေးကို သုံးသပ်စဉ်းစားဖို့ လိုလာပါတယ်။ စစ်အစိုးရက မြန်မာနိုင်ငံရဲ့ အခြေခံအထက်တန်းပညာရေးကို ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်ကစလို့ GCE O'level (General Certificate of Education Ordinary level) အဆင့်မီအောင် ပြဌာန်းသင်ကြားမယ်လို့ ကြေငြာခဲ့ပါတယ်။ ကျောင်းသားတွေ အနေနွဲ့ဃန ဥဒူနလနူ အဆင့်မီ ပညာရေးမျိုးကို တကယ်ရပြီး အခြေခံပညာ အထက်တန်းကို အောင်မြင်ခဲ့တယ်ဆိုရင်တော့ နိုင်ငံတကာပညာရေးကို ဆက်ပြီး အလွယ်တကူ ချိတ်ဆက်တက်ရောက်နိုင်မှာဖြစ်သလို ပညာရေးအရ ရှေ့မဆက်နိုင်ရင်တောင်မှပဲ ကိုယ့်နိုင်ငံမှာ သက်မွေး ဝမ်းကျောင်း အလုပ်ခွင်ဝင်နိုင်ဖို့အတွက် သင့်တော်တဲ့ အရည်အချင်းသတ်မှတ်ချက်ကို ရသွားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နည်းမီအတုယူနေတယ်လို့ ဆိုနိုင်တဲ့ စင်္ကာပူနိုင်ငံရဲ့ အထက်တန်း ပညာရေးမှာတော့ GCE O’Level အဆင့်မီဖို့အတွက် အဓိက ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ သချာင်္၊ သိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲတွေနဲ့အတူ မိခင်ဘာသာစကားနဲ့ နိုင်ငံခြားဘာသာစကားတမျိုးကို သင်ရိုးအဖြစ် ပြဋ္ဌာန်းထား ပါတယ်။ အဲသလိုပဲ မြန်မာနိုင်ငံရဲ့ အနီးဆုံးအိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း အထက်တန်းပညာရေးမှာ GCE O’Level အဆင့်မီဖို့အတွက် စင်္ကာပူနိုင်ငံနဲ့ အလားတူ ဘာသာရပ်တွေကိုပဲ ပြဌာန်းထားတာ တွေ့ရပါတယ်၊ ထိုင်းနိုင်ငံမှာက အနုပညာနဲ့ ဂီတဘာသာရပ် တမျိုးတော့ စင်္ကာပူနိုင်ငံထက် ပိုတာ တွေ့ရပါ တယ်။

တကယ်တော့ အထက်တန်းပညာသင်အဆင့် ကျောင်းသားလူငယ်တွေအနေနဲ့ ကမ္ဘာ့ပညာရေးစနစ်နဲ့ ကိုက်ညီ အဆင့်မီပြီး တန်းတူအခွင့်အရေးရှိတဲ့ ပညာရေးမျိုးကို ရဖို့ကသာ အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဦးစားပေး ထူထောင်နေတဲ့ နိုင်ငံအများစုက တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံကြီး တွေရဲ့ ပညာရေးစနစ်တွေကို အတုယူ နည်းမှီပြီး ကြိုးစားတည်ဆောက်နေကြပါတယ်။ ဒါမှလည်း ကျောင်းသား လူငယ်တွေအနေနဲ့ မိမိတို့နိုင်ငံမှာ မရှိသေးတဲ့ အဆင့်မြင့်ပညာရေးမျိုးကို ပြည်ပနိုင်ငံကြီးတွေမှာ လွယ်လင့် တကူ ချိတ်ဆက်ပြီး တန်းတူ ပညာသင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒီအပြင် GCE O’Level အဆင့်မီအဖြစ် ပြဌာန်းထားတဲ့ အခြေခံသင်ရိုးတွေဟာလည်း ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ ဘာသာရပ်မျိုးတွေကို ရွေးချယ်ပြဌာန်း ထားတာ ဖြစ်တဲ့အတွက် အထက်တန်းပညာရေး အောင်မြင်ပြီးတဲ့နောက် တက္ကသိုလ် ပညာရေးအထိ ဆက်ပြီး မတက်နိုင်ရင်တောင်မှဘဲ လက်တွေ့ သက်မွေး ဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်နိုင် လောက်တဲ့ အာမခံချက်မျိုးကို ရသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနဲ့ဆိုရင်တော့ ကျောင်းသားတွေအတွက် အဲဒီ GCE O’Level အဆင့်မီ ပညာရေးကို ကျောင်းတွင်းပညာရေးထဲကနေ ထိထိရောက်ရောက် ပေးနိုင်ဖို့နဲ့ အရေအတွက်ထက် အရည်အချင်း အရည်အသွေးတွေကို ပိုပြီး မြှင့်တင်ပေး နိုင်ဖို့တွေ လိုအပ်နေပါတယ်။

ဒါကြောင့် ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ပညာရေးအခြေခံမူတချက်ဖြစ်တဲ့ အထက်တန်း ပညာရေး ပုံစံကို တက္ကသိုလ်ကောလိပ်ပညာရေးအတွက် ရည်ရွယ်ပြင်ဆင် ပေးရုံသာမကဘဲ လုပ်ငန်းခွင်မှာပါ အဆင်ပြေသင့်လျော်မယ့် ပညာရေးအစီအစဉ်တွေ ဖန်တီးပေးရမယ် ဆိုတာဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထည့်သွင်း စဉ်းစားရမယ့် မူဝါဒတစ်ရပ်ပဲ ဖြစ်တယ်ဆိုတာကို ဆွေးနွေးတင်ပြ လိုက်ရပါတယ်။


Building Knowledge Economies စာတမ်း(၂)

ပြီးခဲ့တဲ့ တပတ်မှာတုန်းက ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies ဆိုတဲ့ စာတမ်းထဲက ပညာရေးဆိုင်ရာ အကြံပြုချက် မူဝါဒတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီထဲမှာမှ မူလတန်းအဆင့် ကျောင်းပညာရေးမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို အသေးစိတ် ဆွေးနွေးခဲ့ ပါတယ်။ အဲဒီထဲက အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးရမယ်.. ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံမှာ အလေးအနက် ထည့်သွင်း စဉ်းစား ရမယ့် အချက်ဖြစ်တာမို့ ဆက်ပြီး အကျယ် ဆွေးနွေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တချို့နေရာတွေမှာ ခွဲခြားဆက်ဆံခံရတာတွေ ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ထုံးတမ်းစဉ်လာ အယူအဆတွေရဲ့ လွှမ်းမိုး မှုကြောင့် ဖြစ်ပါတယ်။ ဥပမာ- သမီးမိန်းကလေးက အိမ်မှုကိစ္စလုပ်တတ်ဖို့ပဲ လိုတယ်… အတန်းပညာတတ်ဖို့ မလိုဘူးဆိုတဲ့အယူအဆက လွှမ်းမိုးနေတဲ့အတွက်ကြောင့်မို့လို့ မိဘတွေ စားဝတ်နေရေးအခက်အခဲကြောင့် သားနဲ့သမီးမှာ တယောက် ကိုသာ ပညာသင်ပေးနိုင်မယ် ဆိုရင် သားကိုသာ ပညာသင်ပေးပြီး သမီးကတော့ အိမ်မှာ ဝိုင်းကူရတာမျိုး မိဘနဲ့အတူ ဝင်ငွေ ကူရှာပေးရတာမျိုးတွေတွေ ဒီနေ့ထက်ထိ ရှိနေတုန်းပါ။ အဲဒါကို ထုံးစံတခုလိုပဲ လူ့ အသိုင်းအဝိုင်း တခုလုံးက လွယ်လင့်တကူ လက်ခံနေတုန်းပါ။

နောက်ပိုင်းမှာ တိုးတက်လာတဲ့ ခေတ်အနေအထားအရရော အမျိုးသမီးတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့်ရော အမျိုးသမီးတွေ ကျောင်းနေနှုန်း ပညာတတ်နှုန်း မြင့်မားလာပေမဲ့ အဆင်မြင့်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေနဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိတဲ့ ရာထူးနေရာ တွေမှာတော့ အမျိုးသမီးတွေဟာ အကန့်သတ်ခံနေရဆဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေမှာ ဆုံးဖြတ်ချက်ချခွင့်ရှိတဲ့ အကြီးအကဲ ရာထူးနေရာတွေမှာဆိုရင် ရွေးချယ်စရာ အမျိုးသားတွေ အဆင်သင့် မရှိမှဘဲ အဲဒီ ရာထူးအတွက် အမျိုးသမီးတွေကို ခန့်ထားတာ တွေ့ရပါတယ်။ အဲဒီအခါမှာ လူမှုအဖွဲ့အစည်းအတွက်ရော၊ လုပ်ငန်းခွင် အတွက်ရော၊ အရေးကြီးတဲ့ တာဝန်တွေကို ယူနိုင်မယ့် အရည်အသွေးရှိတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း အင်အားတွေ အများကြီးကို ဆုံးရှုံးနေကြရတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်ကတော့ ဆုံးဖြတ်ချက်ချရမယ့် လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ရာထူးနေရာမှာ အမျိုးသမီး တွေ ရှိနေမယ်ဆိုရင် အနည်းဆုံးတော့ အမျိုးသမီးလူမှုအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ လွယ်ကူ ချောမောပြီး မျှတမှန်ကန်မှုလည်း ပို ရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍထဲမှာ အမျိုးသမီးတွေအပေါ် ထင်ရှားတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကိုပြောရရင် အခြေခံပညာအထက်တန်း အောင်တာချင်းအတူတူမှာ ဆေးတက္ကသိုလ်လို စက်မှုတက္ကသိုလ်လို သက်မွေး ဝမ်းကျောင်း တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အမှတ်စာရင်းမှာ အမျိုးသမီးတွေကို အမှတ်အများကြီး ပို မြင့်မှ ဝင်ခွင့် ရနိုင်တာမျိုးမှာ တွေ့နိုင်ပါတယ်။ အဲလို ခွဲခြားသတ်မှတ်ထားရခြင်းအတွက် အကြောင်းပြချက်လည်း မတွေ့ရပါဘူး။

မြင်လွယ် သိလွယ်တဲ့ ပညာရေးကဏ္ဍထဲက နောက်ထပ်ဥပမာတခု ပြောပြရရင် တက္ကသိုလ်တွေရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေးရာထူးဖြစ်တဲ့ ပါမောက္ခချုပ်ရာထူးကို ခုချိန်ထိ ဆရာမကြီးတွေ တယောက်မှ မရသေးပါဘူး။ ဒါဟာ သတ်မှတ်ချက်နဲ့ မညီလို့ မခန့်အပ်တာမျိုးမဟုတ်ဘဲ အကြောင်းပြချက် မရှိဘဲနဲ့ အလိုအလျောက် သတ်မှတ်ပြီး သား ဖြစ်နေတာမျိုးပါ။ ဒါကြောင့်ပဲ ခု ကမ္ဘာာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ပညာရေးမူဝါဒထဲက အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီး ပေးရမယ်.. ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံမှာ အထူးလိုအပ်တဲ့ ချမှတ်သင့်တဲ့ မူပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။

အမျိုးသမီးတွေဟာ အပင်ပမ်းခံ အနစ်နာခံနိုင်တဲ့ အရည်အသွေးတွေအပြင် ဦးဆောင်နိုင်တဲ့ အရည်အချင်း တွေလည်း အပြည့်ရှိကြပါတယ်။ အမျိုးသမီးတွေဟာ သားသမီးကို အနီးကပ်ဆုံး တာဝန်ယူ စောင့်ရှောက်ကြရသူ တွေလည်း ဖြစ်ပြီးတော့ အိမ်ထောင်တခုလုံးကို တာဝန်ယူ ကွပ်ကဲစီမံနေတာတွေက အထင်ရှားဆုံး သက်သေပါပဲ။ ဒါကြောင့်မို့ အမျိုးသမီးတွေဟာ ထိန်းသိမ်းအုပ်ချုပ်ရေးနဲ့ ကျင့်သားရ ကျွမ်းဝင်သူတွေအဖြစ် ကိုယ့်အလုပ်အပေါ် တာဝန်ယူနိုင်တဲ့ အရည်အသွေး ရှိသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် အနစ်နာခံ အပင်ပမ်းခံ ဦးဆောင်ပြီးတော့ လုပ်ကြရတဲ့ ကျောင်းဆရာအလုပ်နဲ့ သူနာပြု အလုပ်တွေမှာ အမျိုးသမီးတွေကို အများဆုံးတွေ့ရသလိုပဲ တံတားဆောက် လမ်းဖောက်စတဲ့ လုပ်ငန်းခွင် တွေမှာလည်း အမျိုးသမီးအင်ဂျင်နီယာ တွေဟာ အမျိုးသားတွေနဲ့ တန်းတူ တာဝန်ယူနေကြတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သက်မွေးဝမ်းကျောင်းပညာရပ်တွေမှာ အမျိုးသမီးတွေရဲ့ အရည်အချင်းနဲ့ အရေအတွက်ကို ကန့်သတ်ထားတာ ဟာ မရှိသင့်တဲ့ ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ရေမြေချင်းထိစပ်နေပြီး ယဉ်ကျေးမှုချင်းလည်း နီးစပ်လှတဲ့ ထိုင်းနိုင်ငံမှာတော့ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေးတွေ၊ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေမှာ ခွဲခြားကန့်သတ်မှု မရှိတာ တွေ့ရပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍမှာဆိုရင် မြန်မာနိုင်ငံမှာ ခွဲခြားသတ်မှတ်ထားသလို ခွဲခြားမှုမျိုး လုံးဝ မရှိပါဘူး။ အခြေခံပညာရေး အောင်မြင်ပြီး တက္ကသိုလ်ပညာသင်ဖို့ ဘာသာရပ်လျှောက်ထားတဲ့နေရာမှာ ဘာသာရပ် အားလုံးရဲ့ အမှတ်ပေါင်း၊ ပျမ်းမျှအမှတ်နဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေမှာ ရခဲ့တဲ့ အမှတ်တွေပေါ် မူတည်ပြီး ဘာသာရပ်အလိုက် ဝင်ခွင့်ကို အမျိုးသမီး အမျိုးသား တန်းတူ ဆုံးဖြတ်ပါတယ်။

မြန်မာနိုင်ငံမှာလို အမျိုးသမီးတွေရဲ့ ရမှတ်နဲ့အဆင့်ကို အမျိုးသားတွေနဲ့ မတူဘဲ ခွဲခြား သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ အမျိုးသမီးတွေဟာ သူတို့သင်ယူချင်တဲ့ ဘာသာရပ်ကို သူတို့ရထားတဲ့ အမှတ်အဆင့်အရ မီရင် သူတို့ ဝါသနာ အလိုက် စိတ်ကြိုက် ရွေးချယ် သင်ယူနိုင်ပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ ပျော်ရွှင် တက်ကြွပြီး ပညာလိုလားတဲ့ ကျောင်းသူတွေကို တွေ့နေရတာ ဖြစ်ပါတယ်။ အဲဒီအခါ တက္ကသိုလ်ပညာရေးပြီးဆုံးလို့ အလုပ်ခွင်ဝင်တဲ့အခါမှာလည်း အမျိုးသမီး တွေဟာ သတ်မှတ် အရည်အသွေးပြည့်မီပြီးဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိကြတဲ့အတွက် လုပ်ငန်းခွင်မှာလည်း အောင်မြင်ကြတာ တွေ့ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အားသာချက် တခုလည်း ဖြစ်ပါတယ်။

အခြေခံအကျဆုံးအချက်ကို ပြောမယ်ဆိုရင်တောင် အမျိုးသမီး ဆိုတာဟာ သဘာဝအရ မိခင်လောင်းတွေ ဖြစ်ပါတယ်။ အပေါ်ပိုင်းမှာ ဆွေးနွေးခဲ့သလိုပဲ မိခင်တွေဟာ သားသမီးတွေရဲ့ အနီးဆုံးမှာ နေရတဲ့သူတွေဖြစ်တာမို့ သားသမီးတွေ အတုယူရတဲ့ စံပြပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်း တွေဖြစ်တဲ့ ကလေးတွေ လူငယ်တွေအတွက် အနီးဆုံး စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အမျိုးသမီးတွေ အရည်အချင်းရှိမှ အရည်အသွေးမြင့်မှ ကလေးတွေ လူငယ်တွေဟာလည်း အရည်အချင်းရှိလာ အရည်အသွေးမြင့်လာမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပင်ကိုရှိပြီးသား အရည်အချင်းတွေကို ထုတ်ဖော်အသုံးချနိုင်တဲ့ အခွင့်အလမ်း ရှိမှပဲ သူတို့ရဲ့ အရည်အသွေးတွေကလည်း တိုးတက် တောက်ပြောင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာာ့နိုင်ငံအသီးသီးမှာ အမျိုးသမီးတွေက တန်းတူ အခွင့်အရေးရဖို့ တောင်းဆိုတိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ် ကန့်သတ်ထားတဲ့ ပညာရေးစနစ်နဲ့ အခွင့်အလမ်းတွေကို ပြောင်းလဲ သင့်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အမျိုးသမီးအများစုဟာ နေရာစုံ ကဏ္ဍစုံမှာ ဦးဆောင် ပါဝင် လှုပ်ရှား နေကြတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို အလွယ်တကူနဲ့ အခွင့်အလမ်းယူလို့မရအောင် ကန့်သတ် သတ်မှတ် ထားတာမျိုးတွေကလည်း ရှိနေတုန်းပါပဲ။ ဒါကြောင့် ခုလို နိုင်ငံကို အဘက်ဘက်က တိုးတက်အောင် ပြန်လည် ထူထောင်နေရတဲ့အချိန်အခါမျိုးမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ အခွင့်အလမ်း ကောင်းကောင်း ရဖို့ လိုနေပါတယ်။ အခွင့်အလမ်းတွေရှိမှလည်း အမျိုးသမီးတွေရဲ့ ကြိုးစား အားထုတ်လိုမှု ကလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒါကို Building Knowledge Economies စာတမ်းက ထည့်သွင်း ထောက်ပြထားတာဖြစ်တဲ့အတွက် နည်းနာယူသင့်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်။

Building Knowledge Economies စာတမ်း

နိုင်ငံတနိုင်ငံရဲ့ ပညာရေးစနစ်အတွက် စီမံချက်တွေ မူဝါဒတွေကို ချမှတ်တော့မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေ.. ကလေးလူငယ်တွေရဲ့ လိုအပ်ချက်တွေ။ ခေတ်နဲ့ လိုက်လျောညီထွေရှိတဲ့ နည်းပညာ လိုအပ်ချက်တွေ.. လူမှုအဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက် တွေနဲ့ သဘာ၀၀န်းကျင်အလိုက် လိုအပ်ချက်တွေ အပေါ်မှာ တည်မှီပြီး စဉ်းစားရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ မူဝါဒတွေ စီမံချက်တွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ချမှတ်ရမယ့် မူဝါဒတွေ စီမံချက်တွေကတော့ တူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ သုံးစွဲတဲ့ ပညာရေးစနစ်တွေကိုတော့ နည်းနာယူပြီး ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာ နိုင်ငံရဲ့ သဘာဝဘေးဒဏ်ကနေ ပြန်လည်ထူထောင်နေတဲ့ လက်ရှိကာလမျိုးမှာ စဉ်းစားဖို့ လိုအပ်လှပါ တယ်၊

ဒီနေရာမှာ ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့က ၂၀၀၇ ခုနှစ်မှာ Building Knowledge Economies ဆိုတဲ့ စာတမ်းတစောင် ထုတ်ဝေပါတယ်၊ အဲဒီ စာတမ်းထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ချမှတ်သင့်တဲ့ ပညာရေး မူဝါဒတွေကို ရေးဆွဲ တင်ပြထားတာ တွေ့ရပါတယ်၊ အဲလို ရေးဆွဲရာမှာ မူလတန်းပညာရေး။ အလယ်တန်းနဲ့ အထက်တန်း ပညာရေး။ တက္ကသိုလ်ပညာရေးတွေသာမက တသက်တာလုံး သင်ယူသွားနိုင်တဲ့ စဉ်ဆက်မပြတ် ပညာရေးအထိ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်၊ အဲဒီ မူဝါဒတွေကို အသေးစိတ် ဆွေးနွေး တင်ပြ သွားပါ့မယ်၊ ဒီတပတ်မှာတော့ မူလတန်းအဆင့်အတွက် ချမှတ်သင့်တယ်လို့ ဖော်ပြထားတဲ့ မူဝါဒတွေကို ဆွေးနွေးပါ့မယ်၊

အဲဒီစာတမ်းအရ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး ချမှတ်သင့်တဲ့ မူဝါဒတွေအဖြစ်
- လူတိုင်းအတွက် ပညာရေးစီမံချက်တွေမှာ အာရုံစိုက်ရမယ်
- ကျောင်းအပ်နှုန်းတိုးမြင့်လာစေဖို့ ဆောင်ရွက်ရမယ်
- အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေး ရမယ်
- ကျောင်းသူကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက် ဆောင်ရွက်ရမယ်
ဆိုတာတွေကို တွေ့ရပါတယ်၊

အဲဒီမူဝါဒတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ ပညာရေးစနစ်တခုကို ရေးဆွဲချမှတ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်၊ များသောအားဖြင့်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ပညာရေးစနစ်နဲ့ တိုက်ရိုက် ဆက်စပ် ပတ်သက်နေတဲ့ ပြဿနာတွေကို ရင်ဆိုင်နေကြရတာပါ၊ ပညာတတ်တွေ နည်းပါးတာ။ ပညာရေးမူဝါဒတွေက လက်တွေ့ဘ၀ အတွက် ထိရောက်မှုမရှိတာ။ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်တွေက နိုင်ငံရဲ့ လက်ရှိလိုအပ်ချက်တွေနဲ့ မကိုက်ညီတာ သိပံ္ပနဲ့နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးဖို့ အားနည်းနေတ္ဖာ စတဲ့ ပြဿနာတွေဖြစ်ပါတယ်၊ ဒါ့ကြောင့်ပဲ Building Knowledge Economies စာတမ်းက အကြံပြု ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ နည်းနာအဖြစ်ယူပြီး အကောင်အထည်ဖော်သင့်တဲ့ မူတွေပဲ ဖြစ်ပါ တယ်၊

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ချိန်ထိုးစဉ်းစားမယ်ဆိုရင်လည်း Building Knowledge Economies စာတမ်း က အကြံပြုချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ အတန်းဆင့် တိုင်းမှာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်၊ ဒီနေရာမှာ အတန်းဆင့်အလိုက် အသေးစိပ် သုံးသပ်ဆွေးနွေးသွားပါ့မယ်၊

Building Knowledge Economies စာတမ်းအရ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး ချမှတ်သင့်တဲ့ မူဝါဒတွေထဲမှာ - လူတိုင်းအတွက် ပညာရေးစီမံချက်တွေမှာ အာရုံစိုက်ရမယ်… ဆိုတာဟာ လက်ရှိ မြန်မာနိုင်ငံမှာ လူတိုင်းအတွက် ပညာရေးစီမံချက် (Education for All) နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ ဒါကြောင့်ပဲ ကျောင်းချိန်အတွင်းမှာ ကျောင်းမတက်နိုင်လို့ လမ်းပေါ်မှာ လေလွင့်နေတဲ့ ကလေးတွေ.. အလုပ်ခွင်ထဲက ကလေးအလုပ်သမားတွေကို အများကြီး တွေ့နေရတာ ဖြစ်ပါတယ်၊ ဒါကြောင့် Building Knowledge Economies စာတမ်းအရ လူတိုင်းအတွက် ပညာရေး စီမံချက်တွေမှာ အာရုံစိုက်ရမယ်… ဆိုတာဟာ လိုက်နာချမှတ်သင့်တဲ့ မူဝါဒတချက်ပဲ ဖြစ်ပါတယ်၊

အဲသလိုပဲ - ကျောင်းအပ်နှုန်းတိုးမြင့်လာစေဖို့ ဆောင်ရွက်ရန် ဆိုတာကလည်း တသဘောတည်းပဲ ဖြစ်ပါတယ်၊ ကလေးတိုင်းကျောင်းနေနိုင်အောင် အာဏာပိုင်အစိုးရတွေက အားစိုက် ခွန်စိုက်နဲ့ စနစ်တကျ စီစဉ် ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်၊ ဒါဟာလည်း မြန်မာနိုင်ငံအနေနဲ့ ချမှတ်ရမယ့် မူဝါဒပဲ ဖြစ်ပါတယ်၊

နောက်တချက်ဖြစ်တဲ့- အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာ အောင် ဖန်တီးပေးရမယ်… ဆိုတာမှာလည်း များသောအားဖြင့် ကမ္ဘာ့နိုင်ငံ အတော်များများမှာ ခုချိန်ထိ သမီး မိန်းကလေးတွေ ပညာတတ်ဖို့ မလိုဘူး သားယောက်ျားလေးသာ ပညာတတ်ဖို့လိုတယ်ဆိုတဲ့ ဓလေ့ထုံးစံ အစဉ်အလာ အယူအဆတွေ လွှမ်းမိုးနေတဲ့ အတွက် အမျိုးသမီးတွေ ပညာတတ်နှုန်းက အမျိုးသားတွေ ပညာတတ်နှုန်းထက် လျော့နည်း နေခဲ့ပါတယ်၊ ဒါကြောင့် အမျိုးသမီးတွေ အလုပ်အကိုင် ကောင်းကောင်းရရှိဖို့ အခွင့်အလမ်းလည်း နည်းပါးနေခဲ့ရပါတယ်၊ ဒါကို Building Knowledge Economies စာတမ်းက အလေးအနက် ထောက်ပြ ထားတာပါ၊ အဲဒီ ပြဿနာဟာ မြန်မာနိုင်ငံမှာလည်း ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်နေပါတယ်၊ အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးဖို့ ဘာကြောင့် အရေးတကြီးလိုအပ်သလဲဆိုတဲ့ အချက်ကို နောက်ပိုင်းမှာ အသေးစိတ် ဆွေးနွေးပါ့မယ်၊

Building Knowledge Economies စာတမ်းက ဖော်ပြထားတဲ့ မူလတန်းပညာရေးအတွက် နောက်ဆုံး ချမှတ်သင့်တဲ့ မူဝါဒကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက် ဆောင်ရွက်ရမယ် ဆိုတာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံ အတွက် အလိုအပ်ဆုံးဖြစ်ပြီး လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံး မူဝါဒပါပဲ၊ မြန်မာနိုင်ငံ မှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်ကစပြီး ကျင့်သုံးတဲ့ အလိုအလျောက် အတန်းတင်စနစ် စံလွဲနေတဲ့ ကျောင်းသားအများစုဟာ မူလတန်းကနေ အလယ်တန်းရောက်တဲ့အထိ အရည်အသွေးမပြည့်မီဘဲ အတန်းတက် ကုန်ကြပြီးတော့ အခြေခံမခိုင်ခဲ့တာကြောင့်မို့လို့ အထက်တန်းရောက်တဲ့အခါမှာ စာမလိုက်နိုင်ကြတော့ပါဘူး။ အဲဒီအခါမှာ ကျောင်းသား ကျောင်းသူ တော်တော်များများမှာ စာမေးပွဲတွေ အကြိမ်ကြိမ်ကျတာ…။ ကျောင်းစာ မလိုက်နိုင်လို့ စိတ်ဓာတ်ကျတဲ့ ခံစားမှုတွေ ဖြစ်ကြရတာတွေ ရှိလာပါတယ်၊ အဲဒီပြ၏နာကို ဖြေရှင်းတဲ့အနေနဲ့ အာဏာပိုင်တွေက စာမေးပွဲမှာ အောင်မှတ် သတ်မှတ်ချက်တွေကို လျှော့ချပေးပြီး ဖြေရှင်းတာမို့ အရည်အသွေးမပြည့်တဲ့ လူငယ်တွေ မွေးထုတ်ပေးသလို ဖြစ်နေခဲ့ပါတယ်၊

ဒါကြောင့် Building Knowledge Economies စာတမ်းက ဖော်ပြထားတဲ့ မူလတန်းပညာရေးမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ဆောင်ရွက်ရမယ်ဆိုတာဟာ မြန်မာနိုင်ငံမှာ အရေးတကြီး ချမှတ် ဆောင်ရွက် ရမယ့် ပညာရေးမူဝါဒပဲ ဖြစ်ပါတယ်၊

ခုလို ပညာရေးကဏ္ဍမှာ ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ် ဖွံ့ဖြိုး တိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ Building Knowledge Economies စာတမ်းက အကြံပြု ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ လိုက်နာချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သင်တဲ့ စီမံကိန်းတွေပဲ ဖြစ်ပါတယ်…။



Sunday, March 22, 2009

နာဂစ်လွန် ပညာရေး အခြေအနေ


ခုဆိုရင် မြန်မာနိုင်ငံက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ကြရတာ ၅လ ကျော်ခဲ့ ပါပြီ၊ စစ်အစိုးရက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အားစိုက်ခွန်စိုက် ဆောင်ရွက်နေပြီးတော့ အောင်မြင်မှုတွေလည်း ရနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပြန်လည် ထူထောင်ရေးတွေ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထား ရေး ဝန်ကြီးဌာနက ဆိုပါတယ်၊

ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ ဧရာဝတီတိုင်းက ဝေးလံတဲ့ ကျေးရွာဒေသတွေမှာဆိုရင် ပြန်လည် ထူထောင် ရေးနဲ့ပတ်သက်လို့ လုပ်ကိုင်ဆောင်ရွက်နေတာမျိုး မတွေ့ရသလောက်ပါပဲ၊ အဲဒီဒေသတွေဟာ မုန်တိုင်း မတိုင်ခင် ကာလတွေကတည်းကလည်း အစိုးရအဆက်ဆက် ဂရုတစိုက် ထူထောင်ပေးမှု မရှိခဲ့ဘဲ စွန့်ပစ် ခံထား ခဲ့ရတဲ့ ဒေသတွေပဲ ဖြစ်ပါတယ်၊ နာဂစ်မုန်တိုင်း ကြောင့် ပျက်စီးသွားရတဲ့ ကျောင်းအရေအတွက်ကို စာရင်း ကောက်တဲ့အခါမှာမှ တချို့ဒေသတွေမှာ စာသင်ကျောင်း လုံးဝမရှိခဲ့ဘူးဆိုတာကို တွေ့ခဲ့ကြရပါတယ်၊ ခုလို မုန်တိုင်းဘေးကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာတော့ မုန်တိုင်းသင့်ဒေသ အများအပြားက ကလေးတွေအတွက် ပညာရေးဟာ ပိုပြီးတော့ သိသိသာသာ ယိုယွင်းသွားခဲ့တာ တွေ့ရပါတယ်၊

အခုလို အရေးကြီးတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက်ပိုင်း ပြန်လည် ထူထောင်ရေးကာလမှာ စစ်အစိုးရက တာဝန်ပေးထားတယ်ဆိုတဲ့ ကုမ္မဏီတချို့ကလည်း လူနေအရောက်အပေါက်များတဲ့ အရပ်ဒေသ တချို့မှာသာ ကျောင်းတွေကို ပြန်ပြီး ပြင်ဆင်ဖွင့်လှစ်ပေးတာ တွေ့ရပါတယ်။ ပြင်ဆင်ပေးတယ်ဆိုတာတောင်မှပဲ အမိုးအကာ မလုံမခြုံနဲ့ စာသင်နေကြရတဲ့ကျောင်းတွေ အဆင့်မှာပဲ ရှိနေတာပါ၊ ရန်ကုန်မြို့အနီး ပတ်ဝန်းကျင် မြို့နယ်တွေမှာတောင်မှပဲ ကျောင်းတချို့က ခုထိ သစ်ပုံကြီးအနေအထားအတိုင်း ရှိနေတုန်းပါ၊ အဲဒီအပြင် ကျောင်းသားတွေဟာ စာရေးကိရိယာ မပြည့်မစုံနဲ့ စာသင်နေကြရဆဲဖြစ်ပြီးတော့ ကျောင်းရဲ့ လိုအပ်ချက်တွေ အဖြစ် အလှူငွေ ကောက်ခံတာမျိုးတွေလည်း ရှိနေတာမို့ ခု နာဂစ်မုန်တိုင်း သင့်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အခြေခံကျောင်းပညာရေးအခြေအနေက ပိုဆိုးလာတယ်လို့တောင် ပြောနိုင်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံ ဟာ ကျောင်းပြင်ပ ပညာရေးမျိုးကို ထွန်းကားခွင့် မပေးဘဲ ကန့်သတ်ထားတာမို့လို့ ကျောင်းပညာရေး တခုတည်း ကိုသာ အားကိုးရတဲ့အတွက် ကလေးတွေ လူငယ်တွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး ကျယ်ပြန့် လွတ်လပ်တဲ့ အနာဂတ်မရှိတာနဲ့ အတူတူပဲ ဖြစ်နေပါတယ်၊

တကယ်တော့ ပညာရေးနဲ့ပတ်သက်ရင် နိုင်ငံတကာမှာက အစိုးရနဲ့အတူ လူမှုအဖွဲ့အစည်းတွေကပါ ၀ိုင်းဝန်း ကူညီ တည်ဆောက်ကြရတာပါ၊ မြန်မာနိုင်ငံနဲ့ ရေမြေချင်း ထိစပ်နေတဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာတောင်မှပဲ အခြေခံပညာရေးကနေ တက္ကသိုလ်ပညာရေးအထိ ပညာရေးအထောက်အကူပြု စာအုပ်စာတမ်း ရုပ်ပုံ ကားချပ် တွေကို အများအပြား ထုတ်ဝေထားတာမို့လို့ ကျောင်းသူကျောင်းသားတွေအနေနဲ့ လက်လှမ်းမီသလို ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်၊ ဒါကြောင့်လည်း ထိုင်းနိုင်ငံမှာ ကျောင်းသားတွေရဲ့ ပညာရည်တိုးတက်မှု မြင့်လာတာကို သိသိသာသာ တွေ့နေရပါတယ်၊ ထိုင်းနိုင်ငံမှာက အခြေခံပညာရေးက အခမဲ့ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ကလေးတွေအတွက် ပြင်ပပညာရေး အထောက်အကူပြု စာအုပ်စာတမ်းတွေကို အလွယ်တကူ ၀ယ်ပေးနိုင် ပါတယ်၊ ဒါကြောင့် ကလေးတွေရဲဏ္ဍ ဥာဏ်အရည်အသွေး မြင့်မားစေဖို့အတွက်ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်၊

မြန်မာနိုင်ငံမှာကတော့ အခြေခံပညာကျောင်းအရေအတွက်တောင် လုံလောက်အောင် မရှိတဲ့အပြင် ကျောင်းမှာ ပေးရတဲ့ အလှူငွေလို စာအုပ်ဖိုးလို စရိတ်စကတွေ များတာကြောင့်တကြောင်း။ ပြည်သူလူထုက ဆင်းရဲတာ ကြောင့် တကြောင်း၊ ကလေးတိုင်း ကျောင်းမနေနိုင်ဘဲ ဖြစ်နေကြရတာပါ၊ အဲဒီအပြင် ဆရာ ဆရာမတွေ အနေနဲ့ အစိုးရက အကူအညီပေးရမယ့် စနစ်ကျတဲ့ သင်ကြားရေးမွမ်းမံမှုတွေလည်း မရတာကြောင့် ကျောင်းသားတွေ ဟာ ထိရောက်ကောင်းမွန်တဲ့ ပညာရေးကို ကျောင်းတွင်းကနေလည်း မရနိုင်ကြဘဲ ဖြစ်နေကြတာပါ။ အဲဒီ အတွက်ကြောင့်ပဲ ပညာရေးကို ဦးစားပေးတဲ့ မိဘတွေဟာ ကလေးတွေအတွက် အထောက်အကူအဖြစ် ကျူရှင်နဲ့ ပြင်ပ ပညာရေး အထောက်အကူပြု စာအုပ်စာတမ်းတွေကို အားပြုလာကြရပါတယ်၊

အထူးသဖြင့် ကျူရှင်မယူနိုင်တဲ့ကျောင်းသားကျောင်းသူတွေဟာ ပညာရေးဆိုင်ရာ ဂျာနယ်တွေ စာစောင်တွေ မဂ္ဂဇင်းတွေကို ပုံမှန်ဝယ်ဖတ်ပြီး ပညာဆည်းပူးကြရပါတယ်၊ မြန်မာနိုင်ငံမှာ ကျောင်းသူကျောင်းသားတွေ အားပြုကြရတဲ့ အတန်းအလိုက် ပညာရေး ဆိုင်ရာ ဂျာနယ် မဂ္ဂဇင်း စာအုပ်စာတမ်းတွေ ရှိကြပါတယ်၊ ဒါဟာ လူငယ်တွေရဲ့ ပညာရေးအတွက် အရေးပါတဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ ခု ၂၀၀၈ခုနှစ် ဇူလိုင်လက စပြီးတော့ ငြိမ်းပညာရေးစာစဉ်၊ Educator ဂျာနယ်၊ Prime ဂျာနယ်၊ Digital Way ဂျာနယ်၊ ပန်းတိုင်မဂ္ဂဇင်း အပါအ၀င် ပညာရေးဆိုင်ရာ စာစောင်တချို့ကို ပညာရေးဝန်ကြီးဌာန အမိန့်နဲ့ ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်၊ အဲဒီလို ပိတ်လိုက်တဲ့အတွက် ကျောင်းသား အများစုကြီး ဒုက္ခရောက်သွားကြရပါတယ်၊

Educator ဂျာနယ်ဟာဆိုရင် အခြေခံပညာအထက်တန်းကျောင်းသားတွေ အားထားနေ ရတဲ့ ဂျာနယ်တစောင် ဖြစ်ပါတယ်၊ အဲသလိုပဲ ငြိမ်းပညာရေးစာစဉ်ဆိုရင် အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ အားထားရတဲ့ ပညာရေးစာစောင်ပါ၊ Prime ဂျာနယ်ကတော့ အလယ်တန်းနဲ့ အထက်တန်းအဆင့် အခြေခံပညာ ကျောင်းသား တွေ အားထားနေရတဲ့ စာစောင်တွေပါ၊ အဲဒီ မဂ္ဂဇင်းဂျာနယ်တွေကို ထုတ်ဝေခွင့် ပိတ်လာတာကြောင့် အဲဒီ စာစောင်တွေထဲမှာ ပါတဲ့ ဘာသာရပ်ဆိုင်ရာ မှတ်စုတွေ… လေ့ကျင့်ခန်းတွေ… မှတ်သားရမယ့် အချက်အလက် တွေ… ဆက်စပ်နှီးနွယ်နေတဲ့ အကြောင်းအရာတွေကို လေ့လာရင်းကနေ ပညာရည် တိုးတက်အောင် ကြိုးစား နေရတဲ့ ကျောင်းသားတွေအတွက် အခက်အခဲ ဖြစ်သွားပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျောင်းပညာရေး ဟာ စာသင်ခန်းထဲမှာသင်ရုံနဲ့ မပြည့်စုံတဲ့ အတွက်ကြောင့် ပြင်ပပညာရေး အထောက်အကူပြု စာစောင်တွေက ကျောင်းသားတွေ အတွက် တကယ်ပဲ အရေးပါတဲ့ လိုအပ်ချက်ဖြစ်ပါတယ်၊

ပညာရေးနဲ့ ပတ်သက်ရင် ကျီးသဲလေးထပ်ဆရာတော်က
လက်မှု နှုတ်မှု၊ စုစုအတတ် အရပ်ရပ်ကို၊ မှတ်လေလူအများ အမျိုးသားတို့၊ မှတ်သားနိုင်က ချမ်းသာရလိမ့်၊ ဆုံးမပေရာ လူလိမ်မာတို့ ၊ ကြီးပွားပညာ ထင်ရှားရာသည်…
လို့ စပ်ဆိုညွှန်ပြခဲ့ပါတယ်၊ ဒါကြောင့် ဘယ်လို ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းကိုမဆို ဖတ်မှတ် လေ့လာမှ သာ လူလိမ်မာ ဖြစ်တယ်… ကြီးပွားချမ်းသာမယ် ဆိုတာဟာ အထင်အရှားပဲ ဖြစ်ပါတယ်၊

နိုင်ငံတနိုင်ငံရဲ့ အစိုးရကောင်းတွေဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကောင်းအောင် ပြင်ဆင် တည်ဆောက်တဲ့အနေနဲ့ အခြေခံအုတ်မြစ်တခုဖြစ်တဲ့ ပညာရေးစနစ်ကို ကောင်းသထက် ကောင်းအောင် ပံ့ပိုး တည်ဆောက်ကြရပါတယ်၊ ခု မြန်မာနိုင်ငံမှာကတော့ အသစ်ကနေ ပြန်လည် တည်ဆောက်ရမယ့် နာဂစ်ဘေးဒဏ်သင့်ဒေသတွေကို လျစ်လျူရှုတဲ့အပြင် ကျောင်းသားတွေရဲ့ ပညာရေးတိုးတက်မှုအတွက် တတပ်တအား ပံပိုးပေးရာရောက်တဲ့ ပညာရေးအထောက်အကူပြု စာစောင်တွေကိုပါ ပိတ်ပင် တားမြစ်ခံ နေရပါတယ်၊ ဒါဟာ ကျောင်းသားအရွယ် ကလေးလူငယ်တွေရဲ့ တိုးတက်လိမ္မာရာ လမ်းကြောင်းကို ပိတ်ပင် တားမြစ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်…။


Friday, March 20, 2009

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်...


လူငယ်တွေကို လိမ်မာယဉ်ကျေးပြီး အမြော်အမြင်ရှိစေတဲ့ ပညာရေးမျိုးကို ရဖို့အတွက် သင့်တော်တဲ့ သင်ခန်းစာ တွေဟာ များသောအားဖြင့် မြန်မာစာဘာသာရပ်သင်ရိုးထဲမှာ ရှိနေတာများပါတယ်၊ မြန်မာစာသင်ရိုးတွေဟာ ပုဂံခေတ်ကစလာတဲ့ စာပေယဉ်ကျေးမှု တွေကို ပြဌာန်းထားတာဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် စာဆိုတွေ စာပေပညာရှင်တွေ မှတ်တမ်းတင်ခဲ့လေ့ရှိတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရိုးရာအနုပညာတွေပါဝင်တဲ့ စာပေတွေ ဖြစ်ပါတယ်၊ အဲလိုစာပေတွေသင်ရခြင်းအားဖြင့် လူငယ်တွေဟာ အမျိုးဂုဏ် ဇာတိဂုဏ် နဲ့ စာပေ ယဉ်ကျေးမှုတွေရဲ့ တန်ဖိုးကို သိပြီး ယဉ်ကျေးလိမ်မာတဲ့ နိုင်ငံသားတွေအဖြစ် ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်၊

တကယ်တော့ နိုင်ငံတကာမှာက အစိုးရတိုင်းဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတွေကို စာသင်ခန်းတွေ ကနေ မွေးထုတ်ပေးနေတယ်ဆိုတာကို သိနားလည်လက်ခံထားတာမို့ ကျောင်းသားလူငယ်တွေ စာသင်ခန်း ကနေ တတ်သိ လိမ်မာမှုတွေ ရသွားအောင် ကျောင်းပညာရေးထဲမှာ သင်ခန်းစာကောင်းတွေ ရှာဖွေ ရွေးချယ် ပြဋ္ဌာန်းနေကြတာ တွေ့ရပါတယ်၊ မြန်မာနိုင်ငံမှာကတော့ စစ်အစိုးရဟာ အခြေခံပညာအထက်တန်း ကျောင်းသားလူငယ်တွေအတွက် တကယ်လိုအပ်တဲ့ သိသင့်သိထိုက်တဲ့ သင်ခန်းစာကောင်းတွေကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖြုတ်ပယ်ပစ်တာတွေကို လုပ်နေတဲ့အကြောင်း ရှေ့အပတ်စဉ်တွေမှာ ပြောခဲ့ပြီးပါပြီ၊ ဒီတပတ်တော့ မြန်မာစာသင်ရိုးထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာတချို့ကို ဖြုတ်ပစ်နေတဲ့ အထဲက လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ကဗျာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်၊

လယ်တီဆရာတော်ဟာ ကုန်းဘောင်ခေတ် နောက်ပိုင်း မြန်မာနှစ်(၁၂၀၈)ခုနှစ်။ ခရစ်နှစ် ၁၈၄၈ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာဇာတိ ဖြစ်ပါတယ်၊ မုံရွာမြို့မှာ လယ်တီကျောင်းတိုက်ကြီးကို တည်ထောင် ပြီး စာပေပို့ချ သီတင်းသုံးခဲ့တာကြောင့် လယ်တီဆရာတော်လို့ ကျော်ကြားခဲ့ပါတယ်၊ ဆရာတော်ကြီးဟာ ပါဠိဘာသာ၊ မြန်မာဘာသာတို့နဲ့ ဒီပနီကျမ်းပေါင်းများစွာကို ပြုစုခဲ့ပါတယ်၊ ဆုံးမစာ တေးကဗျာတွေလည်း ရေးဖွဲ့ ခဲ့ပြီး နွားမေတ္တာစာ၊ သေရည်မေတ္တာစာတွေက ထင်ရှားပါတယ်၊ ဆရာတော်ကြီးက ခက်ခဲတဲ့ ပိဋကတ် ကျမ်းစာတွေကိုတောင် သာမန်လူတွေ အလွယ်တကူ နားလည်အောင် ရေးစွမ်းနိုင်တဲ့ ပညာရှင်ကြီးလည်း ဖြစ်ပါတယ်၊

အဲဒီအပြင် အင်္ဂလိပ်အစိုးရလက်ထက်မှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် နဲ့ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ(D.litt)ဘွဲ့တွေကို ဆက်ကပ်ခံရပါတယ်၊ အဲလို ပညာကျော်စာဆိုကြီးရဲ့ ကဗျာကို စစ်အစိုးရက ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစလို့ အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးထဲကနေ ဖြုတ်ပစ် လိုက်တာ ဖြစ်ပါတယ်၊ ဒီ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်နဲ့ ပတ်သက်ပြီး ပြဌာန်းစာအုပ်ထဲမှာ
ဆရာတော်ရဲ့ အရေးအဖွဲ့ ကောင်းမှုကြောင့် ဆရာတော်ကိုယ်တိုင် ဆုံးမနေသကဲ့သို့ အသက်ဝင်လာရသည်၊ လောကုတ္တရာရေးအတွက် ဖွဲ့ဆိုသော်လည်း လောကီအရေး အတွက်လည်း သင်ခန်းစာယူနိုင်သော တေးထပ်ဖြစ်သည်၊

လို့ ဖော်ပြ ညွှန်းဆိုခဲ့တာ တွေ့ရပါတယ်၊ ဒါကြောင့် ဆရာတွေဟာ စာသင်ခန်းမှာ စာဆိုဆရာတော့်ကြီး အကြောင်းပြောရင်း မြန်မာနိုင်ငံသမိုင်းကြောင်းထဲမှာ ရဟန်းတော်များဟာ လောကလူ့ဘောင်အတွက် ကောင်းကျိုးချမ်းသာကို လိုလိုလားလား ထမ်းရွက်ခဲ့ကြသူများ ဖြစ်တယ်ဆိုတာကို ထည့်သွင်းဆက်စပ်ပြီး ပြောပြ နိုင်ပါတယ်၊ ဒါမှပဲ ကျောင်းသားလူငယ်တွေက ရဟန်းတော်များရဲ့ လူထုအပေါ် တာဝန်ကျေမှုတွေကို သတိပြုမိ လာပြီး ဘာသာရေးရဲ့ အထိန်းအကွပ်ကို လက်ခံတတ်လာမှာပဲ ဖြစ်ပါတယ်၊

တကယ်တော့ ဆရာတော်ရဲ့“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ဟာ လူတွေ စွဲလန်းတတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အတွေ့၊ အရသာ ဆိုတဲ့ အာရုံငါးပါးကို အလွန်အမင်း မတပ်မက်ဖို့ မစွဲလန်းဖို့ သတိပေးတဲ့ ကဗျာ ပါပဲ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအရ အာရုံငါးပါးမှာ စွဲလန်းလွန်းရင် ငရဲကျမယ်ဆိုတာကို သတိပေးပြီး အဲဒီ စွဲလန်းမှုကို ရှောင်နိုင်ဖို့အတွက် တရားဘက်ကို လိုက်ရမယ်လို့ လောကုတ္တရာရေးအတွက် သတိပေးထားတာ ပါပဲ၊ အဲလိုသတိပေးရာမှာ
သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်၊
လို့ ဆရာတော်က ရေးဖွဲ့ထားတာမှာ လောဘအခြေခံတဲ့အကျင့်ဟောင်းတွေကို ပြင်ရင်ကောင်းတယ်လို့ လမ်းညွှန်ထားတာမို့ လောကီရေးမှာလည်း အသုံးဝင်တဲ့ ကဗျာဖြစ်နေတာ တွေ့ရပါတယ်၊ ဒါဟာ လူငယ်တွေ ရော လူကြီးတွေပါ သင်ခန်းစာ ယူသင့်တဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်၊

အဲဒီအပြင် ဆရာတော်က လူတိုင်းလူတိုင်း အချိန်ရခိုက် အခွင့်အရေးရခိုက်မှာ အမှားကို သိပြီး အမှန်ပြင်ဖို့ အားထုတ်သင့်ကြောင်း။ အချိန်ရှိခိုက်မှာမှ အမှားပြင်ဖို့ လုံ့လ မစိုက်ခဲ့ဘူးဆိုရင် မိုက်မဲရာကျမှာဖြစ်ပြီး ဘ၀မှာ အရှုံးနှင့်သာ ရင်ဆိုင်ရနိုင်ကြောင်းကိုလည်း
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား၊
လို့ ရေးဖွဲ့ပြီး ဆုံးမခဲ့တာ တွေ့ရပါတယ်၊

ဆရာတွေအနေနဲ့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ကို စာသင်ခန်းမှာ သင်မယ်ဆိုရင် ကျောင်းသား လူငယ်တွေကို ဒီကဗျာ သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆက်နွယ် ပြောပြနိုင်တာတွေ အများကြီး ရှိနေတာပါ၊ လောက လူ့ဘောင်က သတ်မှတ်ထားတဲ့ အမှားတွေအကြောင်း ပြောပြပြီးတော့ အမှားကို အချိန်မီ ပြင်ဆင် သင့်ကြောင်း လမ်းညွှန်နိုင်ပါတယ်၊ အဲဒီအပြင် အခွင့်အရေးရတဲ့အခိုက် လောကကောင်းကျိုးကို သယ်ပိုးဖို့။ မကောင်းမှုတွေကို ရှောင်ကျဉ်ဖို့။ အခွင့်သာတုန်းမှာ မကောင်းမှုထဲက ရုန်းထွက်ဖို့ ကြိုးစားနိုင်ကြောင်းတွေကို လူငယ်တွေ ကြုံရလေ့ရှိတဲ့ အဖြစ်အပျက်တွေနဲ့ ဥပမာပေးပြီး ဆက်နွယ် ပြောပြနိုင်ပါတယ်၊

ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းတွေများများဖွင့်ရင် ထောင်တံခါးတွေ များများ ပိတ်တာနဲ့ အတူတူပဲ လို့ လက်ခံထားကြပါတယ်၊ ဒီနေ့ ကမ္ဘာမှာက ကိုယ့်နိုင်ငံ ကိုယ့်ဝန်းကျင်မှာ လူဆိုးလူမိုက်တွေ လျော့နည်းဖို့။ ပြီးတော့ လူလိမ်မာ နိုင်ငံသားကောင်း တွေ တိုးပွားလာစေဖို့အတွက် အစိုးရတွေက ကျောင်းကောင်းတွေ များများဖွင့်နိုင်ဖို့ကို စီမံကိန်းတွေနဲ့ စနစ်တကျ ကြိုးပမ်း ဆောင်ရွက်နေကြတာပါ၊ မြန်မာ နိုင်ငံမှာသာ အရည်အသွေးပြည့် အဆင့်မီကျောင်းတွေ မဖွင့်နိုင်သေးတဲ့အပြင် ခုချိန်မှာတော့ ကျောင်းသား လူငယ်တွေအတွက် တကယ်လိုအပ်တဲ့ သင်ခန်းစာကောင်းတွေကိုတောင် မသင်ရအောင် ဖျောက်ဖျက်ပစ် နေပါတယ်၊

လယ်တီဆရာတော်ဘုရားကြီးဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့အတွက် ဂုဏ်ယူစံပြုစရာ သံဃာတော်ကြီး ဖြစ်တဲ့အပြင် ဆရာတော်ကြီးရဲ့ အဆုံးအမ အဆိုအမိန့် တွေဟာလည်း လိုက်နာကျင့်ကြံရမယ့် နည်းနာကောင်း တွေ ဖြစ်တယ်ဆိုတာ ဒီ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်တပုဒ်ထဲမှာတောင် အထင်အရှား တွေ့နိုင်ပါတယ်၊ ဒါကြောင့် ဒီလို ဆရာတော်ကြီးရဲ့ စာပေလက်ရာနဲ့ အတ္ထုပတ္တိကို မျိုးဆက်သစ်လူငယ်တွေ သိစေဖို့ဆိုရင် ကျောင်းသင်ခန်းစာတွေထဲ ပြဌာန်းပြီး လေ့လာနာယူစေရမှာပဲ ဖြစ်ပါတယ်၊ အဲဒါကြောင့် ဆရာတွေအပါအ၀င် လူကြီးမိဘတွေအနေနဲ့ မျိုးဆက်သစ်လူငယ် ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ ပုဂ္ဂိုလ်ကျော်တွေ။ စာပေယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းပြောပြသွားရမယ့် တာဝန်ရှိနေပြီ ဆိုတာကို ဆွေးနွေး တင်ပြချင်ပါတယ်။


Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် ...