Sunday, April 27, 2008

အပြောနဲ့အလုပ်ညီဖို့လိုတဲ့ နအဖရဲ့Constituion

မြန်မာနိုင်ငံကို တရားမ၀င် အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း-၂၀၀၈ ထဲက ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မူကြမ်းလေးချက်ကို ပြီးခဲ့တဲ့ အပတ်တွေမှာ ပြောပြခဲ့ပြီးပါပြီ။ အဲဒီအချက်လေးချက်ထဲက အချက်သုံးချက်နဲ့ ပတ်သက် လို့လည်း ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ အချက်လေးချက်ထဲက နောက်ဆုံးတချက်ဖြစ်တဲ့ "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်"... ဆိုတဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ အဲဒီနေရာမှာ အရေးတကြီး ပါဝင်သင့်တာက ရှေ့ပိုင်းအပတ်စဉ်တွေမှာ ပြောခဲ့သလိုပဲ ပညာရေး လွတ်လပ်ခွင့်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ငင်း ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လက်ရှိ အုပ်ချုပ် နေတဲ့ စစ်အစိုးရက သူတို့ရေးဆွဲ ချမှတ်ထားတဲ့ မူကို သူတို့ကိုယ်တိုင်ကတောင် လိုက်နာကျင့်ကြံမှုမရှိတဲ့ ပြဿနာပါ။ အဲဒီအပြင် အာဏာပိုင်တွေကိုယ်တိုင်က ဥပဒေပြင်ပရောက်နေပြီး လိမ်လည်မှုတွေနဲ့ အုပ်ချုပ်နေတဲ့အတွက် အာဏာပိုင်တွေနဲ့ ထိစပ်ပတ်သက်နေရတဲ့ ယန္တယားကြီးတခုလုံးကပါ အမှားအယွင်း တွေ... အကျင့်စာရိတ္တ ထိခိုက်တာတွေ... အများကြီးရှိလာတာပါပဲ။

အဲဒီ အကျင့်စာရိတ္တ ယိုယွင်းထိခိုက်လာတယ်ဆိုတာကို ပညာရေးလောကတခုတည်းမှာ ကြည့်ရင်တောင် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အာဏာပိုင်တွေရဲ့ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် ဆရာဆရာမတွေ အပါအ၀င် ၀န်ထမ်းတိုင်းလိုလိုဟာ သူတို့ရဲ့ စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဂတိ လိုက်စားလာရတာ၊ လာဘ်စားလာတာ၊ အနည်းဆုံးတော့ တရားမ၀င် ကျူရှင်ပြရတာတွေဟာ အကျင့်စာရိတ္တ ထိခိုက်လာစေရတဲ့ အကြောင်းတွေပါ။

အဲဒီအပြင် ကျောင်းသားတွေဘက်ကို ကြည့်ရင်လည်း အထူးသဖြင့် တက္ကသိုလ်ပညာရေးထဲမှာက ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက စပြီး ပညာသင်နှစ်တနှစ်စာကို ခြောက်လပဲ သတ်မှတ်ပြီး သင်ရိုးတွေကိုတော့ လျော့ချမပေးတာမို့ ကျောင်းသားတွေစာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။ အဲဒါကြောင့်ပဲ တက္ကသိုလ်ပညာရေးထဲမှာတောင် ကျူရှင်စနစ်ထွန်းကားလာတာပါ။ အဲဒီကမှတဆင့် စာမေးပွဲမှာ စာခိုးချဖြေတဲ့ ပြဿနာတွေ၊ မေးခွန်းရောင်းတဲ့ ပြဿနာတွေဖြစ်လာရာက ပညာရေးလောကထဲမှာ အကျင့်စာရိတ္တ ထိခိုက်လာတာပါ။ အဲဒီအပြင် စာမေးပွဲကို မရိုးမသားဖြေဆိုတဲ့ ကျောင်းသားတွေကို အရေးမယူရဘူးလို့ ဆရာဆရာမတွေကို တားမြစ်တာမျိုးတွေဟာ အာဏာပိုင်တွေ ကိုယ်တိုင်က အကျင့်စာရိတ္တမကောင်းတဲ့ မျိုးဆက်ကို မွေးထုတ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီအကျင့်စာရိတ္တပြဿနာ ပြေလည် ပပျောက် သွားဖို့ဆိုတာက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့ အာဏာပိုင်အစိုးရရဲ့ အရည်အသွေးနဲ့ စေတနာရှိမှုအပေါ်မှာသာ လုံးလုံးမူတည်နေတာပါ။

ဒါကြောင့် "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်".. ဆိုတဲ့ လက်ရှိ တရားမ၀င် အုပ်ချုပ် နေတဲ့အပြင် သူတို့လက်ထက်မှာ နိုင်ငံကို အဘက်ဘက်က ယိုယွင်းကျဆင်းသွားအောင် လုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အာမခံမှုက အပြောနဲ့အလုပ်မညီတဲ့ စာရွက်ပေါ်က အာမခံမှုသက်သက်သာ ဖြစ်နေပါတယ်။ နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဆိုတာမှာလည်း ကျောင်းသားတွေ ခေတ်မီပညာရေးကို တကယ်ရဖို့အတွက် လွတ်လပ်ပွင့်လင်းတဲ့ လေ့လာမှု၊ တီထွင်ဖန်တီးမှု၊ တွေးခေါ် မြော်မြင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုတွေ လိုပါတယ်။ ဒါမှပဲ တကယ့် မျက်မှောက်ခေတ်ကမ္ဘာနဲ့အညီ လိုက်မီ ရင်ပေါင်တန်းနိုင်တဲ့ အတတ်ပညာမျိုးကို ရနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ ဘက်စုံအတွေးအခေါ်မှန်ကန်ဖို့ဆိုတာဟာ ပညာရေးစနစ်တရပ်ရဲ့ သင်ရိုးညွှန်းတန်း ခေတ်မီလွတ်လပ်ဖို့၊ သင်ကြားရေးစနစ် ခေတ်မီလွတ်လပ်ဖို့၊ ကမ္ဘာ့အဆင့်မီ စာအုပ်စာတန်းတွေ ဖတ်ရှုနိုင်ခွင့်ရဖို့ဆိုတာတွေက အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစစ်အစိုးရရဲ့ လက်ထက်ဖြစ်တဲ့ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကနေစပြီး အကောင်အထည်ဖော်ဖို့ ရေးဆွဲခဲ့တဲ့ 'အမျိုးသားပညာရည်မြင့်မားမှု အထူးလေးနှစ်စီမံကိန်း' မှာဆိုရင် ပညာရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်(၂၁)ခုဆိုပြီး သေသေချာချာ ရေးဆွဲထားခဲ့ပြီး တရားဝင်ကြေငြာထားခဲ့တာပါ။

အဲဒီအချက်တွေထဲမှာဆိုရင်

၁။ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ရိုးညွှန်းတန်းများကို ပြန်လည်သုံးသပ်ပြီး အရှေ့တောင် အာရှရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပညာရည်အဆင့်ထက် မနိမ့်ကျစေရန်ကမ္ဘာ့အဆင့်မီ ဖြစ်ရေးအတွက် ဖြည့်စွက် ရေးသားခြင်း၊ ဘာသာရပ် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ ပေါင်းစပ်ဘာသာရပ်(Multidisciplinary Program) များ သင်ကြားရေး အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း၊

၂။ သင်ရိုးညွှန်းတန်းနှင့်အညီ ပြန်လည်ဆန်းသစ်သည့်စနစ်(Assessment System)ကို နိုင်ငံတကာနည်း စနစ်အတိုင်း ဆောင်ရွက်ခြင်း၊

၃။ သင်ရိုးညွှန်းတန်း၊ သင်နည်းပြနှင့် ပြန်လည်ဆန်းစစ်ခြင်း ကဏ္ဍအသီးသီးသည် လေ့လာသင်ယူသူ၏ ပင်ကိုယ်အရည်အသွေးနှင့် တီထွင်ကြံဆမှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ် တတ်မှု နှင့် ခေတ်မီနည်းပညာများကို ခြုံငုံအသုံးပြုတတ်မှု စသည်တို့ကို အလေးပေးနိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ခြင်း၊ ရင့်ကျက်မှု (Maturity)ကို တည်ဆောက်ပေးမည့်စနစ် ဖြစ်လာစေရန် ဆောင်ရွက်ခြင်း၊ .... ဆိုတဲ့ အချက်မျိုးတွေ အာမခံမှု မျိုး တွေနဲ့ ကမ္ဘာသိ ကြေငြာခဲ့တာပါပဲ။

ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ ကျောင်းသားတွေဟာ သင်ထောက်ကူပစ္စည်း မစုံမလင်နဲ့၊ လက်တွေ့ အသုံးဝင်မှုမရှိတဲ့ ဘာသာရပ်တွေကို ငွေကုန်ကြေးကျ အများကြီးခံ သင်ကြားနေကြရပြီး တကယ်တမ်း တတ်မြောက်မှုလည်း မရှိကြတာကြောင့် လက်တွေ့ အလုပ်ခွင်တွေမှာ အဆင်မပြေဖြစ်နေကြရတဲ့ ဆိုးကျိုးကို ခံစားနေကြရတာဟာ ခုချိန်အထိပါပဲ။ ပညာရေး အခြေနေဟာ နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ တပါတည်း ပိုပြီးတော့တောင် ယိုယွင်း ကျဆင်းလာတယ် လို့ ဆိုရမှာဖြစ်ပါတယ်။

ကိုယ့်နိုင်ငံကို ရေရှည်အုပ်ချုပ်မယ့် အစိုးရကို ပြည်သူလူထုကသာ ရွေးချယ် တင်မြှောက်ခွင့် ရရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ဒီမိုကရေစီနိုင်ငံပီသမှာပါ။ ဒါမှပဲ နိုင်ငံရဲ့ အခြေခံအုတ်မြစ် လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေး စနစ်ကို အကောင်အထည် ဖော်နိုင်မှာပါ။ တကယ်တော့ နိုင်ငံတနိုင်ငံအနေနဲ့ အစိုးရကောင်းတရပ်ကို ရဖို့ဆိုတာဟာ လူထုသဘောကျ ရေးဆွဲပြဌာန်းတဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့ အစိုးရဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို အလေးမထားဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မှသာ ပြည်သူလူထုအနေနဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါမှပဲ နောင်လာနောင်သား မျိုးဆက်သစ်တွေဟာလည်း ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ထိတွေ့သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။

၇၊၄၊၂၀၀၈။

Tuesday, April 22, 2008

တကယ်လိုအပ်တဲ့ ပညာရေးနဲ့ နအဖရဲ့အခြေခံဥပဒေ

နိုင်ငံတနိုင်ငံရဲ့ ပညာရေးကဏ္ဍ တိုးတက်မှုဖြစ်စဉ်ကို ပြောမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ အုပ်ချုပ်သူအစိုးရရဲ့ အခန်းကဏ္ဍအပေါ် အများကြီး မူတည်နေ တာမို့လို့ ဒါတွေကို ထည့်မပြောလို့ မရပါဘူး။ နိုင်ငံရဲ့ ပညာရေးတိုးတက်ဖို့ဆိုတာ အုပ်ချုပ်သူအစိုးရရဲ့ အရည်အသွေးနဲ့ စေတနာအပေါ် အများကြီး မူတည်ပါတယ်။ ဒါဖြင့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအစိုးရမျိုးကို လိုအပ်နေပါသလဲ....။

မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ ဒီမိုကရေစီ ရှာပုံတော်ဆိုတဲ့ စာတမ်းထဲမှာ

ပြည်သူလူထုကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟူသည့် အေးမြသော အရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြ၀ါဒများကို လိုက်နာရမည်ဖြစ်ပါသည်။ ယင်းသြ၀ါဒများထဲတွင် သစ္စာတရားရှိခြင်း၊ တရားဓမ္မ စောင့်စည်းခြင်းနှင့် ကရုဏာထားခြင်းတို့သည် အဓိက ဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများပေါ်တွင် အခြေပြုသောအစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သား တို့က ဒီမိုကရေစီတိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည်။
လို့ ရေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိစစ်အစိုးရဟာ ဗုဒ္ဓဘာသာကို ဗန်းပြပြီး အုပ်ချုပ်တဲ့ အာဏာပိုင်တွေဖြစ်တာမို့ ဗုဒ္ဓဘာသာအဆိုအမိန့်ကို စံပြုကိုးကားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အုပ်ချုပ်သူအစိုးရတွေအနေနဲ့ တရားမျတမှန်ကန်မှုရှိတဲ့သူတွေ ဖြစ်ရမယ် ဆိုတာကတော့ ဘာသာရေးတိုင်းရဲ့ တရားကိုယ်သဘောတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ဖော်ပြပါစံနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ လက်ရှိစစ်အစိုးရဟာ ပြည်သူများက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်မှာကတည်းက တရားမျတ မှုမရှိတဲ့ အချက်နဲ့ ငြိစွန်းနေပြီဖြစ်ပါတယ်။ ပြီးတော့ ပြည်သူလူထုအပေါ် ကရုဏာထားပြီး အကျိုး ရှိရာရှိကြောင်း ကို ဆောင်ရွက်မပေးတာကြောင့်ပဲ ခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကြီးဟာ ဘက်ပေါင်းစုံမှာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ သက်သေပါပဲ။ အဲဒီလို အစိုးရမျိုးဟာ ပြည်သူလူထုရဲ့ ဘ၀တွေကို အေးချမ်းလုံခြုံအောင် လုပ်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။

ဗုဒ္ဓဘာသာကို ကိုးကွယ်ယောင်ပြပြီး သံဃာထုကိုတောင် ဖမ်းဆီးသတ်ဖြတ်တဲ့ အစိုးရမျိုးဟာ သာမန် ပြည်သူ လူထုတွေအတွက် ဘယ်လိုအာမခံချက်မျိုးကိုပဲပေးပေး စိတ်ချ ယုံကြည်စရာ မဟုတ်နိုင်တော့ ပါဘူး။ အဲဒီအပြင် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း၊ ကူညီဖေးမခြင်းမရှိတဲ့အပြင် တရားဥပဒေကို လေးစား လိုက်နာခြင်းလည်းမရှိတဲ့ အဲဒီ အစိုးရ က သူတို့စိတ်ကြိုက်ဖန်တီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို နည်းမျိုးစုံသုံးပြီး အတည်ပြုဖို့ ကြိုးစားနေတာဟာ ခုချိန်မှာတော့ ပြည်သူလူထုကြီးရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးပြဿနာတခုပဲ ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လက်ရှိ အာဏာရှင်စစ်အစိုးရရဲ့ အာဏာတည်မြဲရေးကို အားပေးအတည်ပြုပေးမယ့် ဥပဒေ ဖြစ်နေတာပါပဲ။

ပြီးခဲ့တဲ့ အပတ်စဉ်တွေမှာတုန်းက အခုလာမယ့်မေလမှာ ဆန္ဒခံယူပွဲလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပါတဲ့ ပညာရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဖော်ပြထားတဲ့ အချက်၎ချက်ကို ပြောပြပြီး အချက်၂ချက်ကို ဆွေးနွေး ခဲ့ပြီးပါပြီ။ ဒီတပတ်မှာ နောက်ထပ်အချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောပြချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့်စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ တတိယ အချက်အနေနဲ့ ဖော်ပြထားတာက နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြား စေရန် ပြဌာန်းပေးရမည်... လို့ ပါပါတယ်။

ဒါဟာ မူအရတော့ ပြည့်စုံတဲ့ ပါရှိချက်ပါပဲ။ တကယ်တော့ အခမဲ့ မသင်မနေရ မူလတန်းစနစ် Free Education ဆိုတာက အဆန်းတကြယ်မဟုတ်ပါဘူး။ နိုင်ငံတကာပညာရေးမူတွေမှာ ဆိုရင် မူလတန်းတောင်မဟုတ်ဘဲ အခြေခံပညာအဆင့် အထက်တန်းအထိကို အခမဲ့ ပညာရေးစနစ်ပါ။ နိုင်ငံတကာမှာ မဖြစ်မနေ အကောင် အထည်ဖော်နေတဲ့ ပညာရေးမူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေကတော့ ရေးဆွဲပြဌာန်းတဲ့ မူသာရှိပြီး အဲဒီမူကို သူတို့ကိုယ်တိုင် လက်တွေ့လိုက်နာ အကောင်အထည်ဖော်မှုမျိုး မရှိတာဘဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ အများကြီး ဖြစ်နေတာပါ။

၂၀၀၅-၂၀၀၆အတွက် ထုတ်ပြန်ထားတဲ့ ယူနက်စကိုအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေး တွေရဲ့ ၄၅% က မူလတန်းကျောင်းကိုတောင် မတက်နိုင်ဘူးလို့ ပါပါတယ်။ အခု ၂၀၀၆-၂၀၀၇ခုနှစ်တွေမှာဆိုရင်တော့ ကျောင်းမနေနိုင်ဘဲ ၀မ်းရေးအတွက် အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေတောင် ပိုများလာနေပါပြီ။ ဒါကြောင့် ကလေးအားလုံး တန်းတူ ပညာသင်နိုင်ရေးအတွက် အခမဲ့ပညာရေးကို နိုင်ငံတကာနည်းတူ အကောင်အထည်ဖော်ဖို့ ဆိုတာ မြန်မာနိုင်ငံအနေနဲ့ နောက်တောင်ကျနေပြီးဖြစ်ပါတယ်။

အဲဒီလိုပဲ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြား စေရန် ပြဌာန်းပေးရမည်... ဆိုတာမှာလည်း တကယ့် လက်ရှိ အနေအထားမှာကတော့ စစ်အစိုးရဟာ တိုင်းရင်းသားလူမျိုးစုအလိုက် သူတို့ဒေသတွေမှာ အသီးသီး ဖွင့်လှစ်သင်ကြားနေတဲ့ ဘာသာစာပေ ယဉ်ကျေးမှုကျောင်းတွေကို ဖွင့်ခွင့်မပြုပါဘူး။ လူမျိုးစုအလိုက် ကျင်းပတဲ့ ရိုးရာဓလေ့ပွဲလမ်း အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပခွင့် မပေးပါဘူး။ ပိတ်ပင်တားမြစ်ဖမ်းဆီးအရေးယူတာတွေတောင် လုပ်နေတာပါ။ ဒါဟာ စစ်အစိုးရရဲ့ သဘောထားအမှန်လည်းဖြစ်ပါတယ်။ ဒါကြောင့် အဲလို မူနဲ့အလုပ် ကွာဟ ခြားနားလွန်းတဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့ တရားမ၀င်အုပ်ချုပ်နေမှုကို လူထုကြီးက တရားဝင်အုပ်ချုပ်ခွင့်ပေးလိုက်တာ ဖြစ်သွားမှာပါပဲ။

ဒီမိုကရေစီနိုင်ငံတနိုင်ငံ ထူထောင်ရေးမှာ ပညာရေးကဏ္ဍဟာ အဓိကတည်ဆောက်ရမယ့် အခြေခံမဏ္ဍိုင်ကြီးပဲ ဖြစ်ပါတယ်။ ၁၉၆၂နောက်ပိုင်း တပါတီအာဏာရှင်စနစ် လက်အောက်က စပြီး ခု လက်ရှိစစ်အစိုးရရဲ့ လက်ထက်အထိ ၄၅နှစ်ကျော် သက်တမ်းတလျှောက် မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးဆိုးရွားရွား ယိုယွင်း ဆုတ်ယုတ်သွားရတာဟာ ပညာရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မပေးတဲ့အပြင် ပညာရေး လွတ်လပ်ခွင့်ကို ဟန့်တား ပိတ်ဆို့ခံရတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၈၈နောက်ပိုင်း တရားမ၀င်စစ်အစိုးရလက်ထက်မှာတော့ ပညာရေးကဏ္ဍဟာ လုံးလုံး ယိုယွင်းသွားအောင် အဖျက်ဆီးခံရတယ်လို့ကို ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲလို ကိုယ့်နိုင်ငံကို ပျက်စီးစေခဲ့တဲ့အစိုးရမျိုးကို ဆက်ပြီး သက်တမ်းရှည်အောင် အတည်ပြု ပေးရာရောက်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မှသာ လွတ်လပ် ပွင့်လင်းပြီး အနာဂတ်အတွက် အာမခံချက်ရှိတဲ့ ပညာရေးမျိုးကို ထူထောင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ပညာရေးကဏ္ဍတိုးတက်မှုအပေါ် တည်မှီနေတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း သေသေ ချာချာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။

၂၄၊၀၃၊၀၈။

Friday, April 18, 2008

ကန့်ကွက်ရမယ့် အခြေခံဥပဒေ

မြန်မာနိုင်ငံရဲ့ ပညာရေးအခြေနေ ဆုတ်ယုတ်ကျဆင်းနေရတဲ့ အဓိကပြဿနာဟာ နိုင်ငံဆင်းရဲလို့မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုတွေကြောင့်သာဖြစ်တယ် ဆိုတာကို ဒီပညာရေးအပတ်စဉ်ကဏ္ဍကနေ အများကြီး ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ အထူးသဖြင့် ၁၉၈၈နောက်ပိုင်း အာဏာသိမ်းအစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ အဘက်ဘက်က ယိုယွင်းဆုတ်ယုတ်သွားမှုနဲ့အတူ ပညာရေးအဆင့်အတန်းကလည်း တရှိန်ထိုးကျဆင်း သွားခဲ့ ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ခုတော့ အဲဒီ အာဏာသိမ်း တရားမ၀င်အစိုးရကပဲ နိုင်ငံတနိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့ပြီး အတည်ပြုပြဌာန်းဖို့လည်း ကြိုးစားပါတော့မယ်။ ဒီနေရာမှာ လက်ရှိ အာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သေသေချာချာ သုံးသပ်ဖို့ လိုလာပါတယ်။ အထူးသဖြင့် နိုင်ငံ တနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတာမို့လို့ အခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲရာမှာ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအာမခံချက်မျိုးတွေ ထည့်သွင်း ရေးဆွဲထားသလဲဆိုတာကို သေသေချာချာ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြဿနာက ပြည်သူတွေရဲကဆန္ဒကို ခံယူရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေ နားလည် အောင် တရားဝင် ချပြ ရှင်းလင်းတာမျိုး ခုချိန်ထိ မလုပ်သေးတာပါပဲ။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက ပညာရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဖော်ပြထား ချက်တွေကို ပြောပြချင်ပါတယ်။


ပြီးခဲ့တဲ့ တပတ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပညာရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာ ပညာသင်ခွင့် ဆိုတာ မပါဝင်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့် စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ
(က) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်မည်။
(ခ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင် ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်း ဆောင်ရွက်မည်။
(ဂ) နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။
(ဃ) နိုင်ငံတော်သည် ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်မည်။
လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံက အာဏာပိုင်တွေရဲ့ ထုံးစံအတိုင်း တင်ပြချက်တွေကတော့ စေ့စေ့စုံစုံ ရှိသလိုပါပဲ။ ရှေ့ပိုင်းဆောင်းပါးတွေမှာ ဆွေးနွေးခဲ့ဖူးပြီးသားဖြစ်တဲ့ ပညာရေး နှစ်ရှည်စီမံကိန်းလိုပါပဲ။ မြန်မာနိုင်ငံမှာက မူတွေချမှတ်ထားတာသာ ရှိပြီး လက်တွေ့ အကောင်အထည် ဖော်မှု မရှိတာကသာ ပြဿနာဖြစ်နေတာပါ။ ဒါကြောင့်ပဲ တချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံး ပညာရေး အဆင့်ကို ရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာ အဆိုးဆုံးအဆင့်ကို ထိုးကျသွားခဲ့ရတာပါပဲ။

ပြီးခဲ့တဲ့ တပတ်မှာ ဆွေးနွေးတင်ပြခဲ့သလိုပဲ "နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်မည်" လို့ ဖော်ပြပေမဲ့ နိုင်ငံတနိုင်ငံရဲ့ ပညာရေး တိုးတက်ခေတ်မီဖို့အတွက် တကယ်လိုအပ်တဲ့ ပညာရေးလွတ်လပ်ခွင့်ကိစ္စကို ဖော်ပြမထားပါဘူး။ ပညာရေး လွတ်လပ်ခွင့်ဟာ ခေတ်မီတိုးတက်တဲ့ ပညာရေးဖြစ်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်ပါ။ မြန်မာနိုင်ငံမှာ ၁၉၆၂ခုနှစ် တော်လှန်ရေးအစိုးရတက်စဉ်ကတည်းက ပညာရေးလွတ်လပ်ခွင့်ကို တားမြစ်ခံရတဲ့ အတွက် ကျောင်းသားတွေက ပညာရေးလွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ရတာပါ။ အဲဒီတောင်းဆိုမှု ကြောင့်ပဲ 7 July လို့ ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ခဲ့တာပါ။ အဲဒီတုန်းကလည်း အာဏာရှင်အစိုးရက တောင်းဆိုမှုကို ဖြေရှင်းမပေးဘဲ ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနဲ့ အာဏာရှင်အလိုကျ ချုပ်ကိုင်ထားတဲ့ ပညာရေးစနစ် ကသာ မြန်မာနိုင်ငံကို ကြီးစိုး ထားခဲ့တာပါ။

၁၉၇၄ခုနှစ်မှာ အာဏာရှင်အလိုကျ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြဌာန်းခံရပြီးတဲ့နောက်မှာတော့ ချမ်းသာ ကြွယ်ဝလှတဲ့ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကြေငြာရတဲ့ ဘ၀ကို ရောက်သွားပါတယ်။ အဲလိုပဲ ပညာရေးအရာမှာလည်း နိမ့်ကျ ပျက်စီး သွားခဲ့ရပါတယ်။ အဓိကကတော့ လွတ်လပ်စွာ ပညာသင်ကြား ခွင့် မရှိတဲ့အပြင် နိုင်ငံတကာ ပြင်ပ ဗဟုသုတတွေကို လေ့လာခွင့် မရဘဲ ပိတ်ဆို့ခံထားရတဲ့ ဆိုးကျိုးဆက်ပဲ ဖြစ်ပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက ပညာရေးကို ပြည်နယ်အလိုက် အာဏာခွဲဝေဖန်တီးခွင့်ပေးထားတာပါ။ ဒါဟာ ပြည်နယ် အလိုက် ပညာရေးလွတ်လပ်ခွင့် ရှိနိုင်တဲ့ သဘောပါ။ ၁၉၇၄ အခြေခံဥပဒေမှာတော့ ပညာရေးကဏ္ဍကို ပြည်နယ်အလိုက် အုပ်ချုပ် စေတာမျိုးမပါတော့ဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဗဟိုကနေ ဦးစီး ချုပ်ကိုင်တဲ့စနစ်ကို သုံးပြီး ပညာရေး လွတ်လပ်ခွင့်ကို ကိုင်တွယ် ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် ပညာရေးထဲမှာ တပါတီစနစ်ကို မှိုင်းတိုက်သွပ်သွင်းတဲ့ အယူအဆတွေ ထည့်လာပြီး ကျောင်းသားတွေကို လိုသလို ပုံသွင်းယူလာခဲ့တာပါ။

ခု စစ်အစိုးရက ဦးစီးပြီး ရေးဆွဲတဲ့ အခြေခံဥပဒေမှာတော့ အချက်(ခ)မှာ
"နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ် မည့် ဥပဒေပြဌာန်း ဆောင်ရွက်မည်" လို့ ဖော်ပြထားပါတယ်။ အဲဒီအချက်ကို ပြန်သုံးသပ်ကြည့်ရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ဖော်ပြထားချက်ဟာ ကောင်းတဲ့အချက်လို့ ဆိုရမှာပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကတော့ အဲဒီဥပဒေကို ရေးဆွဲတဲ့ အာဏာပိုင်တွေကပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပညာသင်ခွင့်တွေကို ပိတ်ပင်တားမြစ်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မိခင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားခွင့်မပေးရုံသာမကဘဲ ပြန်လည်ဖော်ထုတ်ခွင့်၊ လက်ဆင့်ကမ်း ထိန်းသိမ်းခွင့်တွေကိုပါ ခွင့်မပြုဘဲ ဟန့်တား ပိတ်ပင် အရေးယူတာတွေ လုပ်နေပါတယ်။ ဒါကြောင့် အဲလို အာဏာပိုင်တွေက လိုအပ်သလို ပြဌာန်းမယ့် ဥပဒေဆိုတာ တရားမျတမှု မရှိနိုင်ပါဘူး။

ပိုဆိုးတာကတော့ အဲဒီ အခြေခံဖွဲ့စည်းပုံဥပဒေအရဆိုရင် အဓိကကျတဲ့ အုပ်ချုပ်ရေးပိုင်း တွေကို စစ်တပ်ကသာ ရယူနိုင်မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ မနှစ်သက်တဲ့ အချက်တွေကို အလွယ်တကူ တောင်းဆိုပြင်ဆင်ခွင့်လည်း မရှိပါဘူး။ ဒါ့ကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေသာ အတည်ပြုပြဌာန်းဖြစ်သွားမယ်ဆိုရင်တော့ တကယ်တမ်း အနာဂတ်ကို အသိပညာ အတတ်ပညာ အလိမ်မာ တွေနဲ့ရင်းပြီး တည်ဆောက် ကြရမယ့်နေရာမှာ နိမ့်ပါးအောက်ကျတဲ့ အနာဂတ်ကိုသာ အမိန့်အာဏာနဲ့ မတရားသဖြင့် ဖိနှိပ် အုပ်ချုပ်ခံရရင်းနဲ့ တည်ဆောက်သွားကြရဦးမှာပဲဖြစ်ပါတယ်။ ဒါဟာ နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်တော့ သိပ် အန္တရာယ် ကြီးတဲ့ကိစ္စပဲဖြစ်တာမို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကြီးအနေနဲ့ လက်မခံသင့်တဲ့ အချုပ်အနှောင်တခုသာ ဖြစ်ပါတယ်။

မေငြိမ်း
၁၈၊၀၃၊၀၈။


Wednesday, April 9, 2008

နအဖရဲ့ Constitution နဲ့ ပညာရေးကဏ္ဍ

လာမယ့် သင်ရိုးသစ်မှာ ခေတ်မီတဲ့ သင်ရိုးတွေ ဖြည့်စွက်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောထားတာမို့လို့ လူမှုရေးရာသင်ရိုးမှာ ဘယ်လိုသင်ခန်းစာတွေ ပြဋ္ဌာန်းမှာလဲ ဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။ ဒီနေရာမှာ ပညာရေးလိုအပ်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအာဏာပိုင်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စဉ်းစားသုံးသပ်ဖို့ လိုလာပါတယ်။ ၂၀၀၈ခုနှစ် မေလမှာ ပြည်သူ လူထုရဲ့ ဆန္ဒကို ခံယူမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်းသည့် အခြေခံမူများ အခန်းရဲ့ အချက်(က)မှာတော့ "နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေဖို့အတွက် အလေးထား ဆောင်ရွက်မည်"လို့ ပါပါတယ်။ ဒီနေရာမှာ ဖော်ပြထားချက်ဟာ အကြမ်းဖျင်းဆန်လွန်းတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ ပညာရေးရော ကျန်းမာရေးမှာပါ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်း နေပါတယ်။ ပညာရေးသီးသန့်အနေနဲ့ ပြောရရင် ခေတ်မီပညာရေး၊ တိုးတက်တဲ့ ပညာရေး ဖြစ်ဖို့အတွက် အစိုးရအနေနဲ့ အထောက်အပံ့ပေးရမယ့် ကဏ္ဍတွေ၊ အစိတ်အပိုင်းတွေကို တိတိကျကျ ရည်ညွှန်းထည့်ပေးဖို့ လိုပါတယ်။ ဥပမာ-ကျောင်းအဆောက်အဦး လိုအပ်ချက်၊ သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်၊ ဆရာဆရာမ လိုအပ်ချက်၊ သင်ကြားရေးနည်းပညာဆိုင်ရာ လိုအပ်ချက်နဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့် တွေအတွက် ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာမျိုးတွေကို တိတိကျကျ ထည့်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်အနေနဲ့ ဒီလို လစ်ဟာ အားနည်းချက်တွေ ရှိနေတာဟာ အနာဂတ်အတွက် ပြဿနာကြီးတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီ အားနည်းချက်ရှိနေတာကြောင့် နောင်တစ်ချိန် ပညာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဒီမိုကရေစီနည်းကျကျ တောင်းဆိုတာ၊ ပြုပြင်တာ၊ ဝေဖန်သုံးသပ်တာတွေ လုပ်ရတဲ့အခါ ပြည်သူလူထုဘက်က ခိုင်ခိုင်လုံလုံမရှိသလို ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားမှု မရှိတဲ့အတွက် ဒါဟာ ဝေဖန် ထောက်ပြရမယ့် အချက်ပါပဲ။

လက်ရှိ အာဏာပိုင်တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ပညာရေးကဏ္ဍကို အလုပ်ပြရုံ ထည့်သွင်းပေးထားသလို ဖြစ်နေပါတယ်။ တကယ်တော့ ပညာရေးကဏ္ဍထဲမှာ အရေးကြီးဆုံးလိုအပ်ချက်က ပညာရေး လွတ်လပ်ခွင့် (Acedamic Freedom)ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပညာရေးဟာ ကျောင်းသားတွေကို ပညာရေးလွတ်လပ်ခွင့် အပြည့်အ၀ ပေးထားရတာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ကျောင်းထဲ အတန်းထဲ တွေမှာ ကိုယ့်အတန်းရဲ့ ကျောင်းသား ကိုယ်စားလှယ်ကနေ စပြီး ပါမောက္ခ၊ လွှတ်တော် အမတ်၊ ၀န်ကြီးချုပ်၊ နိုင်ငံတော် သမ္မတအထိကို ကိုယ့်အမြင်နဲ့ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။ အဲဒီလိုပဲ အတန်းစည်းကမ်း၊ ကျောင်းစည်းကမ်း ကနေ စပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအထိ မိမိ သဘောဆန္ဒ အမြင်အတိုင်း ဝေဖန်ဆွေးနွေးပြောဆိုခွင့် ရှိပါတယ်။ ဒါဟာ ကျောင်းသားတွေကို သူတို့တွေ့ကြုံကြရမယ့် လက်တွေ့လောကနဲ့ ကျောင်းသင်ခန်းစာ အဆက်အစပ်ကို ကျောင်းစာသင်ခန်းထဲကနေ လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းစဉ်းစားပြီး လွတ်လွတ် လပ်လပ် ဆွေးနွေး တိုင်ပင် ရေးဆွဲ ရတဲ့ အရေးပါလှတဲ့ အခြေခံအဆောက်အအုံကြီး တစ်ခု ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာကတော့ ပြည်သူတွေတောင် ကောင်းကောင်းမသိတဲ့ ကိုယ်စားလှယ် ဆိုသူတွေက နှုတ်ပိတ် ခေါင်းညှိတ် ထောက်ခံထားရတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်နေပါတယ်။ အဲဒီအပြင် ပြည်သူ့ရဲ့ ဆန္ဒကို ခံယူပြီးမှ ပြည်သူတွေ သဘောကျ ထောက်ခံမှ အတည်ပြု ပြဌာန်းနိုင်မှာ ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဝေဖန်ရင် အရေးယူအပြစ်ပေးမယ်လို့ ခြိမ်းခြောက်နေပါတယ်။ တကယ်လည်း ဖမ်းဆီး အပြစ်ပေး တာတွေ လုပ်နေပါတယ်။
အဲဒီလို မတရားအစိုးရမျိုးက ရေးဆွဲပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထု အများရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုနဲ့ ရေးဆွဲရတဲ့ ပညာရေးသင်ရိုးဟာလည်း လွတ်လပ်မှုမရှိနိုင်တာမို့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့်ပညာရေး ဖြစ်ဖို့ဆိုတာကိုလည်း မျော်လင့်လို့ မရပါဘူး။ တကယ်တမ်း ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့် ပညာရေး ဖြစ်ဖို့ဆိုရင် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကိုသာမက လူမှုရေးရာဘာသာရပ်လို ၀ိဇာ ဘာသာရပ်တွေရဲ့ သင်ရိုးတွေကိုပါ ခေတ်နဲ့ အမီ လိုက်နိုင်အောင် ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ နိုင်ငံတွေမှာကတော့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းဝင်းထဲမှာ၊ စာသင်ခန်းထဲမှာ၊ ငြင်းခုန်ချက် စာတမ်း (Argument Paper) တွေရေးကြ၊ ကျဘမ်း စကားပြောပွဲတွေ လုပ်ကြ၊ အပြန်အလှန် စကားစစ်ထိုးပွဲ (Debate)တွေ လုပ်ကြနဲ့၊ ပညာရေးလွတ်လပ်ခွင့်ကို အပြည့်အ၀ခံစားခွင့်ရနေကြပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား တွေမှာတော့ ကျောင်းသားတိုင်း ခံစားခွင့်ရှိတဲ့ ပညာရေးလွတ်လပ်ခွင့်ကို ဆုံးရှုံးနေရရုံ သာမကဘဲ ကိုယ့်နိုင်ငံအတွက်အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြခံဥပဒေကိုတောင် ဝေဖန်ဆွေးနွေး ပိုင်ခွင့် မရှိဘဲ ဖြစ်နေပါတယ်။

ဒါကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှတဲ့ လိုအပ်ချက်ဖြစ်တဲ့ ပညာရေး လွတ်လပ်ခွင့်အတွက် အာမခံမှုမျိုးပေးမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံဖို့ဆိုတာဟာ ပြည်သူ လူထုကြီးအနေနဲ့ သေသေချာချာ ထည့်သွင်းသုံးသပ်စဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း
၁၀၊၃၊၀၈။

Sunday, March 30, 2008

အလွတ်ပညာသင်ကျောင်းနဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် နိမ့်ကျရတဲ့ အကြောင်းရင်းတွေထဲမှာ သင်ရိုးတွေ ခေတ်မမီမှု၊ စာပေ ယဉ်ကျေးမှု နဲ့ နိုင်ငံ့ရေးရာတွေမှာ ဘက်လိုက်သင်ကြားတာတွေနဲ့ အတူ သင်ရိုးကို အစိုးရက ဗဟိုကနေ မတရားသဖြင့် ချုပ်ကိုင်စွက်ဖက်မှုတွေကြောင့်လည်း နိမ့်ကျနေရတာဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်တွေမှာ ဆွေးနွေးခဲ့ ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာက မိဘတွေရဲ့ အထွေထွေစီးပွားရေး အကျပ်အတည်းတွေကြောင့် ကလေးတွေ ကျောင်းမနေနိုင်တာကြောင့်ရော၊ အစိုးရရဲ့ လျစ်လျူရှုမှုကြောင့် ပညာရေးစနစ်အဆင့်အတန်း နိမ့်ကျနေ ရတာတွေကြောင့်ရော၊ မြန်မာနိုင်ငံပညာရေး ယိုယွင်းကျဆင်းနေချိန်မှာ အာဏာပိုင်အစိုးရ မကူညီဘဲနဲ့တော့ အောင်မြင်တဲ့ ပညာရေးကို ရဖို့ ခဲယဉ်းတာ အမှန်ပါပဲ။ တကယ်လို့ အစိုးရကသာ စေတနာရှိတယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပညာရေးကို အလျင်အမြန် ဦးမော့သွားအောင် လုပ်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။

တကယ်တော့ အစိုးရကသာ ပညာရေးကို လမ်းဖွင့်ပေးမယ်ဆိုရင် ခုလောက် ချွတ်ခြုံကျနေတဲ့ ပညာရေးကို လည်း ပြန်ပြီး ဦးမော့လာအောင် ပြည်သူလူထုအနေနဲ့တောင် လုပ်ပေးနိုင်ပါတယ်။ ပညာရေးမှာ လူလတ် တန်းစားမိသားစုဝင်ကလေး တွေပါ တက်ရောက်သင်ယူနိုင်တဲ့ အခမဲ့ပုဂ္ဂလိကပိုင်ကျောင်းတွေ များများ ဖွင့်ပေး နိုင်ပါတယ်။ ပညာရေးအတွက် အထောက်အပံ့ပေးမယ့် အကျိုးအမြတ်မယူတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကို ခွင့်ပြုဖို့လိုပါတယ်။ အဲဒီအပြင် နိုင်ငံအစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် လူထုကိုယ်တိုင် ပါဝင်ကူညီတည်ထောင်တဲ့ အလွတ်ပညာသင်ကျောင်းတွေ ဖွင့်သင့်ပါတယ်။

တကယ်တော့ အဲလို အလွတ်ပညာသင်ကျောင်းမျိုးကို ဖွံ့ဖြိုးတိုးတက်ပြီးသားဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုလို နိုင်ငံကြီးမှာတောင် အမျိုးသားပညာရေး ဆောင်ရွက်ချက်အနေနဲ့ လုပ်နေတာ တွေ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ အဲလိုကျောင်းမျိုး ကို Charter School လို့ ခေါ်ပါတယ်။ အမေရိကန်နိုင်ငံက ချာတာကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကွင်းဆင်းလေ့လာထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ အမြင်ကို ဒီနေရာမှာ တင်ပြပါ့မယ်။

ချာတာကျောင်းတွေဟာ အစိုးရကျောင်းများကနေတဆင့် ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ ကျောင်းသား မိဘနှင့် ဆရာများပါဝင်သော နိုင်ငံသားများကိုယ်တိုင် တည်ထောင် ဖွင့်လှစ်နိုင်တဲ့ ကျောင်းမျိုးဖြစ်ပါတယ်။ ချာတာကျောင်းတွေဟာ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ရဲ့ အုပ်ချုပ်မှုကနေ ကင်းလွတ်ပြီးတော့ ကျောင်းသား တွေရဲ့ ပညာရေးအောင်မြင်မှုအပေါ်မှာသာ အခြေခံပြီး တည်ထောင်တဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ကျောင်းသားတွေ အောင်မြင်မှုများများရမှ ချာတာကျောင်းပညာရေးက တည်တံ့အောင်မြင်တဲ့ ပညာရေး ဖြစ်လာမှာပါ။ ချာတာကျောင်းပညာရေးမှာ ကျောင်းသားမိဘက ကျောင်းကို ရွေးချယ်နိုင်ပါတယ်။ ပုဂ္ဂလိက ကျောင်းတွေနဲ့ မတူတာကတော့ ပုဂ္ဂလိက ကျောင်းတွေက ကျောင်းသားကို ရွေးလက်ခံပြီး ကျောင်းသားက ကျောင်းလခ ပေးရပါတယ်။ ချာတာကျောင်းတွေကတော့ အခမဲ့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ချာတာကျောင်းတွေကို ရီပတ်ဗလီကင်နှင့် ဒီမိုကရက်နှစ်ပါတီစလုံးက အားပေးပါတယ်။

သမ္မတ ဘီလ်ကလင်တန်လက်ထက်မှာတုန်းက ချာတာကျောင်းတွေဟာ လွတ်လပ်မှုလည်းရှိ၊ တာဝန်ယူမှု လည်း ရှိပြီး နိုင်ငံရေးအရလည်း အကျေအလည် ဆွေးနွေးပြီးဖြစ်တဲ့အတွက် တကယ်အလုပ်ဖြစ်တဲ့ ကျောင်းတွေ ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံမှာရှိတဲ့ အကယ်ဒမီကျောင်း (City Acedamics)တွေကလည်း အမေရိကန်က ချာတာကျောင်းတွေနဲ့တူတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ အကယ်ဒမီကျောင်း တွေကလည်း လွတ်လပ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေရဲ့ ပညာရေးတိုးတက်မှုကို ဆောင်ရွက်တယ်လို့ ဆိုပါတယ်။

ဒေါက်တာသိန်းလွင်က အမေရိကန်ဆရာများသမဂ္ဂကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး ချာတာကျောင်းများအပေါ် အမြင်ကို မေးမြန်းခဲ့ပါသေးတယ်။ အဲဒီအခါမှာ ဆရာများ သမဂ္ဂရဲ့ တာဝန်ရှိသူတွေက ချာတာကျောင်းတွေရဲ့ အကျိုးနဲ့အပြစ်ကို ချိန်ထိုး ပြောပြပါတယ်။ ပြောပြချက်တွေအရ အားသာချက်ကတော့ ချာတာကျောင်းတွေရဲ့ အရွယ်အစားက အစိုးရကျောင်းတွေထက် သေးငယ်တာကြောင့် စီမံခန့်ခွဲရ လွယ်တယ်လို့ ပြောပါတယ်၊ ကျောင်းသေးတဲ့အတွက် ကျောင်းသားလည်း နည်းတာမို့ ကျောင်းသားတွေကို ကိုင်တွယ်ရာမှာ အစိုးရ ကျောင်းတွေထက် ပိုပြီး နိုင်နိုင်နင်းနင်းရှိတယ်လို့ ဆိုနိုင်ပါတယ်။ နောက် ချာတာကျောင်းတွေမှာ ကျောင်းရဲ့ ရည်မှန်းချက် လုပ်ငန်းစဉ်တွေ ထင်ထင်ရှားရှား ရှိပါတယ်။ ရည်မှန်းချက်က ကျောင်းရဲ့ အောင်မြင်မှုအတွက် အချက်အချာ ကျတယ်လို့ ဆိုပါတယ်။

ချာတာကျောင်းရဲ့ အားနည်းချက်တွေကတော့ အစိုးရကျောင်းမဟုတ်တဲ့အတွက် ဆရာတွေ အလုပ်မမြဲကြတာ ကြောင့် သင်ကြားရေးမှာ မတည်ငြိမ်ဖြစ်ရတယ်လို့ ဆိုပါတယ်။ ချာတာကျောင်းတွေဟာ အစိုးရကျောင်းတွေနဲ့ အပြိုင်အဆိုင် ဖြစ်လာ တာကြောင့် အစိုးရကျောင်းဆရာတွေ စိတ်မချမ်းမသာ ဖြစ်ရတယ်လို့လည်း ပြောပါတယ်။ အဲဒီအပြင် ချာတာကျောင်းတွေဟာ လွတ်လပ်မှုလွန်ကဲပြီး ပညာရေးစံတွေနဲ့ ကင်းလွတ်တယ် လို့လည်း ဝေဖန်ပါတယ်။ ဆရာများသမဂ္ဂရဲ့ အမြင်အရတော့ ချာတာကျောင်းက ဆရာတွေဟာ 'ဆရာများ သမဂ္ဂ'ကို မ၀င်ကြတာကြောင့် ဆရာများသမဂ္ဂက ပို့ချတဲ့ သင်တန်းတွေ တက်မထားရပါဘူး၊ ဒါကြောင့် စံမီတဲ့ ဆရာတွေ မဖြစ်နိုင်ဘူးလို့ ယူဆထား တာပါပဲ၊

ဒေါက်တာသိန်းလွင်ကတော့ ချာတာကျောင်းတွေရဲ့ အကျိုးအပြစ်ကို ချိန်ဆပြီး မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရာမှာ ချာတာကျောင်းပုံစံကို ထည့်သွင်းစဉ်းစား သင့်တယ်လို့ ဆိုပါတယ်။ ချာတာကျောင်းတွေ ဟာ ‘အစိုးရ ထောက်ပံ့ခံပေမဲ့ လွတ်လပ်တဲ့ကျောင်း’တွေ ဖြစ်တဲ့အတွက် အဲလို လွတ်လပ်တဲ့ ကျောင်းတွေကို အားပေးတာဟာ တနည်းအားဖြင့်တော့ ဆရာတွေ၊ ကျောင်းသားမိဘတွေနဲ့ ပညာရေး လုပ်ဆောင်သူတွေကိုပါ ပညာရေးဖွံ့òဖိးရေးအတွက် စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွ ပါဝင်လာစေအောင် အားပေးတာပဲ ဖြစ်ပါတယ်၊ တနည်းအားဖြင့် နိုင်ငံသားအားလုံး တက်ကြွစွာပါဝင်တဲ့ ဒီမိုကရေစီ အလေ့အကျင့်ကို အားပေးခြင်းပဲ ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တွဲဘက်ကျောင်းတွေဟာလည်း ရပ်ရွာတွေကနေ တာဝန်ယူ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ ဖြစ်တာမို့ လွတ်လပ်တဲ့ ကျောင်းတွေပဲ ဖြစ်တယ်လို့ ဆရာ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ အဲသလိုပဲ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ရပ်ရွာက ထောက်ပံ့ကူညီထားတာဖြစ်တဲ့အတွက် ချာတာကျောင်း ပညာရေးဟာ မြန်မာနိုင်ငံနဲ့လည်း အစိမ်းသက်သက်တော့ မဟုတ်ပါဘူး၊ ဒါကြောင့် ရပ်မိရပ်ဖတွေ ကိုယ်တိုင် ကျောင်းတည်ထောင်နိုင်ရင်တော့ လွတ်လပ်တဲ့ ချာတာကျောင်းတွေ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာသိန်းလွင် အကြံပြုထားတာကို တင်ပြလိုက်ရပါတယ်။

5/12/07

Tuesday, March 25, 2008

သင်ရိုးညွှန်းတန်း

ပြီးခဲ့တဲ့ အပတ်တွေမှာတုန်းက စာသင်ခန်းထဲကနေ စည်းကမ်းရှိတဲ့ နိုင်ငံသားတွေ ပျိုးထောင်ယူလို့ ရနိုင်တဲ့ အကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးစာတမ်းကနေတဆင့် အများကြီး ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်တော့ စာသင်သားတွေအတွက် ဗဟုသုတများစွာတိုးပွားဖြစ်ထွန်းစေတဲ့ သင်ခန်းစာတွေထဲမှာ နိုင်ငံ့အရေးအရာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာတွေကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ အချက်ကို ဦးတည်ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ စာတမ်းမှာ ပြဋ္ဌာန်းသင့်တဲ့ သင်ရိုးတွေကို အဓိကထားပြီး အကြံပြု တင်ပြသွားတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီသင်ရိုးတွေထဲမှာပါတဲ့ သင်ခန်းစာတွေကို အကြောင်းအကျိုးရှင်းလင်းအောင် ပြောပြသင်ပြဖို့ ကတော့ ဆရာတွေရဲ့တာဝန်သာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာအဖြစ် ဦးသန့်တင်ပြခဲ့တဲ့ ဒီမိုကရေစီစနစ် အကြောင်း သင်ကြားပြောပြရာမှာ အားနည်းချက်တွေကိုပါ ထည့်သွင်း ပြောပြသင့် တယ် ဆိုတဲ့အချက်အရ ဘယ်လိုသင်ကြားပြောပြနိုင်သလဲဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ ဆိုးပြစ်တွေဖြစ်တဲ့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက် ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ ဆိုတဲ့အချက်ကို ပြောပြရာမှာ ဆရာအနေနဲ့ ဒီနေရာမှာ ဒီမိုကရေစီအစိုးရကို သေသေချာချာ ရွေးချယ်တင်မြှောက်နိုင်တဲ့ ပြည်သူလူထုဖြစ်အောင် ပြည်သူလူထုကို နိုင်ငံရေး အသိဉာဏ်ရှိအောင် ဖန်တီးပေးထားဖို့လိုတယ် ဆိုတာ ပြောပြဖို့ လိုပါတယ်။ အဲဒီလို အသိဉာဏ်ရှိဖို့အတွက် စာသင်သားအရွယ် ငယ်စဉ်ကတည်းက ကျောင်းမှာ နိုင်ငံရေးကိစ္စကို ထည့်သွင်း သင်ကြားသင့်တယ် ဆိုတာကိုလည်း ဆရာက သေချာ ပြောပြရမှာဖြစ်ပါတယ်။ ဒါမှပဲ အရွယ်ရောက်ချိန်မှာ လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ ဗဟုသုတတွေနဲ့ ပြည့်စုံနေမှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ အုပ်ချုပ်သူအစိုးရကို သေချာ ရွေးချယ်တင်မြှောက်နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် နိုင်ငံတနိုင်ငံမှာ နိုင်ငံသားကောင်းတွေ ပေါ်ထွန်းဖို့အတွက် ကျောင်းပညာရေးထဲက သင်ရိုးညွှန်းတန်း က အရေးပါတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်းရဲ့အရေးပါမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးပညာရှင်ဒေါက်တာသိန်းလွင်က သူ့ရဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာ စာတမ်း တစ်စောင်မှာ ထည့်သွင်း အကြံပြုထားပါတယ်။ ဒေါက်တာသိန်းလွင်က သင်ရိုးညွှန်းတမ်းကိစ္စဟာ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေ မကြာခဏ အငြင်းအခုံဖြစ်ရတဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒေါက်တာသိန်းလွင်က “နိုင်ငံရေးသမားတွေက သူတို့ရဲ့ နိုင်ငံရေးအမြင်နှင့် လုပ်ဆောင်ချက်တွေကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သင်စေချင်ပြီး၊ ပညာရှင်တွေကတော့ ဘက်တစ်ဖက်တည်းကနေ ရပ်တည်တဲ့ အမြင်တခုကို ကျောင်းသင်ခန်းစာ အနေနဲ့ သွပ်သွင်းပို့ချတာကို သဘောမတူကြဘူး” လို့ ပြောပါတယ်။ အဲဒီအပြင် ပညာရေးကို အသုံးချပြီးတော့ တစ်ဖက်သတ် နိုင်ငံရေးအမြင်၊ စီးပွားရေးဝါဒနဲ့ လူမျိုးရေးမုန်းတီးမှုများကို မသင်ကြားသင့်ပါဘူး၊ သင်ရိုးညွှန်းတမ်း ကိုလည်း တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်းက ရေးဆွဲပြဋ္ဌာန်းတာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ သင်ရိုးညွှန်းတန်းရေးဆွဲဖို့အတွက် ပညာရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ရပါမယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဟာ ကျောင်းသား၊ ဆရာ၊ မိဘ၊ ရွေးချယ်ခံပုဂ္ဂိုလ် ပညာရှင်တွေ၊ သမဂ္ဂတွေ၊ လူမျိုးစုအဖွဲ့တွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေစတဲ့ နိုင်ငံသားတွေ ကျယ်ကျယ် ပြန့်ပြန့် ပါဝင် ညှိနှိုင်းဆောင်ရွက်ရတဲ့ နေရာ ဖြစ်ရမယ်လို့ ဒေါက်တာသိန်းလွင်က အကြံပြုထားပါတယ်။

ဒေါက်တာသိန်းလွင်ရဲ့ စာတန်းပါ အကြံပြုချက်တွေအရတော့ ဒီမိုကရေစီပညာရေးရဲ့ သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် စံ သတ်မှတ်တာကလည်း အရေးကြီးတယ်ဆိုတာကို တွေ့ရပါတယ်။ သင်ရိုးညွှန်းတန်းစံကို သတ်မှတ်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရ (သို့မဟုတ်) နိုင်ငံအစိုးရရဲ့ ပညာရေးတာဝန်ရှိသူတွေကနေ ပြီးတော့မှ တစ်နိုင်ငံလုံး လိုက်နာသင့်တဲ့ အနိမ့်ဆုံးစံ သတ်မှတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးစံ ဆိုတာက ပြည်နယ်အားလုံးနဲ့ ကိုက်ညီနိုင်မယ့်၊ လိုက်လျောညီထွေရှိနိုင်မယ့်၊ နိုင်ငံတကာစံနှုန်းတွေနဲ့ လူသားဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ပြည်နယ်ပညာရေး တာဝန်ရှိသူတွေက အဲဒီအနိမ့်ဆုံးစံတွေကို အခြေခံပြီး အဲဒီပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သဘာ၀၀န်းကျင်တွေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် သင်ရိုးညွှန်းတန်း လမ်းညွှန်ချက်ဘောင်ကို ဖြည့်စွက် ချမှတ်နိုင်ပါတယ်။ အဲဒီ သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက်ကို အခြေခံပြီးတော့မှ ဒေသဆိုင်ရာ ပညာရေးတာဝန်ရှိသူတွေနဲ့ ကျောင်းဆရာတွေက သင်ရိုးညွှန်းတမ်းအသေးစိပ်ကို လွတ်လွတ်လပ်လပ် ရေးဆွဲရပါမယ်။ အဲဒီလို ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို ပြည်နယ်ပညာရေးဘုတ်အဖွဲ့မှ အတည်ðပပေး သင့်ပါတယ်။ ပြီးတော့ ကျောင်းဆရာ တွေကိုယ်တိုင် သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီမယ့် ဖတ်စာအုပ်တွေကို ရွေးချယ်နိုင်ပါတယ်။ ကျောင်းက တာဝန်ရှိသူတွေနဲ့ ဆရာတွေက အသေးစိတ် သင်ကြားမယ့် အကြောင်းအရာတွေ၊ သင်ကြားနည်းစနစ်တွေကို ရွေးချယ်နိုင်တယ်လို့ ဒေါက်တာသိန်းလွင်ရဲ့ စာတန်းမှာ တွေ့ရပါတယ်။

ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ရည်မှန်းထားတာဖြစ်တဲ့အတွက် တောင်ပေါ်မြေပြန့်မရွေး တန်းတူ ပညာရေးအဆင့်အတန်းကို ရနိုင်အောင်၊ သင်ရိုးတွေကို နားလည် လွယ်နိုင်၊သင်ယူလေ့လာလွယ်နိုင်လောက်တဲ့ အနိမ့်ဆုံးစံအထိ လျော့ချထားဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ ပညာရေးစနစ်ကို နည်းမှီရင်တောင်မှပဲ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လွယ်ကူ ချောမွေ့စေတဲ့ သင်ရိုးတွေဖြစ်တဲ့အထိ အနိမ့်ဆုံးစံအနေနဲ့ သတ်မှတ်သင့်တယ် လို့ ဆိုတာပါ။

ဒါမှပဲ ပြည်နယ်တစ်ခုက ကျောင်းသားတစ်ယောက်က တခြားပြည်နယ်တစ်ခုကို ပြောင်းရွှေ့ရတဲ့အခါမှာ တခြားကျောင်းတစ်ခုမှာ လွယ်လင့်တကူ ၀င်ရောက် သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်နယ် အသီးသီး ကျောင်းအသီးသီးက ဆရာတွေအချင်းချင်း အချိတ်အဆက် ရှိထားဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံလုံး ဆိုင်ရာ ပညာရေးတွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ ပြုလုပ်ပြီး၊ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးနေကြရမှာ ဖြစ်တယ် လို့ ဒေါက်တာသိန်းလွင်က ကျောင်းပညာရေးထဲမှာ အရေးပါလှတဲ့ သင်ရိုးညွှန်းတန်းကိစ္စကို အကြံပြု ထားတာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်တခုဖြစ်တဲ့ ပညာရေးကဏ္ဍ အဆင့်မီရေးအတွက် သင်ရိုးညွှန်းတန်းရေးဆွဲပြုစုရေးက အရေးပါတယ်ဆိုတာကို ထိုင်းနိုင်ငံအခြေစိုက် ဆရာအတတ်သင် ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ဒီမိုကရေစီပညာရေးစာတမ်းကနေတဆင့် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ မျိုးဆက်သစ်စာသင်သားတွေကို နိုင်ငံသားကောင်းဖြစ်စေဖို့ ကိုယ့်ဒေသ၀န်းကျင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကိုက်ညီတဲ့၊ သင့်တင့်မျှတတဲ့ သင်ရိုးညွှန်းတန်းကောင်းတွေ ရှိဖို့ လိုတယ်ဆိုတာကို ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း
၂၆၊၁၁၊၂၀၀၇။

Sunday, March 16, 2008

မြန်မာ့ပညာရေးနဲ့ Civic Education

ဒီတပတ်မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ပြည်ရေးပြည်ရာ Civic Education သင်ရိုးညွှန်းတန်းဆိုင်ရာ ပညာရေးဆောင်းပါးကို အပြီးသတ် ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။ ကျောင်းပညာရေး ရဲ့ အထက်တန်းအဆင့်မှာ နိုင်ငံရေး အုပ်ချုပ်ရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ထည့်သွင်း သင်ကြားပေးသင့်တယ်ဆိုတဲ့ ဦးသန့်ရဲ့ အယူအဆကို ပြီးခဲ့တဲ့အပတ်တွေမှာတုန်းက တင်ပြဆွေးနွေးခဲ့ပါတယ်။

ဦးသန့်က အထက်တန်းအဆင့်ကျောင်းသားတွေဟာ အသက်၁၅နှစ်ကျော်ပြီးဖြစ်တာမို့ ကျောင်းပညာရေးထဲမှာ နိုင်ငံရေးကိုထည့်ပြီး သင်ကြားပေးရတော့မယ်လို့ အကြံပြု ထားပါတယ်။ အဲလိုသင်ကြားပေးရာမှာလည်း ဘုရင်စနစ်၊ ကိုလိုနီစနစ်၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ်တွေအထိ မျိုးစုံအောင် သင်ပေးရ ပါမယ်။ ဒါမှပဲ လူငယ်တွေဟာ သူတို့နှစ်သက်ရာ စနစ်တခုကို စဉ်းစားရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲသလို ရွေးချယ်ခွင့်လည်းရှိရမယ်လို့ ဆိုပါတယ်။

ဦးသန့်ရဲ့ အယူအဆအရတော့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကိုပဲ သင်သင်၊ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကိုတော့ ချိန်ထိုးနှိုင်းယှဉ်ပေးရမှာဖြစ်ပါတယ်။ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ အုပ်ချုပ်ရေးရယ်လို့ မရှိနိုင်သေးပေမဲ့ အကောင်း ရှုထောင့် ပိုများတယ်လို့ ဆိုနိုင်ပြီး၊ ကမ္ဘာ့နိုင်ငံအများစုမှာ လက်ခံအသုံးပြုနေတဲ့ ဒီမိုကရေစီစနစ်ကိုတောင်မှပဲ အကျိုးနဲ့ အပြစ် ကို ချိန်ထိုး ပြောပြပေးရမှာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာသာ ရှိနေသေးတဲ့ ၁၉၄၀ကျော်ကာလဟာ ကမ္ဘာမှာတော့ ဒီမိုကရေစီစနစ် အတန်သင့် ထွန်းကားနေပါပြီ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုး၊ အားသာချက် အားနည်းချက် တွေကိုလည်း မြင်တွေ့ သုံးသပ်နိုင်နေကြပြီဖြစ်ပါတယ်။ ဦးသန့်ကတော့ သူ့ရဲ့ ဆောင်းပါးထဲမှာ ဥပမာပေးတဲ့ သင်ခန်းစာအဖြစ် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဆွေးနွေး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ကျောင်းသား လူငယ်တွေ အနေနဲ့ သေသေချာချာ စဉ်းစား သုံးသပ်ရမယ့် နိုင်ငံ့အရေးအရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဦးသန့်ရဲ့ တင်ပြထားချက်ထဲက ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ပြောပြပါ့မယ်။

ဒီမိုကရေစီစနစ်ရဲ့ အားသာချက် ကောင်းကျိုးတွေကတော့ အုပ်ချုပ်တဲ့အစိုးရဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့သူတွေသာ ဖြစ်တဲ့အတွက် ပြည်သူ့အလိုကျ သာ အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ အုပ်ချုပ်သူကိုယ်စားလှယ်တွေက အမြဲ တိုက်ရိုက်ထိတွေ့ ဆက်သွယ်နေရတာဖြစ်တဲ့အတွက် နိုင်ငံအတွင်း မကျေနပ်မှု ပုန်ကန်မှု တွေလည်း ဖြစ်နိုင်ချေနည်းပါတယ်။ အဓိကကတော့ ပြည်သူကျေနပ်မှပဲ သူတို့ရဲ့ အုပ်ချုပ်ရေးက အောင်မြင်မယ်ဆိုတာပါပဲ။

ဒီမိုကရေစီစနစ်မှာဆိုရင် တရားဥပဒေကလည်း ပြည်သူလူထုက ကျေနပ်လက်ခံပြီး စနစ်တကျ ရေးဆွဲထားတဲ့ တရားဥပဒေဖြစ်ပါတယ်။ ဒါမှပဲ ပြည်သူလူထုဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို တရားသဖြင့် ကာကွယ် စောင့်ရှောက်ခွင့်ရကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပြည်သူလူထုကိုယ်တိုင် နိုင်ငံရေးကို ကိုယ်ထိ လက်ရောက် ပါဝင်ဆောင်ရွက်နိုင်တာကြောင့် နိုင်ငံရေးအသိအမြင်နဲ့ ဝေဖန်သုံးသပ်နိုင်တဲ့ ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။

ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ နောက်ထပ်အားသာချက်ကတော့ ပြည်သူလူထု အနေနဲ့ လူတိုင်းလူတိုင်း တန်းတူအခွင့်အရေး ရနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီ ကောင်းကျိုးတွေဟာ နိုင်ငံသားတွေ ကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုပေးနိုင်တာမို့ နိုင်ငံအေးချမ်းသာယာရေးကို ဖော်ဆောင်နိုင်တဲ့ အချက်အလက်တွေပါပဲ။

ဒီမိုကရေစီစနစ်မှာ အားနည်းချက်တွေရှိတာကိုလည်း ဦးသန့်က ထောက်ပြ ဆွေးနွေး ထားတာတွေ့ရပါတယ်။ အဓိကကတော့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ် တင်မြှောက်ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ နောက်တခုကတော့ ဒီမိုကရေစီစနစ်ဟာ ပါတီ ပုံသဏ္ဍန်အမျိုးမျိုး ရှိလာ နိုင်တဲ့အတွက် နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ အဲဒီအပြင် အစိုးရဟာလည်း သက်တမ်းမရှည်တာမို့လို့ နိုင်ငံအရေးကိစ္စတွေကို တဆက်တစပ်တည်း ဆောင်ရွက်ရ တာမျိုး မဟုတ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးကြန့်ကြာမှု ဖြစ်စေနိုင်ပါတယ်။ နောက်တချက်ကတော့ ရွေးကောက်ပွဲ အတွက် ငွေအမြောက်အများ သုံးကြတာမို့လို့ နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေလို့ ဦးသန့်က ပြောခဲ့ပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ဘာဟော့ဖ်(Berghof)သုတေသနဌာနက ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ဒေးဗစ်ဘလွန်းဖီး (Dr.David Bloomfield) ကတော့ "ဒီမိုကရေစီစနစ်ဟာ ခေတ်အဆက်ဆက် ရှာဖွေ ကျင့်သုံးခဲ့ကြတဲ့ နိုင်ငံရေးစနစ်ဆိုးတွေထဲမှာတော့ အသက်သာဆုံးစနစ်တခုဖြစ်တယ်"လို့ သူ့ရဲ့ ရင်ကြားစေ့ရေး (Reconciliation) ဆိုင်ရာ စာတန်းတစ်စောင်ထဲမှာ ဆိုထားပါတယ်။ ဒါကြောင့်ပဲ လောလောဆယ် ခု ၂၀၀၇ခုနှစ်ထိလည်း ကမ္ဘာ့နိုင်ငံ အများစုဟာ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ ဒီမိုကရေစီစနစ်ကို အသုံးပြုနေကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မျက်မှောက်အနေအထားနဲ့ ဝေဖန်သုံးသပ်ကြည့်မယ် ဆိုရင်လည်း အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ ရုန်းထွက်တတ်ဖို့အတွက် တော့ ဒီမိုကရေစီစနစ်ဟာ လေ့လာသင်ယူသင့်တဲ့၊ ဝေဖန်သုံးသပ်ပြီး ကျင့်သုံးသင့်တဲ့ နိုင်ငံရေးစနစ်တရပ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တယား ကောင်းမွန်မှုဟာ အုပ်ချုပ်သူတွေရဲ့ အရည်အသွေးပေါ်မူတည်သလို နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိဉာဏ်ပညာ ကြွယ်ဝ ဖွံ့ဖြိုးမှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေကို နိုင်ငံရေးအသိပညာပေးဖို့အတွက် စာသင်ခန်းတွေကနေ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ Civic Education ဟာ ကိုယ့်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်တဲ့ သင်ခန်းစာတွေဖြစ်ဖို့လိုတာမို့၊ Civic Education ထဲမှာ ဘာသာရေးသင်ခန်းစာတွေကိုပါ ထည့်သွင်း သင်ကြားသင့်တယ် လို့လည်း ဦးသန့်က ပြောထားပါတယ်။ လက်လှမ်းမီသမျှ ဘာသာရေးတွေကို ကျောင်းသားတိုင်း မဖြစ်မနေ သင်ယူကြရတဲ့အတွက်၊ စိတ်နှလုံး နူးညံ့သိမ်မွေ့ရေးနဲ့ ကိုယ်ချင်းစာစိတ်ကို အားပေးစေနိုင်ပြီး ဘာသာရေးတိုင်းကို လေးစား တတ်သွားစေမှာ ဖြစ်ပါတယ်။ ဒါဟာလည်း စာသင်သားတွေကို ပဋိပက္ခစိတ်တွေ လျော့နည်းစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးသန့်ရဲ့ ပြည်ရေးပြည်ရာဘာသာရပ်အဖြစ် လမ်းညွှန်ထားတဲ့ သင်ခန်းစာတွေဟာ တချိန်မှာ နိုင်ငံကို ဦးဆောင်ကြရမယ့် လူငယ်စာသင်သားတွေအတွက် တကယ် လိုအပ်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ၁၉၄၀နှစ်များရဲ့ အစောပိုင်းကာလတွေကတည်းက ဦးသန့်တင်ပြခဲ့တဲ့ အကြံပေးချက်တွေဟာ ခု နှစ်ပေါင်း၆၀ကျော်ခဲ့တဲ့အထိ မြန်မာပြည်မှာ အကောင်အထည်ဖော်ခွင့် မရကြသေးတာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒါဟာလည်း အာဏာရှင်စနစ်ကြီးစိုးမှုကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ တရားမျှတပြီး တော်မှန်တဲ့၊ ယဉ်ကျေးတဲ့ အစိုးရကို ရရေး အတွက် ကျောင်းစာသင်ခန်းမှာ Civic Education ဘာသာရပ်ကို စနစ်တကျ သင်ကြားခွင့်ရရေးဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ် ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ အကြံပြုဆောင်းပါးကတဆင့် ဆွေးနွေး တင်ပြလိုက်ရပါတယ်။

မေငြိမ်း (၂၀၊၁၁၊၀၇)

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...