Saturday, March 14, 2009

အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ(၂)


စစ်အစိုးရက အခြေခံပညာအထက်တန်းသင်ရိုးကို GCE O level မီအောင် ပြုပြင် ပြောင်းလဲမယ်လို့ အကြောင်း ပြပြီး ကျောင်းသားလူငယ်တွေအတွက် မြန်မာစာသင်ရိုးထဲက ဇာတိမာန်ရှိဖို့။ နိုင်ငံချစ်စိတ်ရှိဖို့နဲ့ စိတ်ဓာတ် ကြံ့ခိုင်ရေးတွေအတွက် လိုအပ်လှတဲ့ စာကောင်းပေကောင်းတွေကို ဖြုတ်ပစ်နေတဲ့အကြောင်းကိုပဲ ဆက်ပြီး ဆွေးနွေးသွား ပါမယ်၊

တကယ်ကတော့ စစ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းနဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေမှာ အစဉ်အလာကြီးမားခဲ့တဲ့ ကျေးဇူးရှင် ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း။.. လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ မတရားအစိုးရကို ဆန့်ကျင်တဲ့ စာရေးဆရာကြီး မောင်စွမ်းရည်တို့ကို တဖြည်းဖြည်းနဲ့ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်ချင်တာပဲ ဖြစ်ပါတယ်၊ ဒါဟာ အဲဒီ ပုဂ္ဂိုလ်ကြီးတွေရဲ့ စာပေလက်ရာ အဆိုအမိန့်တွေကို ဖျောက်ဖျက်ခြင်းအားဖြင့် နောင်တချိန်မှာ အမည်နာမ တွေပါ မှေးမှိန် ပျောက်ကွယ်သွားအောင် ရည်ရွယ်တာလို့ ယူဆရပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာစာဘာသာရပ်ရဲ့ သဘောသဘာဝအရ စာပေလက်ရာ သင်ခန်းစာတခုကို သင်တယ်ဆိုရင် အဲဒီစာပေကို ရေးသားပြုစုတဲ့ စာရေးဆရာရဲ့ အတ္ထုပတ္တိနောက်ခံကို ဆရာက ကျောင်းသားတွေ သိအောင် သေသေချာချာ ပြောပြရပါတယ်၊ ဒါမှပဲ စာရေးဆရာရဲ့ ဘ၀နဲ့ သူကျင်လည်ဖြတ်သန်းရာ ခေတ်အပေါ် အခြေခံပြီး ပေါ်ထွက်လာတဲ့ စာပေလက်ရာကို နားလည် ခံစားပြီး အကဲဖြတ် သုံးသပ်နိုင်မှာ ဖြစ်လို့ပါပဲ၊ ဒါမှပဲ စာရေးဆရာပေးလိုတဲ့ ရည်ရွယ်ချက် အောင်မြင်ပြီး စာဖတ်သူ ကျောင်းသားတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်၊

စစ်အစိုးရက ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး အခြေခံပညာအထက်တန်းရဲ့ မြန်မာစကားပြေ သင်ရိုးထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲဏ္ဍ လူကြီးနဲ့ လူငယ်ဆိုတဲ့ စကားပြေ ကောက်နုတ်ချက်ကို ဖြုတ်ပယ်ပစ် လိုက်ပါတယ်၊ လူကြီးနဲ့လူငယ်စကားပြေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံဆိုတဲ့ ရာဇ၀င်သမိုင်း နောက်ခံ ၀တ္ထုကြီးထဲက စာသင်သားအရွယ် လူငယ်တွေ သိသင့်သိထိုက်တယ်လို့ ယူဆရတဲ့ အခန်းတခုကို ရွေးထုတ်ပြီး ကောက်နုတ် ပြဌာန်းထားတာ ဖြစ်ပါတယ်၊

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၈၇၆ခုနှစ်မတ်လ၂၃ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၉နှစ်ကျော်အရွယ် ဘုန်းကြီးကျောင်း စာသင်သား ဘ၀မှာ သီပေါဘုရင်ပါတော်မူတဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ရဖူးသူဖြစ်ပါတယ်၊ အဲဒီမြင်ကွင်းကို မြင်လိုက်ချိန်ကစပြီး နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြင်းပျခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ အသက်၂၂နှစ်အရွယ် ၁၈၉၈ ခုနှစ်ကစပြီး နယ်ချဲ့ဆန့်ကျင်ရေး။ အမျိုးသားလွတ်မြောက်ရေး။ နိုင်ငံ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ စာပေတွေ တစိုက်မတ်မတ် ရေးခဲ့တာပါ၊ ၁၉၂၀ တက္ကသိုလ် ကျောင်းသားသပိတ်ကစပြီး အမျိုးသားကောလိပ်ကျောင်းရဲ့ မြန်မာစာနဲ့ ရာဇ၀င်ပါမောက္ခ ဆရာဘ၀မှာ ကျောင်းသားတွေနဲ့အတူ မားမားမတ်မတ်ရပ်ပြီး နယ်ချဲ့ကို ဆန့်ကျင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်၊ ဆရာကြီးဟာ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံအပါအ၀င် ၁၃၀၀ပြည့် အရေးတော်ပုံကြီးကိုလည်း အတိအလင်း အားပေး ထောက်ခံခဲ့ပါတယ်၊ ဒါတွေကြောင့်ပဲ ဗြိတိသျှအစိုးရက ဖမ်းဝရမ်းထုတ်တာတောင် ခံခဲ့ရဖူးပါတယ်၊ ဆရာကြီးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အထိ ကလောင်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့သလို လွတ်လပ်ရေးရပြီးနောက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပံ့ပိုးခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်၊

အဲဒီအပြင် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် အားပေးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် ၁၉၅၂ခုနှစ်မေလမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂယက် (ဗမာနိုင်ငံ)ရဲ့ ဥက္ကဌအဖြစ် တင်မြှောက် ခံရပြီး ၁၉၅၄ခုနှစ်မှာတော့ ငြိမ်းချမ်းရေး စတာလင် ဆုရှင်အဖြစ် ရွေးချယ်ခံ ရပါတယ်၊ အဲဒီအပြင် ၁၉၆၀ခုနှစ်မှာလည်း အရှေ့ဂျာမဏီနိုင်ငံ ဟမ်းဘတ် တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်၊ ဒါဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ငြိမ်းချမ်းရေးခေါင်းဆောင် စာဆိုကြီး ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးအတွက် ကမ္ဘာလှည့်ခဲ့တဲ့ စာဆိုကြီးလည်းဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာကြီးဟာ မြန်မာစာပေကို အကြောင်းပြုပြီး အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါသေးတယ်၊ တိုက်တိုက်ဆိုင်ဆိုင် အခု ၂၀၀၈ခုနှစ် ဇူလိုင်လ၂၃ရက်နေ့ဟာ ဆရာကြီး ကွယ်လွန်တာ ၄၄နှစ်ပြည့် ဖြစ်ပါတယ်၊

အဲဒီလို လေးစားဂုဏ်ယူထိုက်တဲ့ စာဆိုကြီးဖြစ်တဲ့အပြင် ဆရာကြီးရဲ့စာပေတွေဟာ လူငယ်စာသင်သားတွေ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ။ ကျင့်ဝတ်တွေ။ နိုင်ငံရေး အသိအမြင်တွေ ပါဝင်နေတာမို့လို့ အခြေခံပညာ အထက်တန်းသင်ရိုးထဲမှာ ဆရာကြီးရဲ့ စာပေလက်ရာတွေထဲက လူကြီးနဲ့လူငယ် စကားပြေ ကောက်နုတ်ချက်နဲ့ သပြေနုချိန် ကဗျာတွေကို ရွေးချယ် ပြဌာန်းခဲ့တာ ဖြစ်ပါတယ်၊ ဒါကို ခု စစ်အစိုးရက ဖြုတ်ပယ်ပစ် လိုက်ပါပြီ၊ အဲဒီ ဖြုတ်ပယ်ခံရတဲ့ ဆရာကြီးရဲ့စာပေတွေကို မျိုးဆက်သစ်လူငယ်တွေ သိသင့်သိထိုက် တာမို့ လက်ဆင့်ကမ်းတဲ့ အနေနဲ့ ဆွေးနွေးပြောပြသွားချင်ပါတယ်၊

လူကြီးနဲ့လူငယ် စကားပြေ ကောက်နုတ်ချက်မှာ ခေတ်အဆက်ဆက် လူကြီးတွေနဲ့ လူငယ်တွေကြားမှာ အခြေအနေ အချိန်အခါ အလိုက် အသက်အရွယ် အတွေ့အကြုံတွေ အရ။ အတွေးအမြင် အယူအဆဆိုင်ရာ ကွာဟချက်တွေ ရှိနေတတ်တာကို ထောက်ပြပြီး အဲဒီကွာဟချက် တွေကို လူကြီးတွေရော လူငယ်တွေပါ နားလည်မှုရှိရှိနဲ့ ညှိနှိုင်းဖြေရှင်း သွားဖို့လိုကြောင်း။ လူကြီးလူငယ်တွေအချင်းချင်း တဦးနဲ့တဦး အပြန်အလှန် လေးစားမှုရှိရှိ နဲ့ ပြ၏နာကိစ္စ အ၀၀ကို ပူးပေါင်းလက်တွဲ ဖြေရှင်း သွားသင့်ကြောင်းတွေကို အခိုင်းအနှိုင်းတွေ ဥပမာ သာဓကတွေနဲ့ ရေးပြထားတာ တွေ့ရပါတယ်၊ ဒီအပြင် လူကြီးတွေမှာ ရှိတတ်တဲ့ ကောင်းကွက်ဆိုးကွက်။ လူငယ်တွေမှာ ရှိတတ်တဲ့ ကောင်းကွက်ဆိုးကွက်တွေကို ထောက်ပြရင်း ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေ။ မြန်မာဘုရင် လက်ထက်တုန်းက လူငယ်တွေကို နိုင်ငံခြားပညာတော်သင်စေလွှတ်တဲ့အကြောင်းလို ဗဟုသုတ ရစေတဲ့ အချက်မျိုးတွေကို စေတနာပါပါနဲ့ ထည့်သွင်း ရေးသား ထားတာဟာလည်း မှတ်သားနာယူစရာ ကောင်းလှပါတယ်၊ ဒါကြောင့် အဲဒီစကားပြေပါ အကြောင်းအရာဟာ ဘယ်လိုခေတ်မျိုးမှာမဆို လူငယ်တွေ အတွက် အသုံးဝင်လှတဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ခုလို နိုင်ငံ အေးချမ်း သာယာရေးကို တည်ဆောက်နေတယ်ဆိုတဲ့ အချိန်ကာလမျိုးမှာ လူငယ်တွေကို ကျောင်းပညာရေးကနေတဆင့် အသိပေးသင့်တဲ့ အကြားအမြင် ဗဟုသုတတွေလည်း ဖြစ်ပါတယ်၊

နိုင်ငံအပေါ်စေတနာထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ဆိုရင် ခုလို မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ ယဉ်ကျေးမှု တွေ ပျက်စီးစပြုနေပြီး။ လူကြီးတွေကြားမှာလည်း ကိုယ်ကျင့်တရားနဲ့ စာရိတ္တပိုင်းအရ ယိုယွင်းပျက်စီးသူတွေ များလာနေတဲ့ အချိန်မှာ လူငယ်တွေကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးနိုင်တဲ့ စာပေတွေနဲ့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တွေကို သိအောင်။ စီစဉ်သင်ကြားပေးဖို့ လိုပါတယ်၊ အခု မြန်မာနိုင်ငံရဲ့ စစ်အစိုးရကတော့ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးကို မြင့်မားစေနိုင်တဲ့ စာပေမျိုးတွေနဲ့ မျိုးချစ် စာဆိုကြီးတွေရဲ့ အကြောင်းကိုတောင် သိခွင့် ဖတ်ရှုခွင့်မရအောင် တားမြစ်ဖျောက်ဖျက်နေတာဟာ ကျောင်းသား လူငယ် ကလေးတွေအပေါ် စေတနာမထား တဲ့ သက်သေပြယုဂ်ပဲ ဖြစ်ပါတယ်။


အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ


စစ်အစိုးရဟာ မြန်မာနိုင်ငံကို လက်နက်ကိုင်ပြီး အာဏာာရှင်လို အုပ်ချုပ်ဖို့ ပြင်ဆင်ရာမှာ ပညာရေးစနစ်ကို သူတို့အလိုကျ ပုံသွင်းတဲ့ စီမံကိန်းကလည်း အပါအ၀င်ပဲ ဖြစ်တယ်ဆိုတာကို ကျမ အထောက်အထားတွေနဲ့တကွ အများကြီး ပြောခဲ့ပြီးဖြစ်ပါတယ်၊ ခုလည်း ကျောင်းသားလူငယ်တွေကို လူမှုရေး နိုင်ငံရေးဆိုင်ရာ အသိပညာ ဗဟုသုတ ပေးနိုင်တဲ့အပြင် မတရားမှုဆိုတာကို မီးမောင်းထိုးပြနိုင်တဲ့ သင်ခန်းစာတွေကို အခြေခံပညာ အထက်တန်း သင်ရိုးထဲကနေ ထုတ်ပယ်ပစ်လိုက်တဲ့အကြောင်းတွေကို ဆွေးနွေးသွားပါ့မယ်၊

၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ အခြေခံပညာအထက်တန်းရဲ့ သင်ရိုးကို နိုင်ငံတကာ အဆင့်မီ GCE O Level နဲ့အညီ ပြုပြင်လိုက်တယ်လို့ စစ်အစိုးရက ကြေငြာပါတယ်၊ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ၁၉၆၂နောက်ပိုင်းကစပြီး မတည်ငြိမ်ခဲ့တဲ့ ပညာရေးစနစ်နဲ့ လွဲမှားတဲ့ သင်ကြားနည်းစနစ်တွေကြောင့် ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်း ဆိုင်ရာမှာ လျော့နည်းနေခဲ့ ကြရတာမို့ ခု ရုတ်တရက်ချည်း အသစ် ပြောင်းမယ်ဆိုတဲ့ နိုင်ငံတကာ အဆင့်မီ သင်ရိုးကို ကျောင်းသားတွေ။ ဆရာတွေအနေနဲ့ တကယ် လိုက်နိုင် သင်ယူနိုင်။ သင်ကြားနိုင်ပါ့မလားဆိုတာက အရေးကြီးတဲ့ စိန်ခေါ်ချက်တွေထဲက တခုဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန် မြန်မာနိုင်ငံမှာက ဆရာတွေကိုယ်တိုင် အဲဒီ နိုင်ငံတကာအဆင့်မီဆိုတဲ့ ပညာရေးမျိုးကို ထိတွေ့ဖူးတာမျိုး ရှိမထားလို့ပဲ ဖြစ်ပါတယ်၊ ဒီနေရာမှာ နောက်ထပ် အရေးပါလာတာက နိုင်ငံတကာ အဆင့်မီအဖြစ် ဘယ်လို ဘာသာရပ်တွေ ထည့်သွင်းလ္ဖဲ ဘယ်လို အကြောင်းအရာတွေ ပြဌာန်းထားလဲဆိုတာက အရေးကြီးလာပါပြီ၊

တကယ်တော့ GEC O Level လို့သာ ပြောနေပေမဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေ အနေနဲ့ တကယ်တမ်း လိုအပ်တာက အင်္ဂလိပ်စာကျွမ်းကျင်ဖို့နဲ့ မိခင်ဘာသာစကား တနည်းအားဖြင့် ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစာဘာသာရပ်ကို သေသေချာချာ ကျွမ်းကျင်ပိုင်နိုင်ဖို့ပါ၊ ကျမ ကိုယ်တွေ့အရတော့ များသောအားဖြင့် မြန်မာနိုင်ငံက ကျောင်းသားတွေဟာ သိပ္ပံဘာသာရပ်တွေမှာ နိုင်ငံတကာကျောင်းသားတွေနဲ့ ယှဉ်နိုင်ကြ တာတွေ့ရပါတယ်၊ အထူးသဖြင့် GCE O Level မြန်မာစာမှာဆိုရင် မေးခွန်းတွေက မြန်မာစာ မြန်မာမှု နဲ့ ပတ်သက်ပြီး ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်လဲဆိုတာကို မေးတဲ့ မေးခွန်းမျိုးတွေ မေးတာပါ၊ မြန်မာစာကို သေချာ သိမှ စာဖတ်နာမှ ဖြေနိုင်မှာပါ၊ အထူးသဖြင့် မြန်မာစာကနေ အင်္ဂလိပ်လို အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ရတာတွေ ပါတာမို့ နှစ်ဘာသာစလုံးမှာ တော်တော် ကျွမ်းကျင်ဖို့လိုပါတယ်၊

မြန်မာကျောင်းသားတွေအနေနဲ့ ခုလို နိုင်ငံတကာ ယဉ်ကျေးမှုရေစီးကြောင်းက အလျင်အမြန် ပြောင်းနေတဲ့ အချိန်အခါမျိုး။ ပြီးတော့ မူးယစ်ဆေးဝါးပြဿနာနဲ့ အကျင့်စာရိတ္တတွေ ယိုင်နဲ့လာတဲ့ အနေအထားမျိုးနဲ့ နိုင်ငံမှာ ဘက်စုံယိုယွင်းနေတဲ့ အခြေအနေမျိုးမှာ စိတ်ဓာတ်နဲ့စာရိတ္တကို မြှင့်တင်ပေးနိုင်တဲ့။ နိုင်ငံရေး လိုအပ်ချက်တွေကို အသိပေးနိုင်တဲ့။ ကိုယ့်နိုင်ငံရဲ့ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို သိဖို့ လိုအပ် ပါတယ်၊ ဒါကြောင့်ပဲ ပညာရေးဆိုတာဟာ လူသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန် ရှိတယ်လို့ ဂရိဒဿနပညာရှင် အရစ္စတိုတယ်က ပြောခဲ့တာ တွေ့ရပါတယ်၊

ကျောင်းသားလူငယ်တွေအတွက် အဲဒီ လိုအပ်ချက်တွေကို မိခင်ဘာသာစကားအဖြစ် မြန်မာစာဘာသာရပ်ကို ပြဌာန်းတဲ့ မြန်မာနိုင်ငံမှာတော့ မြန်မာစာဘာသာရပ်ကနေတဆင့် လူငယ်တွေကို ဖြန့်ဖြူးပေးရမှာ ဖြစ်ပါတယ်၊ တကယ်တော့ နိုင်ငံတကာ စံချိန် စံညွှန်း အရတော့ လူမျိုးစုများများနေတဲ့ နိုင်ငံမှာ လူမျိုးတိုင်းဟာ သူတို့ မိခင်ဘာသာစကားကို သင်ယူခွင့်ရကြပါတယ်၊ အဲလိုဆိုရင်တော့ လူမျိုးစုအလိုက် မိခင်ဘာသာစကားနဲ့အတူ သက်ဆိုင်ရာ စာပေယဉ်ကျေးမှုတွေကတဆင့် လူငယ်တွေရဲ့ ကျင့်ဝတ်နဲ့ စိတ်ဓာတ် လိုအပ်ချက်တွေကို သင်ကြားပေးနိုင်မှာပါ၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲဏ္ဍ စစ်အစိုးရကတော့ တခြားလူမျိုးစုတွေရဲ့ မိခင်ဘာသာစကားကို ဖျောက်သလိုပဲ ခုဆို မြန်မာစာထဲက လူငယ်တွေ သိသင့်သိထိုက်တဲ့ သင်ခန်းစာတွေကိုပါ အကြောင်းပြချက် တစုံတရာ မပေးဘဲ ဖြုတ်ပယ်ပစ်နေပြီဖြစ်ပါတယ်၊

စစ်အစိုးရဟာ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့ အခြေခံပညာ အထက်တန်း သင်ရိုးတွေထဲမှာ GCE O Level အတွက် အရေးပါတဲ့ မြန်မာစာဘာသာရပ်ကို ဘယ်လို ပြုပြင် ပြောင်းလဲ သလဲဆိုတာကို ဆွေးနွေးပါ့မယ်၊ မြန်မာစာဘာသာရပ်အနေနဲ့ အရင်က ပင်ရင်းစကားပြေ ပြဌာန်းစာအုပ်ထဲမှာ ပါတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လူကြီး နဲ့ လူငယ် ဆိုတဲ့ စကားပြေကို ဖြုတ်ပါတယ်၊ ပြီးတော့ စာရေးဆရာကြီး သော်တာဆွေရဲ့ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းရယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ခွန်အားရှိသောစာ ရယ်ကို အသစ်ထည့်လိုက်တာ တွေ့ရပါတယ်၊

တကယ်တော့ အသစ်ထပ်ပြဌာန်းတဲ့ စကားပြေတွေကလည်း ကျောင်းသားတွေ သိသင့် သိထိုက် ဖတ်သင့် ဖတ်ထိုက်တဲ့ စာတွေပါ၊ ဒါပေမဲ့ သင်ရိုးကို တကယ် ခေတ်မီအောင် အသစ်တွေနဲ့ အစားထိုး ပြောင်းလဲ ပြဌာန်း တာမဟုတ်ဘဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာကိုသာ ရွေးပြီး ဖြုတ်ပစ်လိုက်တာမျိုးကသာ စဉ်းစား ဝေဖန်စရာဖြစ်နေတာပါ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လူကြီးလူငယ်စကားပြေဟာ လူကြီးတွေနဲ့ လူငယ်တွေ ကြား ရှိတတ်တဲ့ ကွာဟမှုတွေနဲ့ အတူတကွ လက်တွဲလုပ်ကိုင်နိုင်အောင် သဘောထား နည်းတွေကို ဖော်ပြထားတာမို့လို့ ခုလို လူကြီးတွေနဲ့ လူငယ်တွေ အတူကြိုးစားကြရမယ့် ကာလမျိုးမှာ လက်တွေ့ကျကျ အသုံးဝင်တဲ့ စကားပြေတပုဒ်ဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ကိုလိုနီခေတ် ကျောင်းသားတွေရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းမှာ ဦးဆောင်ခဲ့တဲ့ ပုဂိုလ်ကြီးလည်းဖြစ်တာမို့ ဆရာကြီးရဲ့ အတွေ့အကြုံ တွေအပေါ် အခြေခံထားတဲ့ စာပေလက်ရာဟာ မပျောက်ပျက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်း သွားရမယ့် ယဉ်ကျေးမှုအမွေအနှစ်လည်း ဖြစ်ပါတယ်၊ ဒါကြောင့် ဒီလို သမိုင်းဝင် စာပေတခုကို ဖျောက်ဖျက်ပစ် တာဟာ ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ အသိပညာ တခုကို ပိတ်ပင်လိုက်တာနဲ့ တူတူပဲ ဖြစ်ပါတယ်၊

အဲသလိုပဲ ကဗျာလက်ရွေးစဉ်ပြဌာန်းချက်မှာလည်း လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင် လျှင်... ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သပြေနုချိန်... ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှ ဆိုတဲ့ ကဗျာတွေကို သင်ရိုးထဲကနေ ဖြုတ်ပစ်လိုက်ပါတယ်၊ ကဗျာလက်ရွေးစဉ်ကိုတော့ အပုဒ်သစ် ထပ်မတိုးခဲ့ပါဘူး၊ ဒီနေရာမှာ လည်း လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ကဗျာဟာ ဒီကနေ့ မျက်မှောက်ခေတ် အထိ လောကီရေး လောကုတ္တရာရေးတွေထဲက လိုအပ်ချက်တွေကို ထောက်ပြထားတာမို့ စာသင်သား အရွယ်တွေ သိသင့်သိထိုက်တဲ့ ကဗျာတပုဒ်ပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီကနေ့ မြန်မာနိုင်ငံရဲ့ အနေအထားကို မီးမောင်းထိုး ပြနေသလိုပါပဲ၊ ဒါကြောင့်ပဲ ဒီကဗျာကို သင်ရိုးထဲကနေ ဖြုတ်ပယ်ပစ်တာလား ဆိုတာဟာလည်း စဉ်းစားစရာပါ၊ ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှကဗျာကတော့ ဘ၀ထဲက အလှကို ရှာဖွေရှုမြင်တတ်အောင်ပြောပြတဲ့ ကဗျာလေးပါ။ ဒါပေမဲ့ ဆရာမောင်စွမ်းရည်ဟာ ခုချိန်မှာ ပြည်ပကနေ စစ်အစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်နေတဲ့ ကဗျာဆရာကြီးဖြစ်နေတာမို့ သူ့လက်ရာ ကဗျာကို ဖြုတ်ပယ် ပစ်လိုက်တယ်လို့ ယူဆရပါတယ်၊ ဒါတွေကို နောက်လာမယ့် အပတ်စဉ်တွေမှာ အသေးစိတ် ထပ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊

တကယ်တော့ ကျောင်းသားတွေအတွက် တကယ် သိသင့်တဲ့စာပေတွေ။ စံပြု လေးစားထိုက်တဲ့ စာပေပညာရှင် ကြီးတွေရဲ့ ဘ၀တွေနဲဏ္ဍ စာပေလက်ရာတွေကို သိခွင့် ဆည်းပူးခွင့်ရမှပဲ နိုင်ငံချစ်စိတ် စာပေချစ်စိတ် ကနေတဆင့် နိုင်ငံသားကောင်းတွေ ဖြစ်လာမှာပါ၊ ဒါကြောင့် စာကောင်းပေမွန်တွေကို ကျောင်းသားလူငယ်တွေ သိခွင့် မရှိအောင် တားမြစ်ပိတ်ပင်တာဟာ ကျောင်းသားတွေရဲ့ နိုင်ငံသားကောင်းတွေအဖြစ် ကြီးပြင်းရမယ့် အနာဂတ်ကို ပိတ်ပင်တားမြစ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

၁၄။၀၇။၂၀၀၈၊

စစ်အစိုးရရဲ့ ပညာရေးအပြောင်းအလဲ

ခုချိန်ဟာ မြန်မာနိုင်ငံမှာ ပြန်လည်ထူထောင်ရေးကို အဘက်ဘက်ကနေ အစွမ်းကုန် လုပ်ကြရတော့မယ့် အရေးကြီးဆုံးအချိန်ကိုရောက်နေပြီလို့ ပြောရမှာပါ။ နဂိုကတည်းကမှ စစ်အစိုးရရဲ့ ပြည်သူလူထုအပေါ် စေတနာနည်းမှုကြောင့် အဘက်ဘက်က ချွတ်ခြုံကျ နေရတဲ့ မြန်မာနိုင်ငံမှာ ခုလို သဘာဝဘေးဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့အခါမှာတော့ နိုင်ငံရဲ့ အနာဂတ်တခုလုံးက စိုးရိမ်စရာကောင်းတဲ့အနေအထားကို ရောက် သွားပါတယ်။ ပိုဆိုးတာကတော့ မိဘပြည်သူတွေသိထားပြီးတဲ့အတိုင်း စစ်အစိုးရက သဘာဝဘေးဒဏ် ခံထားရတဲ့ ပြည်သူလူထုကို ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်မပေးတဲ့ အပြင် ပြည်သူတွေရမယ့် အကူအညီအထောက်အပံ့တွေကိုပါ ပျက်စီးရာ ပျက်စီးကြောင်းလုပ်နေတာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေမှုက စိုးရိမ်စရာ ကောင်းလှတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းပြောနေကြရတာဖြစ်ပါတယ်။

စစ်အစိုးရကတော့ ခုဆိုရင် နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အရေးကြီးနေချိန်မှာ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေပါတယ်လို့ ကမ္ဘာသိကြေငြာထားတဲ့ စစ်အစိုးရက လက်တွေ့မှာတော့ နိုင်ငံ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားနိုင်တဲ့ ပညာရေးထဲမှာလည်း သူတို့သဘောကျ အပြောင်းအလဲတွေကို အတိအလင်း ဆက်လုပ် နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ အတိအလင်းလို့ သုံးနှုန်းရတာကတော့ အရင်က မသိမသာ ပိတ်ပင် ကန့်သတ်ခဲ့တဲ့ သမိုင်းဝင်သင်ရိုးတွေကို ခုချိန်မှာ ပြောင်ပြောင်တင်းတင်း ဖြုတ်ပယ်ပစ် တာမျိုးတွေ လုပ်လာလို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအခြေခံပညာအထက်တန်းရဲ့သင်ရိုးကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး နိုင်ငံတကာအဆင့်နဲ့ ညီအောင် GCE O'level အဆင့်ကို ပြောင်းလဲ ပြဌာန်းတာတွေလုပ်မယ်လို့ စစ်အစိုးရက ၂၀၀၇ခုနှစ်ကုန်ပိုင်း မှာကတည်းက ပြောခဲ့ပါတယ်။ ခု တကယ်တမ်းပြောင်းပြီဆိုတဲ့အခါကျတော့ သင်ရိုးသစ်ဆိုတာဟာ အဟောင်း တချို့ကို ဖြုတ်ပယ်လိုက်တာမျိုးသာဖြစ်ပြီး အထက်တန်းအဆင့် ကျောင်းသားတွေအတွက် တကယ် သိသင့် သိထိုက်တဲ့၊ တကယ်လိုအပ်တဲ့ သင်ရိုးတွေ သေသေချာချာ ပြည့်စုံအောင် ထပ်ဆောင်းထည့်တာမျိုး မဟုတ် ပါဘူး။ အထူးသဖြင့် ကျောင်းသားတွေ အတွက် သိပ်လိုအပ်တဲ့ အရေးကြီးတဲ့ နိုင်ငံတကာအဆင့်မီ နိုင်ငံရေးရာ ဘာသာရပ်တွေ၊ နိုင်ငံ့သမိုင်း သင်ရိုးတွေ၊ မြန်မာစာပေဆိုင်ရာသင်ရိုးတွေ မပါတာ တွေ့ရပါတယ်။ အဲဒါအပြင် ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ မြန်မာ့သမိုင်းတချို့နဲ့ သမိုင်းဝင် မြန်မာစာပေတချို့ကိုပါ ဖြုတ်ပစ်လိုက်တာ တွေ့ရပါတယ်။

အဲဒီအပြင် စစ်အစိုးရဟာ သူတို့ အာဏာတည်မြဲရေးအတွက် သူတို့စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အဓမ္မအတည်ပြုလိုက်သလိုပဲ လာမယ့် ၂၀၁၀ခုနှစ်မှာ ရွေးကောက်ပွဲကို သူတို့အလိုကျ ဖြစ်အောင် လုပ်ဖို့ကိုလည်း တောက်လျှောက် ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အဲဒီ ကြိုးပမ်းမှုတွေထဲမှာ အာဏာရှင်ပီပီ ကျောင်းသားလူငယ်တွေကို နိုင်ငံတကာအဆင့်မီ နိုင်ငံရေးဆိုင်ရာအပါအ၀င် လူငယ်တွေသိအပ်တဲ့ ပညာရပ် တွေကို သင်မပေးဘဲ တားဆီးပိတ်ပင်တဲ့ စီမံကိန်းကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဦးနေ၀င်း လက်ထက်ကတည်းက ကျောင်းပညာရေးထဲမှာ လူငယ်တွေကို ခေတ်မီဗဟုသုတတွေတိုးပွားစေမယ့် နိုင်ငံတကာ အဆင့်မီ သင်ရိုးတွေ သင်ခန်းစာတွေ ပြဌာန်းမပေးခဲ့ပါဘူး။ အထူးသဖြင့် နိုင်ငံရေးရာဘာသာရပ် (Civic Education) နိုင်ငံရေးသိပ္ပံ (Political Science)၊ လူမှုသိပ္ပံ (Social Science)လို ဘာသာရပ်တွေကို ပြဌာန်းမထားခဲ့တဲ့အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေဟာ နိုင်ငံတကာက ကျောင်းသားတွေ ကျောင်းခန်းထဲကနေ အလွယ်တကူရနေတဲ့ နိုင်ငံ့အရေးအရာဆိုင်ရာ အသိပညာတွေကို မရနိုင်ကြဘဲ ရှိနေခဲ့တာပါ။

တကယ်တော့ ယနေ့လူငယ်တွေဟာ တချိန်မှာ တိုင်းပြည်အုပ်ချုပ်ရေးကို ကိုင်တွယ်ကြရမယ့်သူတွေဖြစ်တာမို့ နိုင်ငံ့အရေးအရာနဲ့ နိုင်ငံတကာရေးရာ ဒါမှမဟုတ် အနည်းဆုံး ကိုယ့်ဒေသတွင်းဆိုင်ရာ နိုင်ငံတွေရဲ့ အရေးအရာ တွေကို သိခွင့်ရဖို့ လိုပါတယ်။ ဒါမှပဲ လူငယ်အယောက်တိုင်း၊ ပြည်သူလူထုအယောက်တိုင်းက နိုင်ငံအုပ်ချုပ်ရေး အပါအ၀င် နိုင်ငံကောင်းတခုထူထောင်ဖို့အတွက် လိုအပ်တဲ့ စီမံအုပ်ချုပ်ရေးတွေကို သိနားလည်ပြီး တာဝန်ယူ နိုင်မှာ ဖြစ်ပါတယ်။ ဒါကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အကြံပြုခဲ့တဲ့ ပြည်ရေးပြည်ရာ ဘာသာရပ် Civic Education သင်သင့်ကြောင်း ဆွေးနွေးခဲ့ တုန်းက ပြောခဲ့ပြီးသားဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ကိုယ့်နိုင်ငံရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ရိုးတွေ သင်ခန်းစာတွေကို စနစ်တကျ ရွေးချယ်ပြီး ပြဌာန်းဖို့သာ လိုတာပါ။ ခုချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ GCE O'level အဆင့် မီဖို့ဆိုတာထက် နိုင်ငံပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အသိပညာတွေကို ရဖို့ကသာ ပိုအရေးကြီးတဲ့အချိန်လို့ ထင်ပါတယ်။

တကယ်တော့ အခြေခံပညာအထက်တန်းအဆင့်က ကျောင်းသားအရွယ်ဟာ ဝေဖန် ပိုင်းခြား စဉ်းစားနိုင်တဲ့ အရွယ်တွေဖြစ်တာမို့ သူတို့အတွက် ကျောင်းသင်ရိုးတွေဟာ သူတို့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သိသင့်သိထိုက် တဲ့ အကြောင်းအရာတွေ ဖြစ်ဖို့ လိုပါတယ်။ ဥပမာပြောပြရရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားနဲ့ ကိုက်ညီတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်ခန်းစာ၊ မြန်မာနိုင်ငံရဲ့ လက်ရှိ ပထ၀ီဝင်အနေအထား၊ သဘာဝသံယံဇာတ ထွက်ရှိမှု အခြေအနေတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ ဗဟုသုတတွေ၊ တကိုယ်ရည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင်ခန်းစာတွေ၊ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်း နဲ့ အခြေခံလူမျိုးရေးပြဿနာတွေနဲ့အတူ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွတ်ရေးကို ဦးတည်တဲ့ သင်ခန်းစာမျိုးတွေ ပြဌာန်းပေးဖို့ လိုပါတယ်။ ဒါမှပဲ နိုင်ငံပြန်လည် ထူထောင်ရေးမှာ အဆင်သင့် ဖြစ်နေအောင် စာသင်ခန်းကနေ လေ့ကျင့်သင်ကြားပေးရာရောက်မှာ ဖြစ်ပါ တယ်။

နောက်ထပ်အရေးကြီးတာကတော့ ပညာရေးပြန်လည်ထူထောင်မှုထဲမှာ သဘာဝဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေ အတွက်ဆိုရင်လည်း အဲဒီဒေသက ကျောင်းသားတွေအတွက် လိုအပ်တဲ့ ကလေးစိတ်ပညာ၊ ကျောင်းတွင်း စိတ်ပညာလို ဘာသာရပ်မျိုးတွေ နဲ့ Moral Education အတွက် ဒီမိုကရေစီကျင့်ဝတ်တွေကို အထူးပဲ ထည့်သွင်း သင်ကြား ပေးရမှာ ဖြစ်ပါတယ်။ ဒါမှပဲ အောင်မြင်တဲ့ လူငယ်တွေအဖြစ် ကြီးပြင်းဖို့အတွက် လိုအပ်တဲ့ စိတ်အင်အားတွေကို ပြန်ပြီးရနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ စစ်အစိုးရက လူငယ်တွေအတွက် လိုအပ်တဲ့ နိုင်ငံချစ်စိတ်တွေ၊ စိတ်ဓာတ်အားမာန်တွေ၊ ပေးနိုင်တဲ့ စာကောင်းပေကောင်း တွေကိုတောင် နည်းအမျိုးမျိုးသုံးပြီး ပိတ်ပင်တားဆီးနေတာ တွေ့နေရပါတယ်။ ခု ၂၀၀၈-၂၀၀၉ ပညာသင်နှစ် သင်ရိုးညွှန်းတန်း အပြောင်းအလဲ က သက်သေပါပဲ။

စစ်အစိုးရက မြန်မာနိုင်ငံအခြေခံပညာအထက်တန်းရဲ့ သင်ရိုးတွေကို ပြုပြင် ပြောင်းလဲ မယ်လို့ ကြေငြာပြီး တချို့ သင်ခန်းစာတွေကို ဖြုတ်ပယ်ပစ်လိုက်ပါတယ်။ အဲဒီ သင်ခန်းစာတွေဟာ လူငယ်တွေအတွက် လေ့လာ သင်ကြားဖို့ အမှန်တကယ်လိုအပ်တဲ့ သင်ခန်းစာ တွေဖြစ်ပြီးတော့ အင်မတန် တန်ဖိုးရှိတဲ့စာတွေဖြစ်နေပါတယ်။ အဲဒီလိုစာတွေကို ပျောက်ပျက်သွားအောင် အာဏာရှင်တွေက ဖျောက်ဖျက်ပေမဲ့ အဲဒီ သင်ခန်းစာတွေကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို နောက်လာမယ့် အစီအစဉ်တွေမှာ ဆွေးနွေး တင်ပြသွားပါ့မယ်။

Tuesday, March 10, 2009

နာဂစ်အလွန် ပညာရေးပြဿနာ(၅)


မြန်မာနိုင်ငံရဲ့ အဓိကပြဿနာကတော့ အတင်းအဓမ္မ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေက ပြည်သူလူထုနဲ့ နိုင်ငံတကာကို နေရာတိုင်းမှာ ပြောင်ကျကျ လိမ်လည်နေတဲ့ကိစ္စပဲ ဖြစ်ပါတယ်၊ အဲဒီလို လိမ်လည်နေတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ခုလို သဘာဝဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ အခြေအနေမျိုး မှာတော့ ပြည်သူလူထု ဟာ သူတို့ ရသင့်တဲ့ အခွင့်အရေးတွေ အကူအညီတွေကို လက်လွတ် ဆုံးရှုံးနေကြရ တော့တာပါပဲ၊

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ၂ရက်နဲ့ ၃ရက်နေ့တွေမှာ တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ၂သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့အပြင် လုပ်ငန်း ကိုင်ငန်းတွေ အများကြီး ဆုံးရှုံးတာ။ ကလေးတွေ ထောင်သောင်းချီပြီး ပညာရေး ကျန်းမာရေးတွေ ထိခိုက်တာ။ စတဲ့ နောက်ဆက်တွဲပြဿနာတွေဟာ အင်မတန်ကို ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်၊ ခုချိန်ထိ လေဘေးကူညီကယ်ဆယ်ရေး လုံးဝ မရသေးတဲ့ နေရာတွေ ရှိနေသေးတာဟာ စိုးရိမ်စရာ ကောင်းလှတဲ့ အခြေအနေပါပဲ၊ ဒီနေရာမှာ ပိုပြီး စိုးရိမ်ပူပန်စရာကောင်းတာက ကျောင်းနေ အရွယ်ကလေးတွေရဲ့ ပြဿနာပါပဲ၊

ကမ္ဘာကျော် စိတ်ပညာရှင်တွေက ကလေးတွေကို ကျောင်းနေတဲ့ အရွယ်ကစပြီး ကျန်းမာ သန်စွမ်းအောင်။ ကိုယ်ကျင့်စာရိတ္တကောင်းမွန်အောင်။ စိတ်နေသဘာဝ ကောင်းမွန် အောင်။ တရားမှု မတရားမှုတွေကို နားလည်အောင်။ ယဉ်ကျေးသိမ်မွေ့အောင်။ တွေးခေါ်မြော်မြင် တတ်အောင် လေ့ကျင့်ပေးနိုင်တယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ်၊ ဒါကြောင့် ပညာရေးဟာ ကလေးတွေကို ရုပ်ရော စိတ်ကိုပါ မြှင့်တင်ပေး နိုင်တဲ့ လုပ်ငန်းစဉ်တရပ်လို့ ဆိုနိုင်ပါတယ်၊ ဒါကြောင့် ကလေးဘ၀အရွယ်မှာ ထိရောက်ကောင်းမွန်တဲ့ ပညာရေးမျိုးကို ရဖို့ သိပ်အရေးကြီးတာပါ၊

အမေရိကန်နိုင်ငံက ပညာရေးပညာရှင် Allison Davis က စားဝတ်နေရေး မပြည့်စုံတဲ့ကလေးတွေကို ကျောင်းနေပျော်လာအောင် သူ့ဘ၀နဲ့ကိုက်ညီတဲ့ အတွေ့အကြုံ ပညာရပ်တွေ လုံလုံလောက်လောက် ဖြည့်ဆည်းပေးရမယ်လို့ ဆိုပါတယ်၊ အဲဒီအတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ၀ိုင်းဝန်းကူညီဖို့ လိုတယ် လို့လည်း သူက အကြံပြုထားပါတယ်၊ ဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ကိုက်ညီနေတဲ့ အခြေအနေ တရပ်ပါပဲ၊ မြန်မာနိုင်ငံဟာ ပုံမှန်အခြေအနေမှာတောင် စားဝတ်နေရေး မပြေလည်မှု ကြောင့် ကျောင်းမနေနိုင်တဲ့ ကလေးတွေ အများကြီးဖြစ်နေတာပါ၊ အာဏာပိုင် စစ်အစိုးရကလည်း ပညာရေးကဏ္ဍကို တောက်လျှောက် လျစ်လျူရှုထားခဲ့တာမို့ ခုလို မုန်တိုင်းနောက်ပိုင်း လုံးဝပြိုလဲသွားရတဲ့ အနေအထားမှာတော့ ကလေးတွေရဲ့ ပညာရေးဟာ သိပ်ကို စိုးရိမ်ပူပန်စရာ ဖြစ်လာပါတယ်၊

စစ်အစိုးရက မုန်တိုင်းသင့်ဒေသတွေမှာ ကလေးပညာရေးအတွက် ကျောင်းတွေပြန်ဖွင့်နိုင် နေပါပြီလို့ ကြေငြာနေတဲ့အချိန်မှာပဲ ကလေးအများစုကတော့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့အခြေအနေမှာ ရှိနေတာပါ၊ ကျောင်းတွေပြန်ဆောက်ပေးဖို့ ပြုပြင်ပေးဖို့ တာဝန်ယူထားကြတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း အဖြစ်သဘောမျိုးသာ အလုပ်ပြပြီး ဆုံးခန်းတိုင်အောင်လုပ်ပေးတာမျိုး မရှိပါဘူး၊ ဒါကြောင့် ကျောင်းတက်နေပါပြီဆိုတဲ့ ကလေးတွေဟာလည်း အမိုးအကာမစုံလင်တဲ့ မည်ကာမတ္တစာသင်ခန်းတွေထဲမှာ ၀တ္တရားကျေ ကျောင်းတက်နေကြရတာပါ၊ ကျောင်းနေပျော်ရမယ်ဆိုတဲ့ ကလေးစိတ်ပညာရဲ့ အဓိက ရည်ရွယ်ချက်ဟာ မြန်မာပြည်က ကလေးတွေနဲ့တော့ လုံးဝ မသက်ဆိုင်ပါဘူး၊ အထူးသဖြင့် မုန်တိုင်းသင့် ဒေသ တွေက ကလေးတွေရဲ့ စာသင်ခန်းအတွင်း အတွေ့အကြုံဟာ သိပ်ကို စိုးရိမ်ပူပန်စရာ ကောင်းတဲ့အခြေအနေပဲ ဖြစ်ပါတယ်၊

အင်္ဂလိပ် ဒဿနပညာရှင် Herbert Spencer ကလည်း ပညာရေးဟာ ပြီးပြည့်စုံတဲ့ ဘ၀နေထိုင်မှုအတွက် ပြင်ဆင်ပေးတာပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒါကြောင့် ကလေးတွေဟာ ကျောင်းပညာရေးထဲကနေ ဘ၀ကိုရင်ဆိုင်တတ်ဖို့။ ဗဟုသုတတွေရဖို့။ အတတ်ပညာတွေရဖို့။ လူမှုဆက်ဆံရေးတွေ တတ်မြောက်သွားဖို့ ဆိုတာတွေအပြင် သက်မွေးဝမ်းကျောင်းနိုင်တဲ့ ပညာရပ်တခုခုကို သေသေချာချာ တတ်မြောက်သွားရမှာ ဖြစ်ပါတယ်၊ အဲဒီပညာရေးရဲ့ အခြေခံလိုအပ်ချက်တွေဟာ မြန်မာနိုင်ငံပညာရေးထဲမှာ အရင်ကတည်းကကို မရှိခဲ့ မပြည့်စုံခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ အဲဒီပြဿနာက ပို အရေးကြီးလာပါပြီ၊ အထူးသဖြင့် မုန်တိုင်းဒဏ် ခံထားရတဲ့ ဒေသတွေက အဘက်ဘက်မှာ ချို့တဲ့နေရရှာတဲ့ ကလေးတွေအတွက် ပညာရေး ပြန်လည် ထူထောင် တဲ့ ကာလမှာ ပိုအရေးကြီးလာပြီဖြစ်ပါတယ်၊

မြန်မာနိုင်ငံရဲ့ မုန်တိုင်းဘေးအတွက် ကူညီပံပိုးတဲ့အခြေအနေတွေကို လေ့လာတဲ့ မြန်မာ။ အာဆီယံ။ ကုလသမဂ္ဂ ၃နိုင်ငံအဖွဲ့ကြီးကတော့ သူတို့ရဲ့ ကနဦးစစ်တမ်းမှာ ကျောင်းပညာရေးတွေကို အတော်အတန် ပြန်လည် ထူထောင်နိုင်ပြီလို့ ပြောထားပါတယ်၊ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ ဘယ်မုန်တိုင်းသင့်ဒေသမှာမှ စနစ်တကျ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ထားတာမျိုး ခုထိ မတွေ့ရသေးပါဘူး၊ ကျောင်းတချို့မှာ သင်ထောက်ကူပစ္စည်း အနည်းအကျဉ်း... စာသင်ခန်းပြုပြင်မှု အနည်းအကျဉ်းကိုသာ ပံ့ပိုးထားတာ တွေ့နေရပါ တယ်၊ တကယ်တော့ ကုလသမဂ္ဂ၀န်ထမ်းတွေနဲ့ အာဆီယံလို အမြင်ကျယ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့က ပညာရေးပြန်လည်ထူထောင်ရာမှာ တကယ် လိုအပ်တဲ့အချက်တွေကို သိပြီးသားဖြစ်တာမို့ ထိရောက်အောင် ပံပိုးပေးဖို့ တာဝန် ရှိပါတယ်၊ ခုလို စာရင်းပြလို့ရအောင် စာရေးကိရိယာလေးပေးရုံ ရွက်ဖျင်တဲလေးထိုးပေးရုံနဲ့ ပညာရေးပြန်လည်ထူထောင်မှုအတော်အတန်လုပ်နိုင်ခဲ့ပြီလို့ ပြောလို့ မရပါဘူး၊

အနီးဆုံး ၂၀၀၄ခုနှစ် ဒီဇင်ဘာလ၂၆ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဆူနာမီငလျင်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ။ အင်ဒိုနီးရှား။ သီရိလင်္ကာ။ အိန္ဒိယတွေမှာ ကယ်ဆယ်ရေးနဲပြန်လည်ထူထောင်ရေးကို ဘယ်လို လုပ်ခဲ့ကြလဲဆိုတဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ၊ ဒါကြောင့် ခု မြန်မာနိုင်ငံမှာ ဘယ်လောက်အတိုင်းအတာထိ ဘယ်လို ကူညီပံ့ပိုးနိုင်သလ္ဖဲ ကူညီလို့မရတဲ့အခြေအနေတွေ ဘယ်လောက်ထိရှိသလဲဆိုတာတွေကို အဲဒီ ပူးပေါင်းကူညီနေတဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့က သေသေချာချာ ကိုင်တွယ် ဖြေရှင်းဖို့ လိုပါတယ်၊ အထူးသဖြင့် ပညာရေးဟာ စာရေးဆရာကြီး Bertrand Russell ပြောသလို ကမ္ဘာကို ဖွင့်လှစ်မယ့်သော့တချောင်းဖြစ်တာမို့ ခုလို အဘက်ဘက်က ယိုယွင်းပျက်စီးနေတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကမ္ဘာအတွက်ဆိုရင်တော့ ထိရောက် ကောင်းမွန်တဲ့ ပညာရေးကို ထူထောင်နိုင်ဖို့ ပိုပြီး အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်၊

မုန်တိုင်းသင့်ကာလတွေမှာ ခုချိန်ထိ အရေအတွက် ထောင်ချီတဲ့ ကလေးတွေဟာ ပညာရေးနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်၊ အဲဒီအပြင် ၁၉၈၈နောက်ပိုင်းကတည်းကနေ ခုချိန်ထိအောင်ပဲ အားနည်းညံ့ဖျင်းလှတဲ့ ပညာရေး စနစ်ထဲမှာ ကလေးတွေ လူငယ်တွေဟာ သိန်းနဲ့သောင်းနဲ့ ချီပြီး စစ်မှန်ထိရောက်တဲ့ ပညာရေးကို မရကြဘဲ ရှိနေပါတယ်၊ ဒါဟာ နောင်လာမယ့် မဝေးတော့တဲ့အနာဂတ်ကာလမှာ ပညာမဲ့အာဏာရှင်တွေရဲ့အုပ်စိုးမှု ယန္တယားကို ခိုင်မြဲစေမယ့်အကြောင်းတရားပဲဖြစ်ပါတယ်၊ ဒါကြောင့် ပညာရေးကဏ္ဍကို တကယ် ထိရောက် ကောင်းမွန်အောင်။ အနည်းဆုံး ကလေးတွေကို စစ်မှန်တဲ့ ပညာ ဗဟုသုတ ပေးနိုင်အောင် မိဘဆရာအပါအ၀င် လူတိုင်း လူတိုင်းက တာဝန်ယူကြိုးစားလုပ်ဆောင်ကြ ရတော့မှာ ဖြစ်ပါတယ်။

(၂၉။၆။၂၀၀၈)

နာဂစ်အလွန် ပညာရေးပြဿနာ(၄)

မြန်မာစစ်အစိုးရဟာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဓါတ်ငွေ့ကနေ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅၉၄ ဘီလီယံ ရခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျောက်မျက် တူးဖော်ရေးနဲ့ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း ရောင်းချရာကနေလည်း ဒီ ၂၀၀၇-၂၀၀၈ မှာ ၀င်ငွေ အများဆုံး ရခဲ့ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ ၀င်ငွေ ဖြစ်တာမို့ ပြည်သူလူထုရဲ့ ၀င်ငွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ မြန်မာပြည်သူလူထု အများစုကြီးဟာ အခြေအနေတိုင်းမှာ ဆင်းရဲချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နယ်ပယ်တွေမှာ အဘက်ဘက်က ယိုယွင်း ကျဆင်းနေရတာရဲ့ အဓိက အကြောင်းအရင်းက နိုင်ငံ သံယံဇာတ ဆင်းရဲမှုကြောင့် မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုကြောင့်သာဖြစ်တယ်ဆိုတဲ့အချက်ကို ထင်ရှားစေတဲ့ သက်သေတခု ပါပဲ။ Justify Full
အထူးသဖြင့်တော့ စစ်အစိုးရက ပြည်သူလူထုကို လျစ်လျူရှုထားတာနဲ့ ပတ်သက်ပြီး ပြောရရင် နာဂစ်မုန်တိုင်းရဲ့ နောက်ဆက်တွဲဘေးဒုက္ခတွေကို ခုထိတိုင် အလူးအလဲခံနေရတဲ့ ပြည်သူလူထုကြီးဟာလည်း ထင်ရှားတဲ့ သက်သေပဲ ဖြစ်ပါတယ်၊ ပိုဆိုးတာကတော့ အဲဒီဒေသကြီးမှာ နေထိုင်တဲ့ လယ်လုပ်ငန်းကျွမ်းကျင်သူတွေ။ ရေလုပ်ငန်း ကျွမ်းကျင်သူတွေ ဆုံးပါးသွားကြရတဲ့အပြင် အင်မတန်အရေးကြီးတဲ့ လုပ်ငန်းပြန်လည် ထူထောင်ရေးကို တာဝန်ရှိတဲ့ အာဏာပိုင်တွေက တာဝန်မယူတဲ့အတွက် အဲဒီလုပ်ငန်းတွေကို ပြန်မလုပ် နိုင်သေးတာပဲ ဖြစ်ပါတယ်၊ အဲဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အဲဒီဒေသမှာ အသက်ရှင် ကျန်ရစ်သူတွေဟာ အလုပ်မလုပ်နိုင်တဲ့အတွက် ၀င်ငွေမရှိတာကြောင့် စိတ်ဓါတ် ပြန်လည်ထူထောင်ရေးတွေ။ မိသားစုဘ၀ပြန်လည်ထူထောင်ရေးတွေကို မလုပ်နိုင်ကြတော့တာပါပဲ၊ အဲဒီဆိုးကျိုးတွေဟာ ကလေးငယ်တွေ အပေါ် တိုက်ရိုက်သက်ရောက်ပါတယ်၊

နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကလေးတွေခမျာ ကလေးသဘာဝအရ ပျော်ပျော်ရွှင်ရွှင် ကုန်လွန်ရမယ့် အချိန်မှာ သဘာဝဘေးဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့အပြင် ကြောက်လန့် စရာ အဖြစ်ဆိုး နဲ့အတူ အငတ်ဘေးကိုပါ ရင်ဆိုင်နေ ကြ ရတာဟာ သိပ်စိုးရိမ်စရာကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်၊ အဲဒီလို အထူးဂရုစိုက်ရမယ့် အခြေအနေမျိုးမှာမှ သူတို့ကို ပြုစုစောင့်ရှောက်မယ့် မိဘဆွေမျိုးတွေကပါ အတိဒုက္ခရောက်နေရတဲ့အခါ ကလေးတွေဟာ အားကိုးရာမဲ့တဲ့ ခံစားချက်ကိုပါ ထပ်ဆင့် ခံစားကြရပါတယ်၊ စိတ်ပညာရှင်အများစုရဲ့ လေ့လာ တွေ့ရှိချက်တွေအရပြောရင် သဘာဝဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ အပြင် မိစံဖစုံလည်း မရှိတော့တဲ့ ကလေးတွေကို နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင် တွေနဲ့ အထူးဂရုတစိုက် ကြပ်မတ် စောင့်ရှောက်ပေးဖို့ လိုပါတယ်၊

ကလေးတွေဟာ မိစုံ ဘစုံနဲ့ ကြီးပြင်းရပြီး အစာရေစာ ၀လင်အောင် စားသောက်ရတဲ့အပြင် ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံနဲ့ နေထိုင်ရဖို့ လိုပါတယ်၊ ဒါမှပဲ စိတ်ကျန်းမာပြီး ခွန်အားပြည့်ဝတဲ့ လူတယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်နိုင်မှာပါ၊ ကလေးတွေဟာ နိုင်ငံ တနိုင်ငံရဲ့ အနာဂတ်မျှော်လင့်ချက်တွေပဲ ဖြစ်ပါတယ်၊ ကလေးတွေ ငယ်ဘ၀မှာ အောင်မြင် တဲ့ ဘ၀မျိုးကို ဖြတ်သန်းရခဲ့မှပဲ အောင်မြင်တဲ့အနာဂတ်ရဖို့ဆိုတာကို စိတ်ချရမှာ ဖြစ်ပါတယ်၊ ခု မုန်တိုင်းပြီး နောက်ပိုင်းကာလတွေမှာတော့ ကလေးတသန်းကျော်ရဲ့ ကျောင်းတွေ ဆုံးရှုံး သွားခဲ့ရပါတယ်၊ မိဘမဲ့ကလေး။ မိစုံဘစုံမရှိတော့တဲ့ကလေး သိန်းဂဏန်း သောင်းဂဏန်း ရှိသွားပါတယ်၊ အဲဒီပြဿနာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သိပ်စိုးရိမ်စရာကောင်းတဲ့ အလားအလာကြီးတခုပါပဲ၊

စိတ်ပညာရှင်အများစုရဲ့ လေ့လာသုံးသပ်ချက်တွေအရတော့ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ကလေးတွေဟာ ပုံမှန်ထက်ပိုပြီး စိုးရိမ်စိတ်။ ကြောက်စိတ်။ ၀မ်းနည်းစိတ်။ ရန်လိုစိတ်။ ငတ်မွတ်တောင့်တစိတ်။ အလိုမကျစိတ်။ မိဘဆွေမျိုးဆရာသမားတွေအပေါ် အားကိုး ခင်တွယ်လိုစိတ်တွေ ပြင်းပျတယ်လို့ဆိုပါတယ်၊ အဲဒီအပြင် သူတို့ကြုံတွေ့ခဲ့ရတဲ့ ဘေးဆိုးနဲ့ စပ်လျဉ်းတဲ့ အသံတွေကို နဂိုအခြေနေတုန်းကထက်ပိုပြီး ထိတ်လန့်ကြောက်ရွံ့ နေတတ် ကြပါတယ်၊ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ကလေးတွေဆိုရင် လေသံ မိုးသံ လှိုင်းသံ ရေသံ ဆူညံသံတွေကို အလွန်အမင်း ကြောက်ရွံ့နေနိုင်ပါတယ်။ တကယ်လည်း အဲလို ကြောက်ရွံ့နေကြတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်၊ အဲဒီလို အချိန်မျိုးမှာ ကလေးတွေအတွက် ပြီးပြည့်စုံလုံခြုံတဲ့ စာသင်ခန်းတွေအပြင် စနစ်တကျလေ့ကျင့်ထားတဲ့ ဆရာဆရာမတွေ... ဗဟုသုတရှိတဲ့ မိဘ။ လူကြီးသူမတွေနဲ့ သဘာဝဘေး ကယ်ဆယ်ကူမရေး ကျွမ်းကျင်သူတွေက ကလေးတွေ အနားမှာ စောင့်ရှောက်ပေးနေဖို့ အထူးလိုအပ်ပါတယ်၊

မြန်မာနိုင်ငံက လေဘေးဒုက္ခသည်ကလေးတွေ ကျောင်းနေနိုင်ရေးအတွက် ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကူညီ ဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်၊ ကျောင်းအဆောက်အဦးနဲ့ စာအုပ်စာတမ်းတွေ ပံ့ပိုးပေး နေတယ်လို့ သိရပါတယ်၊ UNICEF ရဲ့ နိုင်ငံတကာပညာရေးဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ မစ္စတာကရင်ရိုက် က ကလေးတွေအနေနဲ့ ပုံမှန်ဘ၀ကို ပြန်လည် ဦးတည်နိုင်ဖို့အတွက် ပညာရေးက သိပ်အရေးကြီးတယ်လို့ ပြောပါတယ်၊ ဒီနေရာမှာ ကလေးတွေအတွက် ထိရောက်ကောင်းမွန်တဲ့ ပညာရေးမျိုးကို အမှန်တကယ် ပေးနိုင်ဖို့ လိုတယ်ဆိုတာကိုလည်း ကူညီပံ့ပိုးနေတဲ့သူတွေက ဂရုစိုက်ဖို့ အရေးကြီးပါတယ်၊ အထူးသဖြင့် နိုင်ငံတကာက ပေးတဲ့အကူအညီတွေကိုရဖို့ ခဏသာ ဗန်းပြကူညီပေးပြီး နောက်ကွယ်မှာ လူထုဆီက မတရားခေါင်းပုံဖြတ်နေတဲ့ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အကူအညီမျိုးက အမှန်တကယ် ထိရောက်မှုရှိရဲ့လားဆိုတာကိုပါ ဆန်းစစ်နေဖို့ လိုပါတယ်၊

ခုဆိုရင် မုန်တိုင်းသင့်ဒေသတွေက ကလေးအများစုဟာ အမိုးအကာမဲ့တဲ့ ကျောင်းတွေမှာ လေဒဏ် မိုးဒဏ် နေပူဒဏ်ကို ခံပြီး ပညာသင်နေကြရပါတယ်၊ အဲဒီအပြင် အစာရေစာ ၀လင်အောင် မစားကြရ။ နွေးထွေးတဲ့ မိသားစုဘ၀ကိုလည်း မခံစားကြရ။ အေးချမ်းလုံခြုံတဲ့ ကလေးဘ၀ကိုလည်း မရကြရဘဲ ရှိနေကြပါတယ်၊ စာသင်ခန်းထဲမှာ သင်ကြားပေး နေတဲ့ ဆရာဆရာမတွေဟာလည်း သူတို့ရဲ့ တပည့်ကလေးတွေနဲ့ ထပ်တူ ပူလောင် သောကတွေ။ ဆင်းရဲဒုက္ခတွေကို ခံစားနေကြရပါတယ်၊ အဲဒီအပြင် ဆရာဆရာမတွေဟာ စိတ်ထိခိုက် ဒဏ်ရာရနေကြတဲ့ ကလေးတွေကို စနစ်တကျ သွန်သင် ထိန်းသိမ်း စောင့်ရှောက်ပေးဖို့။ သင်ခန်းစာတွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲပေးဖို့။ ကလေးတွေအတွက် တကယ် လိုအပ်တဲ့ အတန်းတွင်း စုပေါင်း လှုပ်ရှားမှု တွေ စီစစ်ပေးဖို့ဆိုတာတွေမှာ အများကြီး အခက်အခဲ ကြုံကြရပါတယ်၊

အထူးသဖြင့် ပုံမှန်အခြေနေမဟုတ်တဲ့ ကလေးတွေဆီက တုံ့ပြန်မှုတွေ။ မေးလာမယ့် မေးခွန်းတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေ့နိုင်ပါတယ်၊ ပိုပြီး စိုးရိမ်ပူပန်စရာ ကောင်းတာက ကလေးတွေဆီကို ရောက်လာနိုင်တဲ့ အကြမ်းဖက်မှုတွေ။ လူကုန်ကူး ခံရနိုင်တဲ့ပြဿနာတွေ။ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက် ခံရမှုတွေကိုပါ ဆရာဆရာမတွေကသာ တာဝန်ယူကာကွယ်ပေးကြရမှာမို့လို့ ကိုယ်တိုင် သဘာဝဘေးဒဏ် ခံထားရပြီး အစိုးရရဲ့ ကူညီပံ့ပိုးမှုကို လုံးဝမရကြတဲ့ ဆရာဆရာမတွေအဖို့ စိတ်ဖိစီးလေးလံမှုကို ပြင်းပြင်းထန်ထန် ခံစားကြရမှာ ဖြစ်ပါတယ်၊ ဒီတော့ UNICEF အနေနဲ့ ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ရေးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကူညီပံ့ပိုးနေရာမှာ အဲဒီ တကယ့် လိုအပ်ချက်တွေကိုရော ထည့်သွင်းစဉ်းစားရဲ့လား ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရော ရနေရဲ့လား ဆိုတာတွေဟာ ခုချိန်မှာ အရေးတကြီး မေးရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ် ။

(၁၆။၆။၂၀၀၈)

Sunday, March 8, 2009

နာဂစ်အလွန် ပညာရေးပြဿနာ(၃)

မုန်တိုင်းဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ကလေးတွေခမျာ ကျောင်းဖွင့်ချိန်မှာ ကျောင်းမတက် ကြရတဲ့အတွက် စိတ်ထိခိုက် ခံစားနေကြရတယ်လို့ သိရပါတယ်၊ ဒီနေရာမှာ အရေးကြီး တာကတော့ မြန်မာနိုင်ငံမှာက သဘာဝဘေးဒဏ်အပြီးမှာ ကလေးအများစုဟာ သောက်ရေကိုတောင် သန့်သန့်ရှင်းရှင်း ၀၀လင်လင် မသောက်ရတာ။ အာဟာရချို့တဲ့တာ။ ရောဂါအနာတရတွေကို ဆေးဝါးဂရုတစိုက် အကုသ မခံရတာတွေနဲ့ အတူ မိဘမဲ့သွားတာ။ မိစုံဘစုံ မရှိတာတွေကို ရင်ဆိုင်နေကြရတာမို့လို့ အဲဒီ ကလေးတွေရဲ့ စိတ်ခံစားချက်က ပုံမှန်ကလေးတွေနဲ့ မတူနိုင်ဘဲ အားနည်းနေမယ့်အချက်ပဲ ဖြစ်ပါတယ်၊

သဘာဝဘေးဒဏ်အပြီး ကလေးတွေကြုံရတတ်တဲ့ စိတ်ဝေဒနာနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု။ လူဝီစီယားနားပြည်နယ်မှာ ကက်ထရီနာမုန်တိုင်းတိုက်ပြီးနောက်ပိုင်းမှာ နယူးအော်လင်းမှာရှိတဲ့ အိုချက်စနာ ဆေးကုသရေးအဖွဲ့ရဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာမိုက်ကယ်ဝက်ဆာမန် ပြောခဲ့တာကို ပြန်ပြောပြ ချင်ပါတယ်၊ သူက သဘာဝဘေးဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေဆီမှာ စိတ်ပိုင်းဆိုင်ရာ အကျိုး သက်ရောက်မှု က သိပ်ကြီးမားပါတယ်။ ကလေးတွေက သူတို့ ပတ်ဝန်းကျင်ဟာ သိပ်ပြောင်းလဲမှုမရှိဘူးလို့ နားလည်ထားခဲ့ကြ ရာကနေ ရုတ်တရက် အဖြစ်ဆိုးကြီးကို ကြုံလိုက်ရတာမျိုးပါ။ ဒါဟာ သူတို့နားလည်လက်ခံထားတဲ့ ကမ္ဘာကြီး ပျက်သွားတာပါပဲ လို့ ပြောပါတယ်၊

တကယ်တော့ သဘာဝဘေးဒဏ်အပြီးမှာ ကျောင်းနေအရွယ် ကလေးတွေအတွက် အရေးတကြီးလိုအပ်တာက ပုံမှန်ကျောင်းပြန်တက်နိုင်ရေးပါပဲ၊ ထိုင်းနိုင်ငံမှာ ဆူနာမီ ဘေးသင့်ပြီးနောက်မှာ ကလေးတွေ စုစုဝေးဝေး ဆုံနိုင်ဖို့အတွက် တဲကြီးတွေထိုးပြီး ကစားစရာတွေ။ ကာတွန်း ပုံပြင်လို စိတ်ဝင်စားစရာစာအုပ်တွေ ဖြည့်ဆည်း ပေးထားခဲ့ပါတယ်၊ အဲဒါမှပဲ ကလေးတွေဟာ သူတို့ကြုံခဲ့ရတဲ့ ထိတ်လန့် တုန်လှုပ်စရာ အဖြစ်အပျက်တွေကို မေ့မေ့ပျောက်ပျောက် ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်၊

အမေရိကန်ပြည်ထောင်စုက သဘာဝဘေးဒဏ်ထိဒေသတွေအတွက် ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးနေ တဲ့ Federal Emergency Management Agency (FEMA)က သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ သဘာဝဘေးဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေအတွက် စာသင်ခန်းတွေ ပြန်ထူထောင်တဲ့အခါမှာ လိုအပ်တဲ့ အချက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်၊ အဲဒီထဲက လတ်တလော မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ သင့်တော်မယ့် လိုအပ်ချက်တွေကို ပြောပြချင်ပါတယ်၊

မုန်တိုင်းထိခဲ့ဖူးတဲ့ ဒေသတွေမှာ ကြိုတင်ပြင်ဆင်ကာကွယ်တဲ့အနေနဲ့ စာသင်ခန်းတွေကို ပြန်တည်ဆောက်တဲ့ နေရာမှာ သဘာဝအန္တရာယ်အမျိုးအစားကို လိုက်ပြီး အရေးပေါ်ထွက်ပေါက်တွေ ထည့်သွင်းစီစဉ် တည်ဆောက် ရပါမယ်၊ ဒေသအလိုက် ကျရောက်နိုင်တဲ့ သဘာဝဘေးဒဏ်အမျိုးအစားအလိုက် လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်း ကိရိယာတွေ္ဖ ဥပမာပေးရရင် သက်ကယ်ဘောကွင်းလို အောက်ဆီဂျင်ဗူးလို မီးသတ်ဆေးဗူးလို ပစ္စည်းတွေကို ကျောင်းသားဦးရေနဲ့ကိုက်အောင် အသင့် စီစဉ်ထားပေးရပါမယ်၊ အဲဒီအပြင် အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး အရေးပေါ်ထွက်ပေါက်တွေကို အသုံးပြုဖို့ အန္တရာယ် ကင်းရာဆီကို ဘယ်လိုပြေးမလဲ ဆိုတာမျိုးတွေကို ကျောင်းတွေက တာဝန်ယူပြီး လက်တွေ့ သင်ကြားလေ့ကျင့် ပေးထားရပါမယ်၊ အဲဒီအပြင် ရေထဲမှာ ပေါလောပေါ်ပြီး အကြာကြီးနေနိုင်အောင် လေ့ကျင့် ပေးတာမျိုးတွေ.. ရေကူးကျွမ်းကျင်အောင် သင်ကြားပေးတာတွေ... ဘေးအန္တရာယ် ကျရောက်ချိန်မှာ အတန်းသားအချင်းချင်း တတ်နိုင်သလောက် ကူညီကယ်ဆယ် တတ်အောင် သင်ကြားလေ့ကျင့်ပေးတာမျိုးတွေကို ကျောင်းသင်ရိုးထဲ ထည့်သွင်းပေးထားရပါမယ်၊

အဲဒီအပြင် ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ အတူတူ အတွေ့အကြုံတွေ ဖလှယ်တာ။ ဆွေးနွေးဖြေရှင်းတာ တွေ လုပ်ရပါမယ်၊ ဒါနဲ့ပတ်သက်လို့ ကလေးအထူးကုဆရာဝန် ဒေါက်တာ မိုက်ကယ် ၀က်ဆန်မာပြောခဲ့တဲ့ ကလေးတွေမခံစားနိုင်တဲ့ သတင်းမျိုးကို ကလေးတွေနဲ့ မထိတွေ့အောင် ဂရုစိုက်သင့်တယ်။ ၁၂နှစ်အရွယ်ကလေးတယောက် ခံစားနားလည် နိုင်တာကို ၆နှစ်သားကလေးက မခံစားနိုင်ဘူး ဆိုတဲ့အချက်ကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်၊ အဲဒီအပြင် သဘာဝဘေးဒဏ်ကျရောက်ပြီးကာစအချိန်ဆိုရင်တော့ ကလေးတွေမှာ ကျောင်းကြောင့် စိတ်ဖိစီးမှု မရှိရလေ အောင် ပုံမှန် ပညာရေးဆိုင်ရာ သင်ရိုးတွေထဲက တချို့ကို လျှော့ချပစ်သင့်ပါတယ်၊ သူက ကလေးတွေကို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ကလေးတွေ နားလည်နိုင်သလောက် အတိုင်းအတာထိပဲ ပြောဖို့.. စိတ်အားရှိစရာတွေကို ထည့်ပြောဖို့တွေ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်၊

သဘာဝဘေးဒဏ်နဲဏ္ဍ ဆိုးဆိုးဝါးဝါးရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေဟာ စိတ်နေသဘာဝတွေ ခံစားချက်တွေ အများကြီး ပြောင်းလဲသွားနိုင်တယ်လို့ FEMA website မှာ ဖော်ပြထားပါတယ်၊ ကလေးတွေဟာ စကားလုံးဝ မပြောတော့ ဘဲ တသီးတခြားကြီး နေနေတာ။ စိတ်တို စိတ်ဆိုးလွယ်တာ။ လိုအပ်တာထက်ပိုပြီး ပတ်ဝန်းကျင်အပေါ် တာဝန် ယူချင်တာ။ လူအများရဲ့ အာရုံစူးစိုက်မှုခံရအောင် လွန်လွန်ကဲကဲ ကြိုးပမ်းတာ။ သနားကြင်နာစိတ်တွေ ကင်းမဲ့သွားတာ။ ကိုယ့် ကိုယ်နှုတ်အမူအယာကို မထိန်းသိမ်းနိုင် လောက်အောင် လှုပ်ရှားတက်ကြွလွန်းတာတွေ ဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်၊ အဲဒီလိုကလေးတွေကို စနစ်တကျ ပညာသင်ပေးနိုင်ဖိုဏ္ဍအတွက် ဆရာဆရာမ တွေဟာလည်း သဘာဝဘေးဆိုင်ရာ အသိပညာတွေနဲ့ အဲဒီအချိန်မျိုးမှာ လိုအပ်တဲ့ ကလေးစိတ်ပညာတွေကို သိအောင် လေ့လာထားဖို့ လိုပါတယ်၊ အဲဒီအတွက် FEMA က online education လုပ်ပေးထားပါတယ်၊

ကလေးတွေဟာ စိတ်အလိုမပြည့်မှုကနေ လွတ်မြောက်နေဖို့ (Freedom from wants).. အကြောက်တရားတွေ ကနေ လွတ်မြောက်နေဖို့ (Freedom from fear) တွေလိုပါတယ်၊ အဲလို စိတ်ဖိစီးမှုတွေကနေ လွတ်မြောက် နေမှပဲ ကိုယ်ရည် ကိုယ်သွေးပြည့်ဝတဲ့။ ဥာဏ်အရည်အသွေးပြည့်ဝတဲ့ မျိုးဆက်သစ်တွေ ဖြစ်လာမှာပါ၊ ခုလို သဘာဝဘေးဆိုးနဲ့ ရင်ဆိုင်ထားရတဲ့ကလေးတွေဆိုရင် အဲလိုစိတ်ဖိစီးမှုမျိုးတွေ ရှိနေတာမို့ ဆရာဆရာမတွေ အနေနဲ့ရော မိဘတွေအနေနဲ့ပါ အထူးတလည် ဂရုစိုက်ဖို့ လိုပါတယ်၊ ဆရာဆရာမတွေဟာ ကလေးတွေကို ပုံမှန်နေသားတကျပြန်ဖြစ်လာအောင်။ ဘ၀ကို ရင်ဆိုင်တတ်လာအောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် သဘာဝဘေးဒဏ် ပြင်းပြင်းထန်ထန် ခံစားထားရတဲ့ ကလေးတွေကို ပြန်လည် ပြုစု ပျိုးထောင်ဖို့ဆိုရင် လူအား ငွေအား စေတနာအားတွေ အများကြီး စိုက်ထုတ် နှစ်မြှုတ်ပြီး အချိန်ပေး ဆောင်ရွက်ဖို့ လိုပါတယ်၊

မြန်မာနိုင်ငံက စေတနာကင်းမဲ့တဲ့ အာဏာပိုင်တွေရဲ့ လက်အောက်က ကလေးတွေအတွက်တော့ လောလောဆယ်မှာ UNICEF နဲ့ Save the children အဖွဲ့ကြီးတွေက ကျောင်းပေါင်းတစ်ထောင်လောက် ပြန်ပြီး တည်ဆောက်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရေရှည်စီမံကိန်းနဲ့ ပြန်ထူထောင်ရမယ့် ပညာရေး စနစ်ပိုင်းကိုတော့ ဆရာဆရာမတွေနဲ့ မိဘပြည်သူတွေက တာဝန်ယူဆောင်ရွက်မှသာ အောင်မြင်မှာ ဖြစ်တယ် ဆိုတာကို ဆွေးနွေးတင်ပြလိုက်ပါတယ်။

၁၀။၆။၀၈၊


Saturday, March 7, 2009

နာဂစ်အလွန် ပညာရေးပြဿနာ(၂)

မြန်မာနိုင်ငံမှာတော့ စစ်အစိုးရရဲ့ အမိန့်နဲ့ အခြေခံပညာကျောင်းတွေအတွက် နှစ်သစ်တနှစ်ရဲ့ ပုံမှန် ကျောင်း ပြန်ဖွင့်ချိန်ဖြစ်တဲ့ ဇွန်လ၂ရက်နေ့မှာပဲ ဆိုးဆိုးဝါ၀ါး မုန်တိုင်းသင့်ခဲ့တဲ့ ဒေသတချို့က လွဲလို့ ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပါတယ်၊ ကျန်နေသေးတဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေမှာလည်း ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်မယ်လို့ ပြောပါတယ်၊ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ခုချိန်ထိ ကယ်ဆယ် နေရာချထားရေး ကိုတောင် မရသေးတဲ့ အဲဒီဒေသတွေမှာ ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်မယ်ဆိုတဲ့ကိစ္စကို သဘာဝ ဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အမြော်အမြင် ရှိသူတွေကတော့ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ပြီးခဲ့တဲ့ မေလ၂ရက်နဲ့ ၃ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကို အဆိုးဝါးဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဧရာဝတီတိုင်းရဲ့ နယ်ပယ်ဒေသတော်တော်များများမှာ လူတွေဟာ နေစရာဝေးလို့ စားစရာနဲ့ ၀တ်စရာ လေးလောက်ကိုတောင် ပြန်ရှာဖို့ ပြန်ထူထောင်ဖို့ မတတ်နိုင်ဘဲ ဖြစ်နေကြသေးတာပါ၊ ပိုဆိုးတာကတော့ လုပ်ငန်းတွေ အိုးအိမ်စည်းစိမ်တွေနဲ့ အတူ မိသားစုဝင်တွေကိုပါ အဖြစ်ဆိုးနဲ့ ဆုံးရှုံးခဲ့သူတွေဖြစ်တဲ့ အတွက် သူတို့အများစုရဲ့ စိတ်ခံစားချက်တွေဟာ ပုံမှန်မရှိနိုင်ဘဲ Trauma လို့ခေါ်တဲ့ စိုးရိမ်စရာကောင်းတဲ့ စိတ်ထိခိုက် ဒဏ်ရာရမှုမျိုး ရှိနေတာပါပဲ၊ ဒီလို စိတ်အနာတရဖြစ်မှုကို အရွယ်ရောက်သူ လူကြီးတွေတောင် ခံစား နေကြရတယ်ဆိုရင် ကလေးသူငယ်တွေ အတွက်ကတော့ သိပ်ကို စိတ်ပူစရာကောင်းတဲ့ အခြေနေမျိုးလို့ ဆိုရမှာပါ၊ ဒါကို စိတ်ပညာရှင်တွေ။ ဆရာဝန်တွေသာမက မုန်တိုင်းသင့် ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး ကူညီနေတဲ့အတွက် ကလေးတွေကို မျက်မြင် တွေ့နေကြရတဲ့ စေတနာရှင်တွေကပါ ပူပန် ပြောဆို နေကြတာ ဖြစ်ပါတယ်။

ခုလို သဘာဝဘေးအန္တရာယ်မျိုး ကျရောက်တဲ့အခါမျိုးမှာ တာဝန်ရှိအစိုးရတွေက အချိန်မီ ကူညီ ကယ်ဆယ် စောင့်ရှောက်ပံပိုးမှုမျိုး ပေးနိုင်ခဲ့ရင်တောင်မှပဲ ခံစားရသူတွေကို စိတ် သက်သာရာရတဲ့ထိအောင် အချိန် သေချာ ယူပြီး စနစ်တကျ ဆွေးနွေးကုသမှုတွေ လုပ်ပေးရ တာပါ၊ ခု မြန်မာနိုင်ငံမှာကတော့ အစိုးရပိုင်းက တာဝန်ယူ ပေးရမှာဖြစ်တဲ့ လူသားချင်း စာနာတဲ့ ရုပ်ဝတ္ထုပစ္စည်း အကူအညီတွေကိုတောင်မှပဲ မရတာမို့လို့ ခံစားရသူ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အလွန်ကိုမှ ဆိုးဝါးလာနေပါတယ်၊ အဲဒီလို အချိန်မျိုးမှာပဲ အာဏာပိုင်တွေက ပညာသင်ကြားရေးအတွက် ဘာတခုမှ အဆင်သင့်မဖြစ်သေးပါဘဲနဲ့ ကျောင်းတွေ အချိန်ကိုက် ပြန်ဖွင့်မယ်လို့ပါ ကြေငြာလိုက်ပြန်ပါပြီ၊ ဒါဟာ သဘာဝဘေး အန္တရာယ်ကြောင့် လူရောစိတ်ပါ အနာတရ ဖြစ်နေတဲ့ လူထုကို ပိုပြီး စိတ်ဖိစီးအောင် လုပ်လိုက်သလိုပဲ ဖြစ်ပါတယ်။

ဇွန်လ ၂ရက်နေ့ ကျောင်းတွေ ပြန်အဖွင့်မှာ မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းလောက် ပြင်းပြင်းထန်ထန် မခံစားရ ဘူးလို့ဆိုနိုင်တဲ့ ရန်ကုန်တိုင်းမှာတောင် ဒဂုံမြို့သစ်မြို့နယ်။ လေးထောင့်ကန်မြို့နယ်တွေလို မြို့စွန် ရပ်ကွက်တွေနဲ့ သန်လျင်။ ကွမ်းခြံကုန်းလို နေရာတွေ မှာဆိုရင် ကြီးကြီးကျယ်ကျယ် ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ အများကြီးရှိနေတာပါ၊ အဲဒီ နေရာ တွေမှာဆိုရင် အခုကျောင်းဖွင့်ရက်မှာ ကလေးတွေကို ကျောင်းမထားနိုင်ကြ တော့ဘူးလို့ သိရပါတယ်၊ ကျောင်းဝင်စရိတ် ကြီးမြင့်တဲ့အပြင် နောက်ဆက်တွဲကုန်ကျမယ့် အ၀တ်အစားဖိုး မုန့်ဖိုး စာအုပ်ဖိုးတွေ မတတ်နိုင်ဘူးလို့ မိဘတွေက ပြောကြပါတယ်၊ နောက်တချက်ကတော့ အမိုးတောင် မလုံသေးတဲ့ ကျောင်းတွေမှာ မိုးရာသီတလျှောက်လုံး ကျောင်းတက်ရမယ့် သားသမီးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်း လုံခြုံရေးကို စိတ်မချဘူးလို့ လည်း ပြောကြပါတယ်၊

မြန်မာနိုင်ငံမှာကတော့ သဘာဝဘေးဒဏ်မရှိသေးတဲ့ ပုံမှန်အချိန်တုန်းကတောင် ကျောင်းတွေမှာ ဆရာ မလုံလောက်။ စာအုပ်စာရေးကိရိယာမလုံလောက်ဘဲ ကျောင်းအဆောက်အဦးရှိရင် ကျောင်းဖြစ်ပြီလို့ သတ်မှတ် ခဲ့တာမျိုးမို့လို့ ခုလို သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ပညာရေးကို အထူးတလည် အာရုံစိုက် ထူထောင်ရမယ့်အချိန်မျိုးမှာ လိုအပ်ချက်တွေကို တခုမှ မဖြည့်ဆီးဘဲ ကျောင်းတွေ ပြန်ဖွင့်လိုက်တာဟာ ကလေးတွေ အတွက်တော့ အန္တရာယ်တောင်ရှိတဲ့ အချက်ဖြစ်ပါတယ်၊ အန္တရာယ်ဆိုတာကတော့ အမိုးအကာ မကောင်းတဲ့ကျောင်းတွေမှာ ကလေးတွေဟာ မိုးရာသီအတွင်း စာသင်ကြရမှာ ဖြစ်တဲ့အတွက် အနည်းဆုံး အဖျားအနာ ဖြစ်နိုင်တာက စပြီး မိုးကြောင့်ဆွေးမြေ့နေတဲ့ ထုတ်တွေ တန်းတွေ နံရံတွေ ပြိုကျပဲ့ကျပြီး ထိခိုက်ဒဏ်ရာရနိုင်တာ။ မီးကြိုး အပေါက်အပြဲ တွေကို နင်းမိ ထိမိရာက ဓါတ်လိုက်တာမျိုး ဖြစ်နိုင်တာတွေထိ ကြုံကြရနိုင်ပါတယ်၊

အဲဒီအပြင် မုန်တိုင်းနောက်ဆက်တွဲပြဿနာတွေအဖြစ် စီးပွားရေးလူမှုရေးတွေအများကြီး ထိခိုက်ထားတဲ့ မိဘ တွေ။ ဆရာတွေဟာလည်း ကလေးတွေအပေါ် အာရုံစိုက်နိုင်မှု နည်းပါးနေနိုင်တဲ့အချိန်ဖြစ်သလို ကလေးတွေ ဟာလည်း ကျောင်းအဂါင်္ရပ်နဲ့ မညီတဲ့ ၀န်းကျင်မှာ စာသင်ကြရတဲ့အတွက် စိတ်ဖိစီးမှုတွေ ရှိလာမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင်တော့ ကျောင်းအဂါင်္ရပ်နဲ့ ပြည့်စုံစံမီဖို့လိုတဲ့အပြင် သဘာဝ ဘေးဒဏ် ဆိုးကြီး နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေကို ဖြည့်ဆီးပေးနိုင်တဲ့ စာသင်ခန်းမျိုးတွေ ဖြစ်ဖို့ အထူး လိုအပ်ပါတယ်၊

ဒီနေရာမှာ ဗဟုသုတအဖြစ်ပြောရရင် အမေရိကန်ပြည်ထောင်စုမှာ သဘာဝဘေးဒဏ်သင့် ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ Federal Emergency Management Agency ကတော့ သဘာဝဘေးဒဏ်ထိတဲ့ ဒေသတွေမှာ သဘာဝဘေးဒဏ်အမျိုးအစားကို လိုက်ပြီးတော့ ကလေးတွေ အတွက် ကျောင်းတွေ ပြန်ထူထောင်ရေးမှာ လိုအပ်တာတွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါ တယ်၊ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါဒေသမှာ ကက်ထရီနာမုန်တိုင်း ၀င်ပြီးတဲ့နောက် ကျောင်း တွေ ပြန်ထူထောင်တဲ့အခါ ကလေးတွေ စိတ်လက်ပျော်ရွှင်ရေးအတွက် လိုအပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်း တွေသာမက နောက်ဆက်တွဲ လိုအပ်ချက်တွေဖြစ်တဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ဖြေရှင်းနိုင်ဖို့ သင်ခန်းစာ အသစ်တွေကိုပါ စီစစ်ပြီး ထည့်ပေးတာကို တွေ့ရပါတယ်၊

အဲဒီအပြင် ကျရောက်နိုင်တဲ့ မုန်တိုင်း။ ရေလွှမ်းမိုးမှု။ ငလျင်စတဲ့ သဘာဝဘေးအန္တရာယ် အမျိုးအစားကို လိုက်ပြီး တည်ဆောက်ရမယ့် ကျောင်းဖွဲ့စည်း တည်ဆောက်ပုံက စလို့ သဘာဝဘေးဒဏ်ခံရအပြီး ကလေးတွေ ဆီမှာ တွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပုံစံအမျိုးမျိုးနဲ့အတူ ကလေးတွေ သင်ယူသင့်တဲ့ သင်ရိုးတွေ.. သင်ခန်းစာတွေ.. သင်ကြား နည်းပုံစံတွေကိုပါ ဖော်ပြထားပါတယ်၊ အဲဒီအချက်အလက်တွေထဲမှာ မြန်မာနိုင်ငံက မုန်တိုင်းသင့်ဒေသမှာရှိတဲ့ ကျောင်းတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အဂါင်္ရပ်တွေကို နောက်လာမယ့် အပိုင်းတွေမှာ အသေးစိတ် ဆွေးနွေးသွားပါ့မယ်၊

တရုတ်နိုင်ငံ စီချွမ်းဒေသမှာတော့ အစိုးရက အဂတိလိုက်စားပြီး ကျောင်းတွေကို ခိုင်အောင် မဆောက်တဲ့ အတွက် ငလျင်လှုပ်ချိန်မှာ ကျောင်းတွေပြိုကျပြီး သူတို့ကလေးတွေ အသက်ဆုံး ရတယ်ဆိုပြီးတော့ ကလေးမိဘ တွေက အာဏာပိုင်တွေကို သွေးကြွေး ဆပ်ရမယ်လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး စုရုံးဆန္ဒပြ နေကြပါတယ်၊ အခု မြန်မာနိုင်ငံမှာလည်း အမိုးအကာတောင် မလုံသေးတဲ့ ကျောင်းတွေမှာ ကလေးတွေကို ဇွတ်အတင်း စာသင်ခိုင်း နေပါပြီ၊ ဒါဟာ အစိုးရတရပ်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြစ်ကြီးတခုကို ကျူးလွန်နေတာပဲဖြစ်ပါတယ်။

၃။၆။၂၀၀၈၊

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...