မြန်မာနိုင်ငံရဲ့ အဓိကပြဿနာကတော့ အတင်းအဓမ္မ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေက ပြည်သူလူထုနဲ့ နိုင်ငံတကာကို နေရာတိုင်းမှာ ပြောင်ကျကျ လိမ်လည်နေတဲ့ကိစ္စပဲ ဖြစ်ပါတယ်၊ အဲဒီလို လိမ်လည်နေတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ခုလို သဘာဝဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ အခြေအနေမျိုး မှာတော့ ပြည်သူလူထု ဟာ သူတို့ ရသင့်တဲ့ အခွင့်အရေးတွေ အကူအညီတွေကို လက်လွတ် ဆုံးရှုံးနေကြရ တော့တာပါပဲ၊
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ၂ရက်နဲ့ ၃ရက်နေ့တွေမှာ တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ၂သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့အပြင် လုပ်ငန်း ကိုင်ငန်းတွေ အများကြီး ဆုံးရှုံးတာ။ ကလေးတွေ ထောင်သောင်းချီပြီး ပညာရေး ကျန်းမာရေးတွေ ထိခိုက်တာ။ စတဲ့ နောက်ဆက်တွဲပြဿနာတွေဟာ အင်မတန်ကို ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်၊ ခုချိန်ထိ လေဘေးကူညီကယ်ဆယ်ရေး လုံးဝ မရသေးတဲ့ နေရာတွေ ရှိနေသေးတာဟာ စိုးရိမ်စရာ ကောင်းလှတဲ့ အခြေအနေပါပဲ၊ ဒီနေရာမှာ ပိုပြီး စိုးရိမ်ပူပန်စရာကောင်းတာက ကျောင်းနေ အရွယ်ကလေးတွေရဲ့ ပြဿနာပါပဲ၊
ကမ္ဘာကျော် စိတ်ပညာရှင်တွေက ကလေးတွေကို ကျောင်းနေတဲ့ အရွယ်ကစပြီး ကျန်းမာ သန်စွမ်းအောင်။ ကိုယ်ကျင့်စာရိတ္တကောင်းမွန်အောင်။ စိတ်နေသဘာဝ ကောင်းမွန် အောင်။ တရားမှု မတရားမှုတွေကို နားလည်အောင်။ ယဉ်ကျေးသိမ်မွေ့အောင်။ တွေးခေါ်မြော်မြင် တတ်အောင် လေ့ကျင့်ပေးနိုင်တယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ်၊ ဒါကြောင့် ပညာရေးဟာ ကလေးတွေကို ရုပ်ရော စိတ်ကိုပါ မြှင့်တင်ပေး နိုင်တဲ့ လုပ်ငန်းစဉ်တရပ်လို့ ဆိုနိုင်ပါတယ်၊ ဒါကြောင့် ကလေးဘ၀အရွယ်မှာ ထိရောက်ကောင်းမွန်တဲ့ ပညာရေးမျိုးကို ရဖို့ သိပ်အရေးကြီးတာပါ၊
အမေရိကန်နိုင်ငံက ပညာရေးပညာရှင် Allison Davis က စားဝတ်နေရေး မပြည့်စုံတဲ့ကလေးတွေကို ကျောင်းနေပျော်လာအောင် သူ့ဘ၀နဲ့ကိုက်ညီတဲ့ အတွေ့အကြုံ ပညာရပ်တွေ လုံလုံလောက်လောက် ဖြည့်ဆည်းပေးရမယ်လို့ ဆိုပါတယ်၊ အဲဒီအတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ၀ိုင်းဝန်းကူညီဖို့ လိုတယ် လို့လည်း သူက အကြံပြုထားပါတယ်၊ ဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ကိုက်ညီနေတဲ့ အခြေအနေ တရပ်ပါပဲ၊ မြန်မာနိုင်ငံဟာ ပုံမှန်အခြေအနေမှာတောင် စားဝတ်နေရေး မပြေလည်မှု ကြောင့် ကျောင်းမနေနိုင်တဲ့ ကလေးတွေ အများကြီးဖြစ်နေတာပါ၊ အာဏာပိုင် စစ်အစိုးရကလည်း ပညာရေးကဏ္ဍကို တောက်လျှောက် လျစ်လျူရှုထားခဲ့တာမို့ ခုလို မုန်တိုင်းနောက်ပိုင်း လုံးဝပြိုလဲသွားရတဲ့ အနေအထားမှာတော့ ကလေးတွေရဲ့ ပညာရေးဟာ သိပ်ကို စိုးရိမ်ပူပန်စရာ ဖြစ်လာပါတယ်၊
စစ်အစိုးရက မုန်တိုင်းသင့်ဒေသတွေမှာ ကလေးပညာရေးအတွက် ကျောင်းတွေပြန်ဖွင့်နိုင် နေပါပြီလို့ ကြေငြာနေတဲ့အချိန်မှာပဲ ကလေးအများစုကတော့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့အခြေအနေမှာ ရှိနေတာပါ၊ ကျောင်းတွေပြန်ဆောက်ပေးဖို့ ပြုပြင်ပေးဖို့ တာဝန်ယူထားကြတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း အဖြစ်သဘောမျိုးသာ အလုပ်ပြပြီး ဆုံးခန်းတိုင်အောင်လုပ်ပေးတာမျိုး မရှိပါဘူး၊ ဒါကြောင့် ကျောင်းတက်နေပါပြီဆိုတဲ့ ကလေးတွေဟာလည်း အမိုးအကာမစုံလင်တဲ့ မည်ကာမတ္တစာသင်ခန်းတွေထဲမှာ ၀တ္တရားကျေ ကျောင်းတက်နေကြရတာပါ၊ ကျောင်းနေပျော်ရမယ်ဆိုတဲ့ ကလေးစိတ်ပညာရဲ့ အဓိက ရည်ရွယ်ချက်ဟာ မြန်မာပြည်က ကလေးတွေနဲ့တော့ လုံးဝ မသက်ဆိုင်ပါဘူး၊ အထူးသဖြင့် မုန်တိုင်းသင့် ဒေသ တွေက ကလေးတွေရဲ့ စာသင်ခန်းအတွင်း အတွေ့အကြုံဟာ သိပ်ကို စိုးရိမ်ပူပန်စရာ ကောင်းတဲ့အခြေအနေပဲ ဖြစ်ပါတယ်၊
အင်္ဂလိပ် ဒဿနပညာရှင် Herbert Spencer ကလည်း ပညာရေးဟာ ပြီးပြည့်စုံတဲ့ ဘ၀နေထိုင်မှုအတွက် ပြင်ဆင်ပေးတာပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ဒါကြောင့် ကလေးတွေဟာ ကျောင်းပညာရေးထဲကနေ ဘ၀ကိုရင်ဆိုင်တတ်ဖို့။ ဗဟုသုတတွေရဖို့။ အတတ်ပညာတွေရဖို့။ လူမှုဆက်ဆံရေးတွေ တတ်မြောက်သွားဖို့ ဆိုတာတွေအပြင် သက်မွေးဝမ်းကျောင်းနိုင်တဲ့ ပညာရပ်တခုခုကို သေသေချာချာ တတ်မြောက်သွားရမှာ ဖြစ်ပါတယ်၊ အဲဒီပညာရေးရဲ့ အခြေခံလိုအပ်ချက်တွေဟာ မြန်မာနိုင်ငံပညာရေးထဲမှာ အရင်ကတည်းကကို မရှိခဲ့ မပြည့်စုံခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ အဲဒီပြဿနာက ပို အရေးကြီးလာပါပြီ၊ အထူးသဖြင့် မုန်တိုင်းဒဏ် ခံထားရတဲ့ ဒေသတွေက အဘက်ဘက်မှာ ချို့တဲ့နေရရှာတဲ့ ကလေးတွေအတွက် ပညာရေး ပြန်လည် ထူထောင် တဲ့ ကာလမှာ ပိုအရေးကြီးလာပြီဖြစ်ပါတယ်၊
မြန်မာနိုင်ငံရဲ့ မုန်တိုင်းဘေးအတွက် ကူညီပံပိုးတဲ့အခြေအနေတွေကို လေ့လာတဲ့ မြန်မာ။ အာဆီယံ။ ကုလသမဂ္ဂ ၃နိုင်ငံအဖွဲ့ကြီးကတော့ သူတို့ရဲ့ ကနဦးစစ်တမ်းမှာ ကျောင်းပညာရေးတွေကို အတော်အတန် ပြန်လည် ထူထောင်နိုင်ပြီလို့ ပြောထားပါတယ်၊ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ ဘယ်မုန်တိုင်းသင့်ဒေသမှာမှ စနစ်တကျ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ထားတာမျိုး ခုထိ မတွေ့ရသေးပါဘူး၊ ကျောင်းတချို့မှာ သင်ထောက်ကူပစ္စည်း အနည်းအကျဉ်း... စာသင်ခန်းပြုပြင်မှု အနည်းအကျဉ်းကိုသာ ပံ့ပိုးထားတာ တွေ့နေရပါ တယ်၊ တကယ်တော့ ကုလသမဂ္ဂ၀န်ထမ်းတွေနဲ့ အာဆီယံလို အမြင်ကျယ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့က ပညာရေးပြန်လည်ထူထောင်ရာမှာ တကယ် လိုအပ်တဲ့အချက်တွေကို သိပြီးသားဖြစ်တာမို့ ထိရောက်အောင် ပံပိုးပေးဖို့ တာဝန် ရှိပါတယ်၊ ခုလို စာရင်းပြလို့ရအောင် စာရေးကိရိယာလေးပေးရုံ ရွက်ဖျင်တဲလေးထိုးပေးရုံနဲ့ ပညာရေးပြန်လည်ထူထောင်မှုအတော်အတန်လုပ်နိုင်ခဲ့ပြီလို့ ပြောလို့ မရပါဘူး၊
အနီးဆုံး ၂၀၀၄ခုနှစ် ဒီဇင်ဘာလ၂၆ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဆူနာမီငလျင်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ။ အင်ဒိုနီးရှား။ သီရိလင်္ကာ။ အိန္ဒိယတွေမှာ ကယ်ဆယ်ရေးနဲပြန်လည်ထူထောင်ရေးကို ဘယ်လို လုပ်ခဲ့ကြလဲဆိုတဲ့ အတွေ့အကြုံတွေ ရှိပြီးသားပါ၊ ဒါကြောင့် ခု မြန်မာနိုင်ငံမှာ ဘယ်လောက်အတိုင်းအတာထိ ဘယ်လို ကူညီပံ့ပိုးနိုင်သလ္ဖဲ ကူညီလို့မရတဲ့အခြေအနေတွေ ဘယ်လောက်ထိရှိသလဲဆိုတာတွေကို အဲဒီ ပူးပေါင်းကူညီနေတဲ့ ကုလသမဂ္ဂနဲ့ အာဆီယံတို့က သေသေချာချာ ကိုင်တွယ် ဖြေရှင်းဖို့ လိုပါတယ်၊ အထူးသဖြင့် ပညာရေးဟာ စာရေးဆရာကြီး Bertrand Russell ပြောသလို ကမ္ဘာကို ဖွင့်လှစ်မယ့်သော့တချောင်းဖြစ်တာမို့ ခုလို အဘက်ဘက်က ယိုယွင်းပျက်စီးနေတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကမ္ဘာအတွက်ဆိုရင်တော့ ထိရောက် ကောင်းမွန်တဲ့ ပညာရေးကို ထူထောင်နိုင်ဖို့ ပိုပြီး အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်၊
မုန်တိုင်းသင့်ကာလတွေမှာ ခုချိန်ထိ အရေအတွက် ထောင်ချီတဲ့ ကလေးတွေဟာ ပညာရေးနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်၊ အဲဒီအပြင် ၁၉၈၈နောက်ပိုင်းကတည်းကနေ ခုချိန်ထိအောင်ပဲ အားနည်းညံ့ဖျင်းလှတဲ့ ပညာရေး စနစ်ထဲမှာ ကလေးတွေ လူငယ်တွေဟာ သိန်းနဲ့သောင်းနဲ့ ချီပြီး စစ်မှန်ထိရောက်တဲ့ ပညာရေးကို မရကြဘဲ ရှိနေပါတယ်၊ ဒါဟာ နောင်လာမယ့် မဝေးတော့တဲ့အနာဂတ်ကာလမှာ ပညာမဲ့အာဏာရှင်တွေရဲ့အုပ်စိုးမှု ယန္တယားကို ခိုင်မြဲစေမယ့်အကြောင်းတရားပဲဖြစ်ပါတယ်၊ ဒါကြောင့် ပညာရေးကဏ္ဍကို တကယ် ထိရောက် ကောင်းမွန်အောင်။ အနည်းဆုံး ကလေးတွေကို စစ်မှန်တဲ့ ပညာ ဗဟုသုတ ပေးနိုင်အောင် မိဘဆရာအပါအ၀င် လူတိုင်း လူတိုင်းက တာဝန်ယူကြိုးစားလုပ်ဆောင်ကြ ရတော့မှာ ဖြစ်ပါတယ်။
(၂၉။၆။၂၀၀၈)
No comments:
Post a Comment