Saturday, March 7, 2009

နာဂစ်အလွန် ပညာရေးပြဿနာ(၂)

မြန်မာနိုင်ငံမှာတော့ စစ်အစိုးရရဲ့ အမိန့်နဲ့ အခြေခံပညာကျောင်းတွေအတွက် နှစ်သစ်တနှစ်ရဲ့ ပုံမှန် ကျောင်း ပြန်ဖွင့်ချိန်ဖြစ်တဲ့ ဇွန်လ၂ရက်နေ့မှာပဲ ဆိုးဆိုးဝါ၀ါး မုန်တိုင်းသင့်ခဲ့တဲ့ ဒေသတချို့က လွဲလို့ ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပါတယ်၊ ကျန်နေသေးတဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေမှာလည်း ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်မယ်လို့ ပြောပါတယ်၊ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ခုချိန်ထိ ကယ်ဆယ် နေရာချထားရေး ကိုတောင် မရသေးတဲ့ အဲဒီဒေသတွေမှာ ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်မယ်ဆိုတဲ့ကိစ္စကို သဘာဝ ဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အမြော်အမြင် ရှိသူတွေကတော့ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ပြီးခဲ့တဲ့ မေလ၂ရက်နဲ့ ၃ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကို အဆိုးဝါးဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဧရာဝတီတိုင်းရဲ့ နယ်ပယ်ဒေသတော်တော်များများမှာ လူတွေဟာ နေစရာဝေးလို့ စားစရာနဲ့ ၀တ်စရာ လေးလောက်ကိုတောင် ပြန်ရှာဖို့ ပြန်ထူထောင်ဖို့ မတတ်နိုင်ဘဲ ဖြစ်နေကြသေးတာပါ၊ ပိုဆိုးတာကတော့ လုပ်ငန်းတွေ အိုးအိမ်စည်းစိမ်တွေနဲ့ အတူ မိသားစုဝင်တွေကိုပါ အဖြစ်ဆိုးနဲ့ ဆုံးရှုံးခဲ့သူတွေဖြစ်တဲ့ အတွက် သူတို့အများစုရဲ့ စိတ်ခံစားချက်တွေဟာ ပုံမှန်မရှိနိုင်ဘဲ Trauma လို့ခေါ်တဲ့ စိုးရိမ်စရာကောင်းတဲ့ စိတ်ထိခိုက် ဒဏ်ရာရမှုမျိုး ရှိနေတာပါပဲ၊ ဒီလို စိတ်အနာတရဖြစ်မှုကို အရွယ်ရောက်သူ လူကြီးတွေတောင် ခံစား နေကြရတယ်ဆိုရင် ကလေးသူငယ်တွေ အတွက်ကတော့ သိပ်ကို စိတ်ပူစရာကောင်းတဲ့ အခြေနေမျိုးလို့ ဆိုရမှာပါ၊ ဒါကို စိတ်ပညာရှင်တွေ။ ဆရာဝန်တွေသာမက မုန်တိုင်းသင့် ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး ကူညီနေတဲ့အတွက် ကလေးတွေကို မျက်မြင် တွေ့နေကြရတဲ့ စေတနာရှင်တွေကပါ ပူပန် ပြောဆို နေကြတာ ဖြစ်ပါတယ်။

ခုလို သဘာဝဘေးအန္တရာယ်မျိုး ကျရောက်တဲ့အခါမျိုးမှာ တာဝန်ရှိအစိုးရတွေက အချိန်မီ ကူညီ ကယ်ဆယ် စောင့်ရှောက်ပံပိုးမှုမျိုး ပေးနိုင်ခဲ့ရင်တောင်မှပဲ ခံစားရသူတွေကို စိတ် သက်သာရာရတဲ့ထိအောင် အချိန် သေချာ ယူပြီး စနစ်တကျ ဆွေးနွေးကုသမှုတွေ လုပ်ပေးရ တာပါ၊ ခု မြန်မာနိုင်ငံမှာကတော့ အစိုးရပိုင်းက တာဝန်ယူ ပေးရမှာဖြစ်တဲ့ လူသားချင်း စာနာတဲ့ ရုပ်ဝတ္ထုပစ္စည်း အကူအညီတွေကိုတောင်မှပဲ မရတာမို့လို့ ခံစားရသူ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အလွန်ကိုမှ ဆိုးဝါးလာနေပါတယ်၊ အဲဒီလို အချိန်မျိုးမှာပဲ အာဏာပိုင်တွေက ပညာသင်ကြားရေးအတွက် ဘာတခုမှ အဆင်သင့်မဖြစ်သေးပါဘဲနဲ့ ကျောင်းတွေ အချိန်ကိုက် ပြန်ဖွင့်မယ်လို့ပါ ကြေငြာလိုက်ပြန်ပါပြီ၊ ဒါဟာ သဘာဝဘေး အန္တရာယ်ကြောင့် လူရောစိတ်ပါ အနာတရ ဖြစ်နေတဲ့ လူထုကို ပိုပြီး စိတ်ဖိစီးအောင် လုပ်လိုက်သလိုပဲ ဖြစ်ပါတယ်။

ဇွန်လ ၂ရက်နေ့ ကျောင်းတွေ ပြန်အဖွင့်မှာ မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းလောက် ပြင်းပြင်းထန်ထန် မခံစားရ ဘူးလို့ဆိုနိုင်တဲ့ ရန်ကုန်တိုင်းမှာတောင် ဒဂုံမြို့သစ်မြို့နယ်။ လေးထောင့်ကန်မြို့နယ်တွေလို မြို့စွန် ရပ်ကွက်တွေနဲ့ သန်လျင်။ ကွမ်းခြံကုန်းလို နေရာတွေ မှာဆိုရင် ကြီးကြီးကျယ်ကျယ် ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ အများကြီးရှိနေတာပါ၊ အဲဒီ နေရာ တွေမှာဆိုရင် အခုကျောင်းဖွင့်ရက်မှာ ကလေးတွေကို ကျောင်းမထားနိုင်ကြ တော့ဘူးလို့ သိရပါတယ်၊ ကျောင်းဝင်စရိတ် ကြီးမြင့်တဲ့အပြင် နောက်ဆက်တွဲကုန်ကျမယ့် အ၀တ်အစားဖိုး မုန့်ဖိုး စာအုပ်ဖိုးတွေ မတတ်နိုင်ဘူးလို့ မိဘတွေက ပြောကြပါတယ်၊ နောက်တချက်ကတော့ အမိုးတောင် မလုံသေးတဲ့ ကျောင်းတွေမှာ မိုးရာသီတလျှောက်လုံး ကျောင်းတက်ရမယ့် သားသမီးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်း လုံခြုံရေးကို စိတ်မချဘူးလို့ လည်း ပြောကြပါတယ်၊

မြန်မာနိုင်ငံမှာကတော့ သဘာဝဘေးဒဏ်မရှိသေးတဲ့ ပုံမှန်အချိန်တုန်းကတောင် ကျောင်းတွေမှာ ဆရာ မလုံလောက်။ စာအုပ်စာရေးကိရိယာမလုံလောက်ဘဲ ကျောင်းအဆောက်အဦးရှိရင် ကျောင်းဖြစ်ပြီလို့ သတ်မှတ် ခဲ့တာမျိုးမို့လို့ ခုလို သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ပညာရေးကို အထူးတလည် အာရုံစိုက် ထူထောင်ရမယ့်အချိန်မျိုးမှာ လိုအပ်ချက်တွေကို တခုမှ မဖြည့်ဆီးဘဲ ကျောင်းတွေ ပြန်ဖွင့်လိုက်တာဟာ ကလေးတွေ အတွက်တော့ အန္တရာယ်တောင်ရှိတဲ့ အချက်ဖြစ်ပါတယ်၊ အန္တရာယ်ဆိုတာကတော့ အမိုးအကာ မကောင်းတဲ့ကျောင်းတွေမှာ ကလေးတွေဟာ မိုးရာသီအတွင်း စာသင်ကြရမှာ ဖြစ်တဲ့အတွက် အနည်းဆုံး အဖျားအနာ ဖြစ်နိုင်တာက စပြီး မိုးကြောင့်ဆွေးမြေ့နေတဲ့ ထုတ်တွေ တန်းတွေ နံရံတွေ ပြိုကျပဲ့ကျပြီး ထိခိုက်ဒဏ်ရာရနိုင်တာ။ မီးကြိုး အပေါက်အပြဲ တွေကို နင်းမိ ထိမိရာက ဓါတ်လိုက်တာမျိုး ဖြစ်နိုင်တာတွေထိ ကြုံကြရနိုင်ပါတယ်၊

အဲဒီအပြင် မုန်တိုင်းနောက်ဆက်တွဲပြဿနာတွေအဖြစ် စီးပွားရေးလူမှုရေးတွေအများကြီး ထိခိုက်ထားတဲ့ မိဘ တွေ။ ဆရာတွေဟာလည်း ကလေးတွေအပေါ် အာရုံစိုက်နိုင်မှု နည်းပါးနေနိုင်တဲ့အချိန်ဖြစ်သလို ကလေးတွေ ဟာလည်း ကျောင်းအဂါင်္ရပ်နဲ့ မညီတဲ့ ၀န်းကျင်မှာ စာသင်ကြရတဲ့အတွက် စိတ်ဖိစီးမှုတွေ ရှိလာမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင်တော့ ကျောင်းအဂါင်္ရပ်နဲ့ ပြည့်စုံစံမီဖို့လိုတဲ့အပြင် သဘာဝ ဘေးဒဏ် ဆိုးကြီး နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေကို ဖြည့်ဆီးပေးနိုင်တဲ့ စာသင်ခန်းမျိုးတွေ ဖြစ်ဖို့ အထူး လိုအပ်ပါတယ်၊

ဒီနေရာမှာ ဗဟုသုတအဖြစ်ပြောရရင် အမေရိကန်ပြည်ထောင်စုမှာ သဘာဝဘေးဒဏ်သင့် ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ Federal Emergency Management Agency ကတော့ သဘာဝဘေးဒဏ်ထိတဲ့ ဒေသတွေမှာ သဘာဝဘေးဒဏ်အမျိုးအစားကို လိုက်ပြီးတော့ ကလေးတွေ အတွက် ကျောင်းတွေ ပြန်ထူထောင်ရေးမှာ လိုအပ်တာတွေကို သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါ တယ်၊ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါဒေသမှာ ကက်ထရီနာမုန်တိုင်း ၀င်ပြီးတဲ့နောက် ကျောင်း တွေ ပြန်ထူထောင်တဲ့အခါ ကလေးတွေ စိတ်လက်ပျော်ရွှင်ရေးအတွက် လိုအပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်း တွေသာမက နောက်ဆက်တွဲ လိုအပ်ချက်တွေဖြစ်တဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ဖြေရှင်းနိုင်ဖို့ သင်ခန်းစာ အသစ်တွေကိုပါ စီစစ်ပြီး ထည့်ပေးတာကို တွေ့ရပါတယ်၊

အဲဒီအပြင် ကျရောက်နိုင်တဲ့ မုန်တိုင်း။ ရေလွှမ်းမိုးမှု။ ငလျင်စတဲ့ သဘာဝဘေးအန္တရာယ် အမျိုးအစားကို လိုက်ပြီး တည်ဆောက်ရမယ့် ကျောင်းဖွဲ့စည်း တည်ဆောက်ပုံက စလို့ သဘာဝဘေးဒဏ်ခံရအပြီး ကလေးတွေ ဆီမှာ တွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပုံစံအမျိုးမျိုးနဲ့အတူ ကလေးတွေ သင်ယူသင့်တဲ့ သင်ရိုးတွေ.. သင်ခန်းစာတွေ.. သင်ကြား နည်းပုံစံတွေကိုပါ ဖော်ပြထားပါတယ်၊ အဲဒီအချက်အလက်တွေထဲမှာ မြန်မာနိုင်ငံက မုန်တိုင်းသင့်ဒေသမှာရှိတဲ့ ကျောင်းတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အဂါင်္ရပ်တွေကို နောက်လာမယ့် အပိုင်းတွေမှာ အသေးစိတ် ဆွေးနွေးသွားပါ့မယ်၊

တရုတ်နိုင်ငံ စီချွမ်းဒေသမှာတော့ အစိုးရက အဂတိလိုက်စားပြီး ကျောင်းတွေကို ခိုင်အောင် မဆောက်တဲ့ အတွက် ငလျင်လှုပ်ချိန်မှာ ကျောင်းတွေပြိုကျပြီး သူတို့ကလေးတွေ အသက်ဆုံး ရတယ်ဆိုပြီးတော့ ကလေးမိဘ တွေက အာဏာပိုင်တွေကို သွေးကြွေး ဆပ်ရမယ်လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး စုရုံးဆန္ဒပြ နေကြပါတယ်၊ အခု မြန်မာနိုင်ငံမှာလည်း အမိုးအကာတောင် မလုံသေးတဲ့ ကျောင်းတွေမှာ ကလေးတွေကို ဇွတ်အတင်း စာသင်ခိုင်း နေပါပြီ၊ ဒါဟာ အစိုးရတရပ်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ အပြစ်ကြီးတခုကို ကျူးလွန်နေတာပဲဖြစ်ပါတယ်။

၃။၆။၂၀၀၈၊

Friday, March 6, 2009

နာဂစ်အလွန် ပညာရေးပြဿနာ


မြန်မာနိုင်ငံမှာ သဘာဝမုန်တိုင်းဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့အတွက် စိတ်သောကရောက် နေရတဲ့ ပြည်သူလူထု ရော… မုန်တိုင်းကလွတ်ပေမဲ့ မတရားဆနခြံယူပွဲကြောင့် စိတ်ဒုက္ခ ရောက်ခဲ့ရတဲ့ ပြည်သူတွေရော… ဆက်ပြီးရင်ဆိုင်ရမှာကတော့ ပုံစံအမျိုးမျိုးနဲ့ ကျရောက်လာ မယ့် ဘေးအန္တရာယ်တွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတဲ့ ပြဿနာပါပဲ၊ ဒီနေရာမှာ ကျမနဲ့သက်ဆိုင်တဲ့ ပညာရေးကဏ္ဍကို ပြောမယ်ဆိုရင် မြန်မာနိုင်ငံက ပြည်သူလူထုဟာ အရင်ကတည်းက စားဝတ်နေရေးကျပ်တည်းမှုကြောင့် ကလေးတွေရဲ့ ပညာရေးကို နောက်ပို့ထားရတာပါ၊ ခုတော့ မုန်တိုင်းက ၀င်မွှေလိုက်တဲ့ ဒေသတွေမှာ ဒုက္ခသည်တွေ တောင်ပုံယာပုံဖြစ်သွားတာမို့ အဲဒီက ကလေးတွေရဲ့ ပညာရေးကတော့ တော်တော်ကို အခြေနေ ဆိုးသွားဖို့ ရှိနေပါတယ်။

နေဖို့ စားဖို့တောင် မရှိတော့တဲ့အခါ ပညာရေးရဲ့ အခန်းကဏ္ဍက နောက်ရောက်သွားတာ အဆန်းတော့ မဟုတ်ပါဘူး၊ အဲဒီမုန်တိုင်းဘေးသင့်ဒေသတွေမှာ ရောက်နေတဲ့ ကုလသမဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး UNOCHA ရဲ့ မေလ၁၃ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မူလတန်းကျောင်း ၂၄၀၀လောက် ပျက်စီးသွားခဲ့ပြီး ကလေးပေါင်း ၃သိန်း၆သောင်းလောက် ပညာရေးထိခိုက်မယ်လို့ ခန့်မှန်း ထားပါတယ်၊ တကယ်လည်း အဲဒီမုန်တိုင်းသင့်ဒေသတွေမှာ လာမယ့် ၂၀၀၈-၂၀၀၉ပညာသင်နှစ် ကျောင်း ဖွင့်ချိန်အမီ ကျောင်းတွေ အမြန်ဆုံး ပြန်တည်ထောင်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး၊ အဲဒီကျောင်းတွေနဲ့အတူ ဆရာဆရာမတွေဟာလည်း သေကြေ ပျောက်ဆုံးသွားကြတာ ရှိသလို အဲဒီဆရာဆရာမတွေရဲ့ မိသားစုဝင်တွေပါ မုန်တိုင်းဘေးထိခဲ့တယ်ဆိုရင် အဲဒီ ဆရာဆရာမတွေရဲ့ ဘ၀တွေကို ပြန်လည်ထူထောင် ဖို့လည်း အချိန်ယူရဦးမှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင်လည်း သေချာလေ့ကျင့်ထားတဲ့ လုပ်အားပေး ဆရာ ဆရာမ တွေကို အသုံးပြုနိုင်မှပဲ ကျောင်းတွေ ပြန်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

UNICEF အဖွဲ့ကြီးရဲ့ ဒေသဆိုင်ရာ ပညာရေးအကြံပေး Cliff Meyers ကတော့ ကလေးတွေဟာ သိပ်ကြီးမားတဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ ပူဆွေးသောကတွေကို ရင်ဆိုင်ခဲ့ကြ ရတာမို့လို့ စိတ်ဒဏ်ရာတွေ ရနေကြပါတယ်။ ကလေးတွေကို နဂို အခြေအနေ ရောက်အောင် သေချာ ပြုစုဖေးမဖို့အတွက် ကျောင်းတွေက လုပ်ပေးနိုင်တာမို့ ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ကူညီဖို့ အမှန်တကယ် လိုအပ်တယ်.. လို့ ပြောပါတယ်၊ အဲသလိုပဲ ဘန်ကောက်မှာ ရုံးထိုင်တဲ့ UNICEF က Richard Bridle ကလည်း ကလေးတွေအတွက် ပုံမှန်ကလေးဘ၀ ကို ပြန်ရပြီး ကြီးပြင်းသွားစေဖို့အတွက် ကျောင်းတွေကသာ အကောင်းဆုံး နေရာဖြစ်ပါတယ်လို့ ပြောပါတယ်။၊

တကယ်တော့ မုန်တိုင်းသင့်ကလေးတွေရဲ့ ဘ၀တွေပြန်လည်ထူထောင်ရေးအတွက် အပူတပြင်းလိုအပ်နေတဲ့ အဆင့်မီကျောင်းမျိုးတွေ အမြန်ဆုံးပြန်ထူထောင်ဖိုဏ္ဍဆိုတာ မြန်မာနိုင်ငံလို ပြည်သူလူထုက ဆင်းရဲပြီး အုပ်ချုပ်သူအစိုးရက ပညာရေးကို ဂျီဒီပီရဲ့ ၁ရာခိုင်နှုန်းသာသုံးတဲ့ တိုင်းပြည်မျိုးမှာတော့ မဖြစ်နိုင်လှပါဘူး၊ အထူးသဖြင့် သဘာဝ ဘေးဒဏ်ထိသူတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အရေးတကြီးလိုအပ်တဲ့ အစားအသောက် ဆေးဝါး အမိုးအကာ စတာတွေကိုတောင် ခုထိ လူထုလက်ထဲရောက် အောင် မပေးတဲ့ အစိုးရမျိုးရဲ့ လက်ထဲမှာမို့ ပိုပြီးတော့တောင် မဖြစ်နိုင်ပါသေးတယ်၊ သူတို့ရဲ့ ထုံးစံအတိုင်း ကမ္ဘာကို လိမ်ညာဖို့ မဖြစ်ဖြစ်အောင် ကျောင်းတွေ ဖွင့်တယ်ဆိုရင်လည်း အဲဒီကျောင်းတွေဟာ ကျောင်းအဂါင်္ရပ်နဲ့ လုံးလုံး မညီတဲ့ ကျောင်းတွေသာ ဖြစ်မှာပါ။

မြန်မာပြည်အတွင်းမှာ ကလေးပညာရေး။ ကျန်းမာရေးတွေအတွက် နဂိုတည်းက ၀င်ပြီးကူ လက်စရှိတဲ့ Save the Children နဲ့ UNICEFတို့ကတော့ မုန်တိုင်းသင့်ကလေးတွေရဲ့ ပညာရေးအတွက် အတတ်နိုင်ဆုံးကူမယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ စစ်အစိုးရရဲ့ တားဆီးပိတ်ပင်မှု၊ ကန့်သတ်မှုတွေနဲ့ ကြားဖြတ်အလွဲသုံးစားလုပ်မှု တွေရဲ့အောက်မှာ ဘယ်လောက် ထိရောက်အောင် ကူနိုင်မလဲဆိုတာကတော့ ခုချိန်မှာ ကြီးမားတဲ့ စိန်ခေါ်ချက် တရပ်ပဲ ဖြစ်ပါတယ်။

အဲဒီအပြင် UNICEF ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Anne-Claire Dufay ကလည်း ကလေးတွေသာ လုံခြုံစိတ်ချရတဲ့ နေစရာအိပ်စရာ မရနိုင်ဘူးဆိုရင် မိဘမဲ့ကလေးတွေ ဆင်းရဲငတ်မွတ်နေတဲ့ ကလေးတွေ အတွက် မုန်တိုင်းဘေးဒဏ်ရဲ့ နောက်ဆက်တွဲပြဿနာ တွေ ဖြစ်တဲ့ လူကုန်ကူးခံရနိုင်တဲ့ ပြဿနာ။ အဓမ္မ လုပ်အားပေး စေခိုင်းခံရမယ့် ပြဿနာနဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်အဖျက်ဆီးခံရတတ်တဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်လို့ သတိပေးထားပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံမှာကတော့ ယောကျာ်းလေးတွေဟာ စစ်သားစုဆောင်းရေးက အဓမ္မခေါ်ဆောင်တာမျိုးကိုလည်း ခံရနိုင်ပါသေးတယ်၊ တကယ်လို့ ကလေးတွေကိုသာ စနစ်တကျရှိတဲ့ စာသင်ခန်းတွေထဲ အမြန်ဆုံး ပို့နိုင်မယ်ဆိုရင်တော့ ကလေးတွေဆီမှာ ချင့်ချိန်နိုင်စွမ်းအားတွေ။ စဉ်းစားခုခံနိုင်စွမ်းတွေ ရှိလာအောင် လေ့ကျင့် ပေးနိုင်မှာဖြစ်ပါတယ်။

ကလေးတွေကို စာသင်ခန်းတွေထဲ ပြန်ပို့တဲ့အခါမှာ ကလေးတွေဟာ ကဗျာတွေ သီချင်းတွေ ဆိုရင်း.. ပန်းချီတွေ ဆွဲရင်း.. သူငယ်ချင်းတွေနဲ့ အတူတူကစားရင်း။ စိတ်ဝင်စားစရာ သင်ခန်းစာတွေ လေ့လာသင်ယူရင်းနဲ့ သူတို့ရဲ့ စိတ်ဆင်းရဲစရာကောင်းလှတဲ့ မုန်တိုင်း ကာလကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားအောင် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်၊ အဲဒီအတွက် စနစ်တကျ လေ့ကျင့်ထားပြီး အတွေ့အကြုံရှိတဲ့ စေတနာရှိတဲ့ ဆရာဆရာမတွေနဲ့အတူ သင်ကြားမှုအထောက်အကူပစ္စည်းတွေ လိုအပ်ပါတယ်၊ ၂၀၀၄ခုနှစ် ဒီဇင်ဘာ၂၆ရက်တုန်းက ဆူနာမီငလျင် ဘေးကြောင့် ရွာပေါင်း ၄၇ရွာ ပျက်စီးခဲ့ပြီးတော့ လူခြောက်ထောင်ကျော် သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာဆိုရင် နိုင်ငံတကာက လုပ်အားပေး Volunteer ဆရာဆရာမတွေ ရောက်လာပြီး စာသင်ခန်း တွေမှာ ကူခဲ့ကြတာ ခုချိန်ထိအောင်ပါပဲ၊ အဲဒီအတွက် ထိုင်းအစိုးရဘက်ကလည်း အများကြီး လမ်းဖွင့်ထားပြီး လိုအပ်တာတွေ ကူညီပေးပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးမှာ နိုင်ငံတကာအကူအညီနဲ့ အစိုးရရဲ့ အတူတကွ ပံ့ပိုးကူညီပေးမှုက သိပ် အရေးပါပါတယ်၊ ပြင်ပက ကျွမ်းကျင်တဲ့ အကူအညီတွေကို ကိုယ့်နိုင်ငံရဲ့ အနေအထားနဲ့ လိုအပ်ချက် တွေကို သိတဲ့ အစိုးရတရပ်က ၀ိုင်းဝန်း ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ ပြည်သူလူထုရဲ့ စားဝတ်နေရေး နဲ့ ကျန်းမာရေး လိုအပ်ချက်တွေအပြင် ပညာရေးလိုအပ်ချက်ကိုပါ တပြိုင်တည်း ကိုင်တွယ် ထူထောင်ရမှာပါ၊ ဒါမှပဲ နိုင်ငံအတွက် လိုအပ်တဲ့ လူ့စွမ်းအားရင်းမြစ်တွေကို တပါတည်း ပြုစု မွေးမြူရာရောက်မှာ ဖြစ်ပါတယ်၊ ဒါမှပဲ သဘာဝဘေးဒဏ်ကြောင့် နာလန်ထူဖို့မလွယ်တဲ့ ဒေသတခုရဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေနဲ့ လူတန်းစေ့ဘ၀တွေအဖြစ် သေသေချာချာ ပြန်ပြီး ထူထောင်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေကို ပျက်စီးသွားတဲ့ ကျောင်းတွေပြင်ဆောက်ရမယ်လို့ အမိန့်ပေးထားပါတယ်၊ တကယ်တော့ ခုချိန်မှာ အဲဒီလုပ်ငန်းရှင်တွေကိုယ်တိုင် မုန်တိုင်းနောက်ဆက်တွဲဒုက္ခအမျိုးမျိုးကို ရင်ဆိုင် နေကြရတာပါ၊ ဒီတော့ သူတို့အနေနဲ့ ဘယ်လောက်များများ စိုက်ထုတ်လုပ်ပေးနိုင်မှာပါလဲ…. ကျောင်းတကျောင်း မဆိုထားနဲ့၊ စာသင်ခန်းတခန်းပီသဖို့ ဘယ်လောက် လုပ်နိုင်မှာပါလဲ… ပြီးတော့ လိုအပ်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကိုရော ဘယ်လို ဖြည့်ဆည်းမှာပါလဲ… ဒါဟာလည်း မုန်တိုင်းသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးမှာ အဓိကကျတဲ့ ပြဿနာတရပ်ဖြစ်တယ်ဆိုတာကို ဆွေးနွေး တင်ပြလိုက်ရပါတယ်။
(၁၉၊၅၊၀၈)

Sunday, May 11, 2008

ပညာရေးနဲ့ သဘာဝဘေး

မြန်မာနိုင်ငံရဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေမှာ ဘယ်တုန်းကမှ မျော်လင့်မထားခဲ့တဲ့ သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတာမို့ ခုဆိုရင် ပြန်လည်ထူထောင်ရေး အတွက် ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်သူတွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ တကိုယ်ရည်ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ နည်းပါးခဲ့ကြရတာမို့ ခုလို အချိန်အခါမျိုးမှာ ပိုပြီး ဒုက္ခရောက်ကြရတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံက ပြည်သူလူထုအများစုဟာ ပညာရေးစနစ်က ဘ၀ရပ်တည်ရေး အသက်မွေးဝမ်းကျောင်းဖို့ အတွက် လုံလောက်တဲ့ အာမခံချက်မရှိတဲ့အပြင် စီးပွားရေးကျပ်တည်းမှုတွေ ကြောင့် ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရကြတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံက ပညာရေးဟာ တကယ့်လက်တွေ့ဘ၀အတွက် အသုံးဝင်တဲ့ ပညာရပ်တွေ ဗဟုသုတတွေ မပါတာကြောင့်လည်း ပြည်သူလူထု ဟာ လက်တွေ့ဘ၀ထဲမှာ မကြုံသင့်တဲ့ အခက်အခဲတွေ.. ပြဿနာတွေ.. အဆုံးရှုံးတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် ခုရင်ဆိုင်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းပြဿနာမှာ မုန်တိုင်းလာနိုင်တယ် ဆိုတာကို ကြိုသိပေမဲ့ မုန်တိုင်းက ဘယ်လောက်ပြင်းထန်မလဲ.. မုန်တိုင်းကို ဘယ်လို ရင်ဆိုင်ရမလဲ.. မုန်တိုင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေအတွက် ဘာတွေပြင်ဆင် ထားရမလဲ.. ဆိုတာတွေကို မသိကြလို့ ပိုပြီး ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ကြရတာလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဒီနေရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို လိုက်ပြီး ပညာပေးတာတွေ သတိပေး တာတွေလုပ်ရမှာက နိုင်ငံအုပ်ချုပ်သူတွေရဲ့ တာဝန်ပါ။

တကယ်ကတော့ နိုင်ငံတကာကျောင်းပညာရေးတွေထဲမှာက သူတို့နိုင်ငံတွေရဲ့ ရာသီသဘာဝ ပထ၀ီဝင် ရေမြေအနေအထားနဲ့ လိုအပ်ချက်တွေအလိုက် ကျောင်းသားတွေအတွက် သိသင့်သိထိုက်တဲ့ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတတွေ၊ သဘာ၀၀န်းကျင်ဆိုင်ရာ ဗဟုသုတတွေ၊ ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်အကြောင်း တွေနဲ့ ကာကွယ်ပုံ ရင်ဆိုင်ပုံတွေကို ပြဌာန်းသင်ကြားပေးထားတာပါ၊ ဥပမာ- မြစ်နား ချောင်းနား ပင်လယ်နား နီးဒေသတွေမှာ နေတဲ့သူတွေအတွက် ကျန်းမာရေးအရလိုအပ်ချက်တွေက ဘာလဲ.. အဲဒီ လိုအပ်ချက်အရ ဘယ်လိုအစားအစာတွေကို စားမလဲ.. ဘယ်လိုနေထိုင်မလဲဆိုတာတွေ၊ တကယ်လို့ တောင်တန်းဒေသမှာ နေတဲ့သူတွေဆိုရင်လည်း အဲဒီ တောင်တန်းဒေသ၀န်းကျင်အရ လိုအပ်ချက်တွေကို အတန်းအလိုက် သင်ခန်းစာတွေအဖြစ် ပြဌာန်းသင်ကြား ပေးတာမျိုးပါ။ အဲဒီအပြင် ကလေးတိုင်းအတွက် လိုအပ်ချက်အဖြစ် ရေကူးတတ်အောင် သင်ရတာမျိုးတွေ၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းတခုခု သင်ရတာမျိုးတွေ၊ အများဆုံး စားသောက်နေရတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ကယ်လိုရီနဲ့ ဓါတ်သဘာဝ အကြောင်းတွေ၊ အခြေခံ သူနာပြုစုနည်းသင်ရတာမျိုးတွေလည်း ရှိပါတယ်။

တကယ်တော့လည်း ပညာရေးဆိုတာကိုက စာသင်သားတွေ လက်တွေ့ဘ၀ထဲမှာ အသုံးချနိုင်တဲ့ ပညာရပ်မျိုးတွေကိုသာ ပေးရမှာပါ။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပညာရေးပညာရှင် K.G. Sai Yi Dain က "ပညာရေးဆိုတာဟာ ဒီမိုကရေစီလူမှုဘ၀အတွက် လိုအပ်တဲ့ အရည်အသွေးတွေကို စာသင်သားတွေရနိုင်စေဖို့ ပြင်ဆင်ရေးဆွဲထားတာပဲ ဖြစ်ရမယ်"လို့ ပြောခဲ့တာလည်း ရှိပါတယ်။

ခု မြန်မာနိုင်ငံမှာကတော့ အဲသလို ဘ၀တသက်တာလုံးအတွက် ရည်ရွယ်တဲ့ ပညာရေးမျိုးမှာ တကယ်အသုံးဝင် စနစ်ကျတဲ့ သင်ခန်းစာတွေ မပါဝင်ရုံသာ မကတော့ပါဘူး။ လက်ရှိ အချိန်အခါမှာ ပြည်သူလူထုအတွက် တကယ်အရေးတကြီး လိုအပ် လာတဲ့ ပညာ ပေးဖို့ကို တောင် အာဏာပိုင်တွေဘက်က တာဝန်မကျေခဲ့ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်သူလူထု အများစုက ပညာဗဟုသုတအရာမှာ အားနည်းကြတဲ့အတွက် လိုအပ်တဲ့ ပညာပေးမှုတွေကို အစိုးရပိုင်းက သေချာလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ၀င်ရောက်နိုင်တယ် ဆိုတာကို ကြိုတင်သတိပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက ပြောပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာက မုန်တိုင်းက အားမကြီးလှဘဲ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမယ်၊ လေတိုက်နှုန်းက တနာရီမိုင်၄၀-၄၅မိုင်လောက်ပဲ ရှိမယ်ဆိုတာ လောက်ပဲ ကြေငြာထားခဲ့တာပါ။

တကယ်တော့ ဒီနေရာမှာ မုန်တိုင်းက ဘယ်လောက်အားကြီးမလဲ..၊ ဘယ်လိုနေရာကို အဓိက ၀င်ရောက်နိုင်သလဲ.. မုန်တိုင်းအများဆုံး ထိနိုင်တာ ဘယ်ဒေသလဲ.. မုန်တိုင်းကို ကာကွယ်လို့ မရနိုင်တဲ့အတွက် ရှောင်ရှားဖို့ ဘယ်လိုပြင်ဆင်သင့်သလဲ.. မုန်တိုင်းကျပြီး နောက်ပိုင်းမှာ ဖြစ်တတ်တဲ့ အခက်အခဲပြဿနာတွေက ဘာတွေလဲ.. အဲဒီအခက်အခဲတွေကို ကျော်လွှားဖို့ ဘာတွေ ပြင်ဆင် ထားမလဲ.. ဆိုတာတွေကို ပြည်သူလူထုသိအောင် အချိန်တိုင်းမှာ ပညာပေးလှုံ့ဆော်နေရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရေဒီယို ရုပ်မြင်သံကြားတွေအပြင် နယ်မြေအလိုက် အုပ်ချုပ်သူအာဏာပိုင်တွေက အသီးသီး တာဝန်ယူပြီး အကြိမ်ကြိမ် သတိပေးနေရမှာဖြစ်ပါတယ်။ ခုတော့ မြန်မာပြည်သူလူထုဟာ မုန်တိုင်းဒဏ်ကို ဒီအတိုင်းပဲ ခေါင်းငုံ့ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ မလိုအပ်ဘဲ အသေအပျောက် များခဲ့ရတာလို့ ဆိုနိုင်ပါတယ်။

တကယ်တော့ ဧရာဝတီတိုင်းဟိုင်းကြီးကျွန်းလို ပင်လယ်ပြင်နဲ့ထိစပ်နေတဲ့အတွက် သေချာပေါက် အန္တရာယ် ရှိနိုင်တဲ့ ဒေသမျိုးတွေမှာဆိုရင် မုန်တိုင်းမလာခင်ကတည်းက မုန်တိုင်းနဲ့ ဝေးနိုင်တဲ့ နေရာဒေသတွေဆီ ရှောင်နေသင့်ပါတယ်။ ပြီးတော့ မုန်တိုင်းထိနိုင်ချေရှိတဲ့ ဒေသတွေမှာ မုန်တိုင်းအပြီးမှာ ကြုံရတတ်တဲ့ သောက်သုံးရေနဲ့ စားသောက်ကုန် ပြဿနာအတွက် ကြိုတင်ပြီး စုဆောင်းထားတာမျိုး လုပ်ရပါမယ်။ အဲဒီအပြင် လိုအပ်နိုင်တဲ့ အ၀တ်အထည်ဆေးဝါးတွေကို ကြိုတင်ရှာဖွေစုဆောင်းထားရပါမယ်။ အဲဒီ လိုအပ်ချက်တွေကို အစိုးရတွေက ပညာပေးလှုံ့ဆော်ထားရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျရောက်လာတဲ့ သဘာဝ ဘေးဒဏ်ကို ရင်ဆိုင်ရတဲ့အခါ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေ၊ နောက်ဆက်တွဲ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကနေ သက်သာရာ ရ နိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ အင်မတန်ကြီးမားတဲ့ ဘေးဥပါဒ်မျိုး ကြုံတွေ့ထားရ ပေမဲ့လည်း လက်ရှိ မြန်မာအာဏာပိုင်တွေကတော့ သူတို့ရဲ့အုပ်ချုပ်မှုကို တရားဝင် အတည်ပြုပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် လူထုဆန္ဒခံယူပွဲကို မေလ၁၀ရက် နေ့မှာ မဖြစ်မနေ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ သူတို့ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေရဲ့ အခြေခံမူများအခန်းမှာတော့ နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရမည်.. လို့ ဖော်ပြထားတာပါပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ ပြည်သူလူထုကို သဘာဝဘေးဒဏ်နဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် အကာအကွယ်မပေးခဲ့တဲ့အပြင် လက်ရှိရင်ဆိုင်နေရပြီဖြစ်တဲ့ မုန်တိုင်း ဒဏ်ရဲ့ နောက်ဆက်တွဲ အခက်အခဲတွေ ဒုက္ခတွေကိုလည်း ခုချိန်ထိ ကူညီဖြေရှင်း မပေးသေးပါဘူး။

ဒါကြောင့်ပဲ အဲသလို ပြည်သူလူထုရဲ့ အသိပညာပေးရေးနဲ့ ကျန်းမာရေးကိစ္စတွေအပေါ် လျစ်လျူရှုထားတဲ့ အစိုးရမျိုးကို တည်မြဲအောင် လုပ်ပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမလား ကန့်ကွက်မလား ဆိုတာဟာ ပြည်သူလူထုကြီးအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် အခြေအနေပဲ ဖြစ်ပါတယ်။

၆၊၅၊၀၈။

Sunday, April 27, 2008

အပြောနဲ့အလုပ်ညီဖို့လိုတဲ့ နအဖရဲ့Constituion

မြန်မာနိုင်ငံကို တရားမ၀င် အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း-၂၀၀၈ ထဲက ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မူကြမ်းလေးချက်ကို ပြီးခဲ့တဲ့ အပတ်တွေမှာ ပြောပြခဲ့ပြီးပါပြီ။ အဲဒီအချက်လေးချက်ထဲက အချက်သုံးချက်နဲ့ ပတ်သက် လို့လည်း ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ အချက်လေးချက်ထဲက နောက်ဆုံးတချက်ဖြစ်တဲ့ "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်"... ဆိုတဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။

တကယ်တော့ အဲဒီနေရာမှာ အရေးတကြီး ပါဝင်သင့်တာက ရှေ့ပိုင်းအပတ်စဉ်တွေမှာ ပြောခဲ့သလိုပဲ ပညာရေး လွတ်လပ်ခွင့်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ငင်း ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လက်ရှိ အုပ်ချုပ် နေတဲ့ စစ်အစိုးရက သူတို့ရေးဆွဲ ချမှတ်ထားတဲ့ မူကို သူတို့ကိုယ်တိုင်ကတောင် လိုက်နာကျင့်ကြံမှုမရှိတဲ့ ပြဿနာပါ။ အဲဒီအပြင် အာဏာပိုင်တွေကိုယ်တိုင်က ဥပဒေပြင်ပရောက်နေပြီး လိမ်လည်မှုတွေနဲ့ အုပ်ချုပ်နေတဲ့အတွက် အာဏာပိုင်တွေနဲ့ ထိစပ်ပတ်သက်နေရတဲ့ ယန္တယားကြီးတခုလုံးကပါ အမှားအယွင်း တွေ... အကျင့်စာရိတ္တ ထိခိုက်တာတွေ... အများကြီးရှိလာတာပါပဲ။

အဲဒီ အကျင့်စာရိတ္တ ယိုယွင်းထိခိုက်လာတယ်ဆိုတာကို ပညာရေးလောကတခုတည်းမှာ ကြည့်ရင်တောင် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အာဏာပိုင်တွေရဲ့ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် ဆရာဆရာမတွေ အပါအ၀င် ၀န်ထမ်းတိုင်းလိုလိုဟာ သူတို့ရဲ့ စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဂတိ လိုက်စားလာရတာ၊ လာဘ်စားလာတာ၊ အနည်းဆုံးတော့ တရားမ၀င် ကျူရှင်ပြရတာတွေဟာ အကျင့်စာရိတ္တ ထိခိုက်လာစေရတဲ့ အကြောင်းတွေပါ။

အဲဒီအပြင် ကျောင်းသားတွေဘက်ကို ကြည့်ရင်လည်း အထူးသဖြင့် တက္ကသိုလ်ပညာရေးထဲမှာက ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက စပြီး ပညာသင်နှစ်တနှစ်စာကို ခြောက်လပဲ သတ်မှတ်ပြီး သင်ရိုးတွေကိုတော့ လျော့ချမပေးတာမို့ ကျောင်းသားတွေစာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။ အဲဒါကြောင့်ပဲ တက္ကသိုလ်ပညာရေးထဲမှာတောင် ကျူရှင်စနစ်ထွန်းကားလာတာပါ။ အဲဒီကမှတဆင့် စာမေးပွဲမှာ စာခိုးချဖြေတဲ့ ပြဿနာတွေ၊ မေးခွန်းရောင်းတဲ့ ပြဿနာတွေဖြစ်လာရာက ပညာရေးလောကထဲမှာ အကျင့်စာရိတ္တ ထိခိုက်လာတာပါ။ အဲဒီအပြင် စာမေးပွဲကို မရိုးမသားဖြေဆိုတဲ့ ကျောင်းသားတွေကို အရေးမယူရဘူးလို့ ဆရာဆရာမတွေကို တားမြစ်တာမျိုးတွေဟာ အာဏာပိုင်တွေ ကိုယ်တိုင်က အကျင့်စာရိတ္တမကောင်းတဲ့ မျိုးဆက်ကို မွေးထုတ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီအကျင့်စာရိတ္တပြဿနာ ပြေလည် ပပျောက် သွားဖို့ဆိုတာက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့ အာဏာပိုင်အစိုးရရဲ့ အရည်အသွေးနဲ့ စေတနာရှိမှုအပေါ်မှာသာ လုံးလုံးမူတည်နေတာပါ။

ဒါကြောင့် "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်".. ဆိုတဲ့ လက်ရှိ တရားမ၀င် အုပ်ချုပ် နေတဲ့အပြင် သူတို့လက်ထက်မှာ နိုင်ငံကို အဘက်ဘက်က ယိုယွင်းကျဆင်းသွားအောင် လုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အာမခံမှုက အပြောနဲ့အလုပ်မညီတဲ့ စာရွက်ပေါ်က အာမခံမှုသက်သက်သာ ဖြစ်နေပါတယ်။ နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဆိုတာမှာလည်း ကျောင်းသားတွေ ခေတ်မီပညာရေးကို တကယ်ရဖို့အတွက် လွတ်လပ်ပွင့်လင်းတဲ့ လေ့လာမှု၊ တီထွင်ဖန်တီးမှု၊ တွေးခေါ် မြော်မြင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုတွေ လိုပါတယ်။ ဒါမှပဲ တကယ့် မျက်မှောက်ခေတ်ကမ္ဘာနဲ့အညီ လိုက်မီ ရင်ပေါင်တန်းနိုင်တဲ့ အတတ်ပညာမျိုးကို ရနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ ဘက်စုံအတွေးအခေါ်မှန်ကန်ဖို့ဆိုတာဟာ ပညာရေးစနစ်တရပ်ရဲ့ သင်ရိုးညွှန်းတန်း ခေတ်မီလွတ်လပ်ဖို့၊ သင်ကြားရေးစနစ် ခေတ်မီလွတ်လပ်ဖို့၊ ကမ္ဘာ့အဆင့်မီ စာအုပ်စာတန်းတွေ ဖတ်ရှုနိုင်ခွင့်ရဖို့ဆိုတာတွေက အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစစ်အစိုးရရဲ့ လက်ထက်ဖြစ်တဲ့ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကနေစပြီး အကောင်အထည်ဖော်ဖို့ ရေးဆွဲခဲ့တဲ့ 'အမျိုးသားပညာရည်မြင့်မားမှု အထူးလေးနှစ်စီမံကိန်း' မှာဆိုရင် ပညာရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်(၂၁)ခုဆိုပြီး သေသေချာချာ ရေးဆွဲထားခဲ့ပြီး တရားဝင်ကြေငြာထားခဲ့တာပါ။

အဲဒီအချက်တွေထဲမှာဆိုရင်

၁။ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ရိုးညွှန်းတန်းများကို ပြန်လည်သုံးသပ်ပြီး အရှေ့တောင် အာရှရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပညာရည်အဆင့်ထက် မနိမ့်ကျစေရန်ကမ္ဘာ့အဆင့်မီ ဖြစ်ရေးအတွက် ဖြည့်စွက် ရေးသားခြင်း၊ ဘာသာရပ် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ ပေါင်းစပ်ဘာသာရပ်(Multidisciplinary Program) များ သင်ကြားရေး အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း၊

၂။ သင်ရိုးညွှန်းတန်းနှင့်အညီ ပြန်လည်ဆန်းသစ်သည့်စနစ်(Assessment System)ကို နိုင်ငံတကာနည်း စနစ်အတိုင်း ဆောင်ရွက်ခြင်း၊

၃။ သင်ရိုးညွှန်းတန်း၊ သင်နည်းပြနှင့် ပြန်လည်ဆန်းစစ်ခြင်း ကဏ္ဍအသီးသီးသည် လေ့လာသင်ယူသူ၏ ပင်ကိုယ်အရည်အသွေးနှင့် တီထွင်ကြံဆမှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ် တတ်မှု နှင့် ခေတ်မီနည်းပညာများကို ခြုံငုံအသုံးပြုတတ်မှု စသည်တို့ကို အလေးပေးနိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ခြင်း၊ ရင့်ကျက်မှု (Maturity)ကို တည်ဆောက်ပေးမည့်စနစ် ဖြစ်လာစေရန် ဆောင်ရွက်ခြင်း၊ .... ဆိုတဲ့ အချက်မျိုးတွေ အာမခံမှု မျိုး တွေနဲ့ ကမ္ဘာသိ ကြေငြာခဲ့တာပါပဲ။

ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ ကျောင်းသားတွေဟာ သင်ထောက်ကူပစ္စည်း မစုံမလင်နဲ့၊ လက်တွေ့ အသုံးဝင်မှုမရှိတဲ့ ဘာသာရပ်တွေကို ငွေကုန်ကြေးကျ အများကြီးခံ သင်ကြားနေကြရပြီး တကယ်တမ်း တတ်မြောက်မှုလည်း မရှိကြတာကြောင့် လက်တွေ့ အလုပ်ခွင်တွေမှာ အဆင်မပြေဖြစ်နေကြရတဲ့ ဆိုးကျိုးကို ခံစားနေကြရတာဟာ ခုချိန်အထိပါပဲ။ ပညာရေး အခြေနေဟာ နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ တပါတည်း ပိုပြီးတော့တောင် ယိုယွင်း ကျဆင်းလာတယ် လို့ ဆိုရမှာဖြစ်ပါတယ်။

ကိုယ့်နိုင်ငံကို ရေရှည်အုပ်ချုပ်မယ့် အစိုးရကို ပြည်သူလူထုကသာ ရွေးချယ် တင်မြှောက်ခွင့် ရရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ဒီမိုကရေစီနိုင်ငံပီသမှာပါ။ ဒါမှပဲ နိုင်ငံရဲ့ အခြေခံအုတ်မြစ် လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေး စနစ်ကို အကောင်အထည် ဖော်နိုင်မှာပါ။ တကယ်တော့ နိုင်ငံတနိုင်ငံအနေနဲ့ အစိုးရကောင်းတရပ်ကို ရဖို့ဆိုတာဟာ လူထုသဘောကျ ရေးဆွဲပြဌာန်းတဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့ အစိုးရဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို အလေးမထားဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မှသာ ပြည်သူလူထုအနေနဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါမှပဲ နောင်လာနောင်သား မျိုးဆက်သစ်တွေဟာလည်း ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ထိတွေ့သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။

၇၊၄၊၂၀၀၈။

Tuesday, April 22, 2008

တကယ်လိုအပ်တဲ့ ပညာရေးနဲ့ နအဖရဲ့အခြေခံဥပဒေ

နိုင်ငံတနိုင်ငံရဲ့ ပညာရေးကဏ္ဍ တိုးတက်မှုဖြစ်စဉ်ကို ပြောမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ အုပ်ချုပ်သူအစိုးရရဲ့ အခန်းကဏ္ဍအပေါ် အများကြီး မူတည်နေ တာမို့လို့ ဒါတွေကို ထည့်မပြောလို့ မရပါဘူး။ နိုင်ငံရဲ့ ပညာရေးတိုးတက်ဖို့ဆိုတာ အုပ်ချုပ်သူအစိုးရရဲ့ အရည်အသွေးနဲ့ စေတနာအပေါ် အများကြီး မူတည်ပါတယ်။ ဒါဖြင့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအစိုးရမျိုးကို လိုအပ်နေပါသလဲ....။

မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ ဒီမိုကရေစီ ရှာပုံတော်ဆိုတဲ့ စာတမ်းထဲမှာ

ပြည်သူလူထုကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟူသည့် အေးမြသော အရိပ်အာဝါသ ပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြ၀ါဒများကို လိုက်နာရမည်ဖြစ်ပါသည်။ ယင်းသြ၀ါဒများထဲတွင် သစ္စာတရားရှိခြင်း၊ တရားဓမ္မ စောင့်စည်းခြင်းနှင့် ကရုဏာထားခြင်းတို့သည် အဓိက ဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများပေါ်တွင် အခြေပြုသောအစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သား တို့က ဒီမိုကရေစီတိုက်ပွဲဝင်နေခြင်း ဖြစ်ပါသည်။
လို့ ရေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိစစ်အစိုးရဟာ ဗုဒ္ဓဘာသာကို ဗန်းပြပြီး အုပ်ချုပ်တဲ့ အာဏာပိုင်တွေဖြစ်တာမို့ ဗုဒ္ဓဘာသာအဆိုအမိန့်ကို စံပြုကိုးကားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အုပ်ချုပ်သူအစိုးရတွေအနေနဲ့ တရားမျတမှန်ကန်မှုရှိတဲ့သူတွေ ဖြစ်ရမယ် ဆိုတာကတော့ ဘာသာရေးတိုင်းရဲ့ တရားကိုယ်သဘောတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ဖော်ပြပါစံနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ လက်ရှိစစ်အစိုးရဟာ ပြည်သူများက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်မှာကတည်းက တရားမျတ မှုမရှိတဲ့ အချက်နဲ့ ငြိစွန်းနေပြီဖြစ်ပါတယ်။ ပြီးတော့ ပြည်သူလူထုအပေါ် ကရုဏာထားပြီး အကျိုး ရှိရာရှိကြောင်း ကို ဆောင်ရွက်မပေးတာကြောင့်ပဲ ခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကြီးဟာ ဘက်ပေါင်းစုံမှာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ သက်သေပါပဲ။ အဲဒီလို အစိုးရမျိုးဟာ ပြည်သူလူထုရဲ့ ဘ၀တွေကို အေးချမ်းလုံခြုံအောင် လုပ်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။

ဗုဒ္ဓဘာသာကို ကိုးကွယ်ယောင်ပြပြီး သံဃာထုကိုတောင် ဖမ်းဆီးသတ်ဖြတ်တဲ့ အစိုးရမျိုးဟာ သာမန် ပြည်သူ လူထုတွေအတွက် ဘယ်လိုအာမခံချက်မျိုးကိုပဲပေးပေး စိတ်ချ ယုံကြည်စရာ မဟုတ်နိုင်တော့ ပါဘူး။ အဲဒီအပြင် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း၊ ကူညီဖေးမခြင်းမရှိတဲ့အပြင် တရားဥပဒေကို လေးစား လိုက်နာခြင်းလည်းမရှိတဲ့ အဲဒီ အစိုးရ က သူတို့စိတ်ကြိုက်ဖန်တီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို နည်းမျိုးစုံသုံးပြီး အတည်ပြုဖို့ ကြိုးစားနေတာဟာ ခုချိန်မှာတော့ ပြည်သူလူထုကြီးရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးပြဿနာတခုပဲ ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လက်ရှိ အာဏာရှင်စစ်အစိုးရရဲ့ အာဏာတည်မြဲရေးကို အားပေးအတည်ပြုပေးမယ့် ဥပဒေ ဖြစ်နေတာပါပဲ။

ပြီးခဲ့တဲ့ အပတ်စဉ်တွေမှာတုန်းက အခုလာမယ့်မေလမှာ ဆန္ဒခံယူပွဲလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပါတဲ့ ပညာရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဖော်ပြထားတဲ့ အချက်၎ချက်ကို ပြောပြပြီး အချက်၂ချက်ကို ဆွေးနွေး ခဲ့ပြီးပါပြီ။ ဒီတပတ်မှာ နောက်ထပ်အချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောပြချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့်စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ တတိယ အချက်အနေနဲ့ ဖော်ပြထားတာက နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြား စေရန် ပြဌာန်းပေးရမည်... လို့ ပါပါတယ်။

ဒါဟာ မူအရတော့ ပြည့်စုံတဲ့ ပါရှိချက်ပါပဲ။ တကယ်တော့ အခမဲ့ မသင်မနေရ မူလတန်းစနစ် Free Education ဆိုတာက အဆန်းတကြယ်မဟုတ်ပါဘူး။ နိုင်ငံတကာပညာရေးမူတွေမှာ ဆိုရင် မူလတန်းတောင်မဟုတ်ဘဲ အခြေခံပညာအဆင့် အထက်တန်းအထိကို အခမဲ့ ပညာရေးစနစ်ပါ။ နိုင်ငံတကာမှာ မဖြစ်မနေ အကောင် အထည်ဖော်နေတဲ့ ပညာရေးမူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေကတော့ ရေးဆွဲပြဌာန်းတဲ့ မူသာရှိပြီး အဲဒီမူကို သူတို့ကိုယ်တိုင် လက်တွေ့လိုက်နာ အကောင်အထည်ဖော်မှုမျိုး မရှိတာဘဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ အများကြီး ဖြစ်နေတာပါ။

၂၀၀၅-၂၀၀၆အတွက် ထုတ်ပြန်ထားတဲ့ ယူနက်စကိုအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေး တွေရဲ့ ၄၅% က မူလတန်းကျောင်းကိုတောင် မတက်နိုင်ဘူးလို့ ပါပါတယ်။ အခု ၂၀၀၆-၂၀၀၇ခုနှစ်တွေမှာဆိုရင်တော့ ကျောင်းမနေနိုင်ဘဲ ၀မ်းရေးအတွက် အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေတောင် ပိုများလာနေပါပြီ။ ဒါကြောင့် ကလေးအားလုံး တန်းတူ ပညာသင်နိုင်ရေးအတွက် အခမဲ့ပညာရေးကို နိုင်ငံတကာနည်းတူ အကောင်အထည်ဖော်ဖို့ ဆိုတာ မြန်မာနိုင်ငံအနေနဲ့ နောက်တောင်ကျနေပြီးဖြစ်ပါတယ်။

အဲဒီလိုပဲ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြား စေရန် ပြဌာန်းပေးရမည်... ဆိုတာမှာလည်း တကယ့် လက်ရှိ အနေအထားမှာကတော့ စစ်အစိုးရဟာ တိုင်းရင်းသားလူမျိုးစုအလိုက် သူတို့ဒေသတွေမှာ အသီးသီး ဖွင့်လှစ်သင်ကြားနေတဲ့ ဘာသာစာပေ ယဉ်ကျေးမှုကျောင်းတွေကို ဖွင့်ခွင့်မပြုပါဘူး။ လူမျိုးစုအလိုက် ကျင်းပတဲ့ ရိုးရာဓလေ့ပွဲလမ်း အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပခွင့် မပေးပါဘူး။ ပိတ်ပင်တားမြစ်ဖမ်းဆီးအရေးယူတာတွေတောင် လုပ်နေတာပါ။ ဒါဟာ စစ်အစိုးရရဲ့ သဘောထားအမှန်လည်းဖြစ်ပါတယ်။ ဒါကြောင့် အဲလို မူနဲ့အလုပ် ကွာဟ ခြားနားလွန်းတဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့ တရားမ၀င်အုပ်ချုပ်နေမှုကို လူထုကြီးက တရားဝင်အုပ်ချုပ်ခွင့်ပေးလိုက်တာ ဖြစ်သွားမှာပါပဲ။

ဒီမိုကရေစီနိုင်ငံတနိုင်ငံ ထူထောင်ရေးမှာ ပညာရေးကဏ္ဍဟာ အဓိကတည်ဆောက်ရမယ့် အခြေခံမဏ္ဍိုင်ကြီးပဲ ဖြစ်ပါတယ်။ ၁၉၆၂နောက်ပိုင်း တပါတီအာဏာရှင်စနစ် လက်အောက်က စပြီး ခု လက်ရှိစစ်အစိုးရရဲ့ လက်ထက်အထိ ၄၅နှစ်ကျော် သက်တမ်းတလျှောက် မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးဆိုးရွားရွား ယိုယွင်း ဆုတ်ယုတ်သွားရတာဟာ ပညာရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မပေးတဲ့အပြင် ပညာရေး လွတ်လပ်ခွင့်ကို ဟန့်တား ပိတ်ဆို့ခံရတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

၁၉၈၈နောက်ပိုင်း တရားမ၀င်စစ်အစိုးရလက်ထက်မှာတော့ ပညာရေးကဏ္ဍဟာ လုံးလုံး ယိုယွင်းသွားအောင် အဖျက်ဆီးခံရတယ်လို့ကို ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲလို ကိုယ့်နိုင်ငံကို ပျက်စီးစေခဲ့တဲ့အစိုးရမျိုးကို ဆက်ပြီး သက်တမ်းရှည်အောင် အတည်ပြု ပေးရာရောက်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မှသာ လွတ်လပ် ပွင့်လင်းပြီး အနာဂတ်အတွက် အာမခံချက်ရှိတဲ့ ပညာရေးမျိုးကို ထူထောင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ပညာရေးကဏ္ဍတိုးတက်မှုအပေါ် တည်မှီနေတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း သေသေ ချာချာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။

၂၄၊၀၃၊၀၈။

Friday, April 18, 2008

ကန့်ကွက်ရမယ့် အခြေခံဥပဒေ

မြန်မာနိုင်ငံရဲ့ ပညာရေးအခြေနေ ဆုတ်ယုတ်ကျဆင်းနေရတဲ့ အဓိကပြဿနာဟာ နိုင်ငံဆင်းရဲလို့မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုတွေကြောင့်သာဖြစ်တယ် ဆိုတာကို ဒီပညာရေးအပတ်စဉ်ကဏ္ဍကနေ အများကြီး ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ အထူးသဖြင့် ၁၉၈၈နောက်ပိုင်း အာဏာသိမ်းအစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ အဘက်ဘက်က ယိုယွင်းဆုတ်ယုတ်သွားမှုနဲ့အတူ ပညာရေးအဆင့်အတန်းကလည်း တရှိန်ထိုးကျဆင်း သွားခဲ့ ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ခုတော့ အဲဒီ အာဏာသိမ်း တရားမ၀င်အစိုးရကပဲ နိုင်ငံတနိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့ပြီး အတည်ပြုပြဌာန်းဖို့လည်း ကြိုးစားပါတော့မယ်။ ဒီနေရာမှာ လက်ရှိ အာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သေသေချာချာ သုံးသပ်ဖို့ လိုလာပါတယ်။ အထူးသဖြင့် နိုင်ငံ တနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတာမို့လို့ အခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲရာမှာ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအာမခံချက်မျိုးတွေ ထည့်သွင်း ရေးဆွဲထားသလဲဆိုတာကို သေသေချာချာ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြဿနာက ပြည်သူတွေရဲကဆန္ဒကို ခံယူရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေ နားလည် အောင် တရားဝင် ချပြ ရှင်းလင်းတာမျိုး ခုချိန်ထိ မလုပ်သေးတာပါပဲ။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက ပညာရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဖော်ပြထား ချက်တွေကို ပြောပြချင်ပါတယ်။


ပြီးခဲ့တဲ့ တပတ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပညာရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာ ပညာသင်ခွင့် ဆိုတာ မပါဝင်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့် စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ
(က) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်မည်။
(ခ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင် ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်း ဆောင်ရွက်မည်။
(ဂ) နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။
(ဃ) နိုင်ငံတော်သည် ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်မည်။
လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံက အာဏာပိုင်တွေရဲ့ ထုံးစံအတိုင်း တင်ပြချက်တွေကတော့ စေ့စေ့စုံစုံ ရှိသလိုပါပဲ။ ရှေ့ပိုင်းဆောင်းပါးတွေမှာ ဆွေးနွေးခဲ့ဖူးပြီးသားဖြစ်တဲ့ ပညာရေး နှစ်ရှည်စီမံကိန်းလိုပါပဲ။ မြန်မာနိုင်ငံမှာက မူတွေချမှတ်ထားတာသာ ရှိပြီး လက်တွေ့ အကောင်အထည် ဖော်မှု မရှိတာကသာ ပြဿနာဖြစ်နေတာပါ။ ဒါကြောင့်ပဲ တချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံး ပညာရေး အဆင့်ကို ရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာ အဆိုးဆုံးအဆင့်ကို ထိုးကျသွားခဲ့ရတာပါပဲ။

ပြီးခဲ့တဲ့ တပတ်မှာ ဆွေးနွေးတင်ပြခဲ့သလိုပဲ "နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်မည်" လို့ ဖော်ပြပေမဲ့ နိုင်ငံတနိုင်ငံရဲ့ ပညာရေး တိုးတက်ခေတ်မီဖို့အတွက် တကယ်လိုအပ်တဲ့ ပညာရေးလွတ်လပ်ခွင့်ကိစ္စကို ဖော်ပြမထားပါဘူး။ ပညာရေး လွတ်လပ်ခွင့်ဟာ ခေတ်မီတိုးတက်တဲ့ ပညာရေးဖြစ်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်ပါ။ မြန်မာနိုင်ငံမှာ ၁၉၆၂ခုနှစ် တော်လှန်ရေးအစိုးရတက်စဉ်ကတည်းက ပညာရေးလွတ်လပ်ခွင့်ကို တားမြစ်ခံရတဲ့ အတွက် ကျောင်းသားတွေက ပညာရေးလွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ရတာပါ။ အဲဒီတောင်းဆိုမှု ကြောင့်ပဲ 7 July လို့ ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ခဲ့တာပါ။ အဲဒီတုန်းကလည်း အာဏာရှင်အစိုးရက တောင်းဆိုမှုကို ဖြေရှင်းမပေးဘဲ ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနဲ့ အာဏာရှင်အလိုကျ ချုပ်ကိုင်ထားတဲ့ ပညာရေးစနစ် ကသာ မြန်မာနိုင်ငံကို ကြီးစိုး ထားခဲ့တာပါ။

၁၉၇၄ခုနှစ်မှာ အာဏာရှင်အလိုကျ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြဌာန်းခံရပြီးတဲ့နောက်မှာတော့ ချမ်းသာ ကြွယ်ဝလှတဲ့ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကြေငြာရတဲ့ ဘ၀ကို ရောက်သွားပါတယ်။ အဲလိုပဲ ပညာရေးအရာမှာလည်း နိမ့်ကျ ပျက်စီး သွားခဲ့ရပါတယ်။ အဓိကကတော့ လွတ်လပ်စွာ ပညာသင်ကြား ခွင့် မရှိတဲ့အပြင် နိုင်ငံတကာ ပြင်ပ ဗဟုသုတတွေကို လေ့လာခွင့် မရဘဲ ပိတ်ဆို့ခံထားရတဲ့ ဆိုးကျိုးဆက်ပဲ ဖြစ်ပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက ပညာရေးကို ပြည်နယ်အလိုက် အာဏာခွဲဝေဖန်တီးခွင့်ပေးထားတာပါ။ ဒါဟာ ပြည်နယ် အလိုက် ပညာရေးလွတ်လပ်ခွင့် ရှိနိုင်တဲ့ သဘောပါ။ ၁၉၇၄ အခြေခံဥပဒေမှာတော့ ပညာရေးကဏ္ဍကို ပြည်နယ်အလိုက် အုပ်ချုပ် စေတာမျိုးမပါတော့ဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဗဟိုကနေ ဦးစီး ချုပ်ကိုင်တဲ့စနစ်ကို သုံးပြီး ပညာရေး လွတ်လပ်ခွင့်ကို ကိုင်တွယ် ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် ပညာရေးထဲမှာ တပါတီစနစ်ကို မှိုင်းတိုက်သွပ်သွင်းတဲ့ အယူအဆတွေ ထည့်လာပြီး ကျောင်းသားတွေကို လိုသလို ပုံသွင်းယူလာခဲ့တာပါ။

ခု စစ်အစိုးရက ဦးစီးပြီး ရေးဆွဲတဲ့ အခြေခံဥပဒေမှာတော့ အချက်(ခ)မှာ
"နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ် မည့် ဥပဒေပြဌာန်း ဆောင်ရွက်မည်" လို့ ဖော်ပြထားပါတယ်။ အဲဒီအချက်ကို ပြန်သုံးသပ်ကြည့်ရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ဖော်ပြထားချက်ဟာ ကောင်းတဲ့အချက်လို့ ဆိုရမှာပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကတော့ အဲဒီဥပဒေကို ရေးဆွဲတဲ့ အာဏာပိုင်တွေကပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပညာသင်ခွင့်တွေကို ပိတ်ပင်တားမြစ်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မိခင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားခွင့်မပေးရုံသာမကဘဲ ပြန်လည်ဖော်ထုတ်ခွင့်၊ လက်ဆင့်ကမ်း ထိန်းသိမ်းခွင့်တွေကိုပါ ခွင့်မပြုဘဲ ဟန့်တား ပိတ်ပင် အရေးယူတာတွေ လုပ်နေပါတယ်။ ဒါကြောင့် အဲလို အာဏာပိုင်တွေက လိုအပ်သလို ပြဌာန်းမယ့် ဥပဒေဆိုတာ တရားမျတမှု မရှိနိုင်ပါဘူး။

ပိုဆိုးတာကတော့ အဲဒီ အခြေခံဖွဲ့စည်းပုံဥပဒေအရဆိုရင် အဓိကကျတဲ့ အုပ်ချုပ်ရေးပိုင်း တွေကို စစ်တပ်ကသာ ရယူနိုင်မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ မနှစ်သက်တဲ့ အချက်တွေကို အလွယ်တကူ တောင်းဆိုပြင်ဆင်ခွင့်လည်း မရှိပါဘူး။ ဒါ့ကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေသာ အတည်ပြုပြဌာန်းဖြစ်သွားမယ်ဆိုရင်တော့ တကယ်တမ်း အနာဂတ်ကို အသိပညာ အတတ်ပညာ အလိမ်မာ တွေနဲ့ရင်းပြီး တည်ဆောက် ကြရမယ့်နေရာမှာ နိမ့်ပါးအောက်ကျတဲ့ အနာဂတ်ကိုသာ အမိန့်အာဏာနဲ့ မတရားသဖြင့် ဖိနှိပ် အုပ်ချုပ်ခံရရင်းနဲ့ တည်ဆောက်သွားကြရဦးမှာပဲဖြစ်ပါတယ်။ ဒါဟာ နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်တော့ သိပ် အန္တရာယ် ကြီးတဲ့ကိစ္စပဲဖြစ်တာမို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကြီးအနေနဲ့ လက်မခံသင့်တဲ့ အချုပ်အနှောင်တခုသာ ဖြစ်ပါတယ်။

မေငြိမ်း
၁၈၊၀၃၊၀၈။


Wednesday, April 9, 2008

နအဖရဲ့ Constitution နဲ့ ပညာရေးကဏ္ဍ

လာမယ့် သင်ရိုးသစ်မှာ ခေတ်မီတဲ့ သင်ရိုးတွေ ဖြည့်စွက်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောထားတာမို့လို့ လူမှုရေးရာသင်ရိုးမှာ ဘယ်လိုသင်ခန်းစာတွေ ပြဋ္ဌာန်းမှာလဲ ဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။ ဒီနေရာမှာ ပညာရေးလိုအပ်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအာဏာပိုင်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စဉ်းစားသုံးသပ်ဖို့ လိုလာပါတယ်။ ၂၀၀၈ခုနှစ် မေလမှာ ပြည်သူ လူထုရဲ့ ဆန္ဒကို ခံယူမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်းသည့် အခြေခံမူများ အခန်းရဲ့ အချက်(က)မှာတော့ "နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေဖို့အတွက် အလေးထား ဆောင်ရွက်မည်"လို့ ပါပါတယ်။ ဒီနေရာမှာ ဖော်ပြထားချက်ဟာ အကြမ်းဖျင်းဆန်လွန်းတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ ပညာရေးရော ကျန်းမာရေးမှာပါ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်း နေပါတယ်။ ပညာရေးသီးသန့်အနေနဲ့ ပြောရရင် ခေတ်မီပညာရေး၊ တိုးတက်တဲ့ ပညာရေး ဖြစ်ဖို့အတွက် အစိုးရအနေနဲ့ အထောက်အပံ့ပေးရမယ့် ကဏ္ဍတွေ၊ အစိတ်အပိုင်းတွေကို တိတိကျကျ ရည်ညွှန်းထည့်ပေးဖို့ လိုပါတယ်။ ဥပမာ-ကျောင်းအဆောက်အဦး လိုအပ်ချက်၊ သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်၊ ဆရာဆရာမ လိုအပ်ချက်၊ သင်ကြားရေးနည်းပညာဆိုင်ရာ လိုအပ်ချက်နဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့် တွေအတွက် ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာမျိုးတွေကို တိတိကျကျ ထည့်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်အနေနဲ့ ဒီလို လစ်ဟာ အားနည်းချက်တွေ ရှိနေတာဟာ အနာဂတ်အတွက် ပြဿနာကြီးတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီ အားနည်းချက်ရှိနေတာကြောင့် နောင်တစ်ချိန် ပညာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဒီမိုကရေစီနည်းကျကျ တောင်းဆိုတာ၊ ပြုပြင်တာ၊ ဝေဖန်သုံးသပ်တာတွေ လုပ်ရတဲ့အခါ ပြည်သူလူထုဘက်က ခိုင်ခိုင်လုံလုံမရှိသလို ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားမှု မရှိတဲ့အတွက် ဒါဟာ ဝေဖန် ထောက်ပြရမယ့် အချက်ပါပဲ။

လက်ရှိ အာဏာပိုင်တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ပညာရေးကဏ္ဍကို အလုပ်ပြရုံ ထည့်သွင်းပေးထားသလို ဖြစ်နေပါတယ်။ တကယ်တော့ ပညာရေးကဏ္ဍထဲမှာ အရေးကြီးဆုံးလိုအပ်ချက်က ပညာရေး လွတ်လပ်ခွင့် (Acedamic Freedom)ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပညာရေးဟာ ကျောင်းသားတွေကို ပညာရေးလွတ်လပ်ခွင့် အပြည့်အ၀ ပေးထားရတာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ကျောင်းထဲ အတန်းထဲ တွေမှာ ကိုယ့်အတန်းရဲ့ ကျောင်းသား ကိုယ်စားလှယ်ကနေ စပြီး ပါမောက္ခ၊ လွှတ်တော် အမတ်၊ ၀န်ကြီးချုပ်၊ နိုင်ငံတော် သမ္မတအထိကို ကိုယ့်အမြင်နဲ့ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။ အဲဒီလိုပဲ အတန်းစည်းကမ်း၊ ကျောင်းစည်းကမ်း ကနေ စပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအထိ မိမိ သဘောဆန္ဒ အမြင်အတိုင်း ဝေဖန်ဆွေးနွေးပြောဆိုခွင့် ရှိပါတယ်။ ဒါဟာ ကျောင်းသားတွေကို သူတို့တွေ့ကြုံကြရမယ့် လက်တွေ့လောကနဲ့ ကျောင်းသင်ခန်းစာ အဆက်အစပ်ကို ကျောင်းစာသင်ခန်းထဲကနေ လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းစဉ်းစားပြီး လွတ်လွတ် လပ်လပ် ဆွေးနွေး တိုင်ပင် ရေးဆွဲ ရတဲ့ အရေးပါလှတဲ့ အခြေခံအဆောက်အအုံကြီး တစ်ခု ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာကတော့ ပြည်သူတွေတောင် ကောင်းကောင်းမသိတဲ့ ကိုယ်စားလှယ် ဆိုသူတွေက နှုတ်ပိတ် ခေါင်းညှိတ် ထောက်ခံထားရတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်နေပါတယ်။ အဲဒီအပြင် ပြည်သူ့ရဲ့ ဆန္ဒကို ခံယူပြီးမှ ပြည်သူတွေ သဘောကျ ထောက်ခံမှ အတည်ပြု ပြဌာန်းနိုင်မှာ ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဝေဖန်ရင် အရေးယူအပြစ်ပေးမယ်လို့ ခြိမ်းခြောက်နေပါတယ်။ တကယ်လည်း ဖမ်းဆီး အပြစ်ပေး တာတွေ လုပ်နေပါတယ်။
အဲဒီလို မတရားအစိုးရမျိုးက ရေးဆွဲပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထု အများရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုနဲ့ ရေးဆွဲရတဲ့ ပညာရေးသင်ရိုးဟာလည်း လွတ်လပ်မှုမရှိနိုင်တာမို့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့်ပညာရေး ဖြစ်ဖို့ဆိုတာကိုလည်း မျော်လင့်လို့ မရပါဘူး။ တကယ်တမ်း ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့် ပညာရေး ဖြစ်ဖို့ဆိုရင် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကိုသာမက လူမှုရေးရာဘာသာရပ်လို ၀ိဇာ ဘာသာရပ်တွေရဲ့ သင်ရိုးတွေကိုပါ ခေတ်နဲ့ အမီ လိုက်နိုင်အောင် ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ နိုင်ငံတွေမှာကတော့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းဝင်းထဲမှာ၊ စာသင်ခန်းထဲမှာ၊ ငြင်းခုန်ချက် စာတမ်း (Argument Paper) တွေရေးကြ၊ ကျဘမ်း စကားပြောပွဲတွေ လုပ်ကြ၊ အပြန်အလှန် စကားစစ်ထိုးပွဲ (Debate)တွေ လုပ်ကြနဲ့၊ ပညာရေးလွတ်လပ်ခွင့်ကို အပြည့်အ၀ခံစားခွင့်ရနေကြပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား တွေမှာတော့ ကျောင်းသားတိုင်း ခံစားခွင့်ရှိတဲ့ ပညာရေးလွတ်လပ်ခွင့်ကို ဆုံးရှုံးနေရရုံ သာမကဘဲ ကိုယ့်နိုင်ငံအတွက်အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြခံဥပဒေကိုတောင် ဝေဖန်ဆွေးနွေး ပိုင်ခွင့် မရှိဘဲ ဖြစ်နေပါတယ်။

ဒါကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှတဲ့ လိုအပ်ချက်ဖြစ်တဲ့ ပညာရေး လွတ်လပ်ခွင့်အတွက် အာမခံမှုမျိုးပေးမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံဖို့ဆိုတာဟာ ပြည်သူ လူထုကြီးအနေနဲ့ သေသေချာချာ ထည့်သွင်းသုံးသပ်စဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း
၁၀၊၃၊၀၈။

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...