Saturday, March 8, 2008

ပညာရေးနဲ့ နိုင်ငံရေး

ဒီတပတ်မှာတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ အခြေခံပညာအတွက် အကြံပြုထားတဲ့ သင်ရိုးတွေထဲက ဆယ်ကျော်သက်အရွယ် လူငယ်တွေအတွက် တိုင်းပြည်ရဲ့ အရေးအရာ အနေနဲ့ သိထားသင့်တဲ့ ဘာသာရပ်တွေကို ဆွေးနွေးချင်ပါတယ်။

အထက်တန်းကျောင်းသားအရွယ်ဟာ အသက်၁၃နှစ်ကျော်ပြီးအရွယ်မို့ လောက၀န်းကျင်ဆိုင်ရာ အရေးအရာ တွေကို သင်ယူနားလည်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်း အဆင့်မှာတော့ Civic Education ကို အဆင့်မြှင့်ပြီး သင်ကြားပေးရတော့မှာပါ။ ဒါကြောင့် ရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ခေတ်အလိုက် ပြည်သူပြည်သားတွေရဲ့ တာဝန်တွေကို ပြောပြပေးဖို့ လိုပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကို သမိုင်းနဲ့ချီပြီး ရှင်းလင်း ပြောပြရပါမယ်။ ဥပမာ- ခုလိုအချိန်မှာဆိုရင် ဒီမိုကရေစီစနစ်ရဲ့ သမိုင်းကြောင်းနဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို စနစ်တကျ ပြောပြရမှာဖြစ်ပါတယ်။ အဲလိုပဲ တပါတည်းမှာ ပြည်သူလူထုရဲ့ ၀တ္တရားတွေနဲ့ အခွင့်အရေးတွေကိုပါ အကျယ်တ၀ံ့ ရှင်းလင်း သင်ကြား ပေးရ ပါမယ်။ ပြီးတော့ အခုအချိန်မှာဆိုရင်တော့ ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ အဂါင်္ရပ်တွေနဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ သဘောသဘာဝတွေကို ထည့်သင်ပေးဖို့ လိုပါတယ်။

အထက်တန်းအဆင့်ပညာရေးဟာ နိုင်ငံတခုကို တည်ထောင်ဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့တွေအတွက် တကယ့်ကို အသုံးဝင်တဲ့ ခေါင်းဆောင်လောင်းတွေကို သေချာ ပျိုးထောင်ရတော့မယ့် အရေးကြီးတဲ့ အဆင့်တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းကျောင်းသားများဟာ နိုင်ငံအုပ်ချုပ်ပုံကအစ အရေးပါတဲ့ ကဏ္ဍတွေကို သေသေချာချာသိဖို့ လိုနေပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းအဆင့် Civic Education သင်ရိုးထဲမှာဆိုရင် နိုင်ငံတော်၏ တာဝန်ဝတ္တရားများ ဆိုပြီးတော့ နိုင်ငံအစိုးရတွေက ပြည်သူလူထု အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမယ့် အရေးအရာတွေကို ထည့်ပေးရပါမယ်။ အဲသလိုပဲ ပြည်သူလူထုရော အစိုးရတွေပါ တန်းတူလိုက်နာရမယ့် အုပ်ချုပ်ရေးဥပဒေတွေကိုလည်း သင်ရိုးထဲမှာ ထည့်ပေးဖို့ လိုပါတယ်။ ဒါမှပဲ အစိုးရရော ပြည်သူလူထုဟာ Good citizen တွေ ဖြစ်လာမှာပါ။

အဲသလိုပဲ အထက်တန်းကျောင်းသားတွေအနေနဲ့ နောက်ထပ် သင်ယူသင့်တဲ့ သင်ခန်းစာတွေကတော့ အုပ်ချုပ်သူ အစိုးရတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ အစိုးရဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ကနေစပြီး ဒီမိုကရေစီအစိုးရနဲ့ အာဏာရှင်အစိုးရ ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စားရှိတာကို သင်ကြားပေးရ ပါမယ်။ တဆက်တည်းပဲ ဒီမိုကရေစီစနစ်ရဲ့ အုပ်ချုပ်ပုံနဲ့ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ပုံ တွေကိုလည်း ကမ္ဘာတ၀ှမ်းက အဖြစ်အပျက်တွေ၊ သမိုင်းအချက်အလက်တွေနဲ့ယှဉ်ပြီး စနစ်တကျ သင်ပေးရမှာ ဖြစ်ပါ တယ်။ ဒါမှပဲ ကျောင်းသားတွေကိုယ်တိုင် ချိန်ထိုးနှိုင်းယှဉ်ပြီး သုံးသပ်ရွေးချယ်နိုင်မှာပါ။

အဲဒီသင်ခန်းစာတွေနဲ့ ဆက်စပ်ပြီးတော့ပဲ ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးပိုင်ခွင့်အကြောင်း၊ ဖက်ဒရယ် အစိုးရပုံစံနဲ့ တရားဥပဒေကဏ္ဍကိုလည်း သင်ရိုးထဲမှာ ထည့်ရပါမယ်။ ဒါတွေဟာ လူငယ်တွေအနေနဲ့ မဖြစ်မနေရင်ဆိုင်ရမယ့် နိုင်ငံ့ အရေး အရာတွေကို ရင်းနှီးကျွမ်းဝင်နေအောင် လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ဒါမှလည်း အရွယ်ရောက်လို့ ကိုယ်တိုင် နိုင်ငံအရေးတွေမှာ ၀င်ရောက် ဆောင်ရွက်ရတဲ့အချိန်မှာတော့ အားလုံးကို နားလည်နေပြီးသားဖြစ်တဲ့အတွက် သေသေချာချာ သုံးသပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်အရေးပါတဲ့ သင်ခန်းစာတွေကတော့ ကိုလိုနီစနစ်အကြောင်း၊ နိုင်ငံချဲ့ထွင်ခြင်း အကြောင်းတွေနဲ့ လွတ်လပ်ရေးအကြောင်းတွေပဲဖြစ်ပါတယ်။ လွတ်လပ်ရေးမှာတောင်မှပဲ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ့လွတ်လပ်ရေး(Civil Liberty)၊ ပြီးတော့ လွတ်လပ်စွာမဲပေးခွင့်၊ တန်းတူ ရာထူးထမ်းဆောင်ခွင့်တွေလို နိုင်ငံရေးအရလွတ်လပ်ရေး(Political Liberty) နဲ့ သူတပါး လက်အောက်ခံမဟုတ်တဲ့ အမျိုးသား လွတ်လပ်ရေး (National Liberty) လို့ ရှိတာတွေကို ကျောင်းသားတွေအနေနဲ့ အသေးစိတ်သိထားဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ့်နိုင်ငံမှာ လုံးဝပြည့်စုံတဲ့ လွတ်လပ်ရေးမျိုး ရနေရဲ့လား၊ မရနေဘူးလားဆိုတာကိုပါ စာသင်သား လူငယ်တွေ တရားနည်းလမ်းကျကျ သိမြင်တတ်လာမှာ ဖြစ်ပါတယ်၊

အခုပြောပြသွားတဲ့ သင်ရိုးတွေကို မြန်မာနိုင်ငံပညာရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်က အကြံပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီသင်ရိုးတွေဟာ ဒီမိုကရေစီပညာရေး တည်ဆောက် နေပြီလို့ အာဏာပိုင်တွေက ကြေညာနေတဲ့ ခုလို အချိန်ထိတောင် တပိုင်းတစလောက်တောင် သင်ယူခွင့် မရသေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ စကော့တလန်က ကျောင်းသား တွေရဲ့ အခွင့်အရေးကို ထည့်ပြောပြချင်ပါတယ်။ ဒါကလည်း ပြည်ပအခြေစိုက် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ပြီးခဲ့တဲ့ အောက်တိုတာလတွင်း ပညာရေးခရီးစဉ်တုန်းက အတွေ့အကြုံ ဖြစ်ပါတယ်။

စကော့တလန်က ကျောင်းတွေမှာ မူလတန်းကလေးတွေကို ‘ကြီးလာရင် ဘာဖြစ်ချင် သလဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးစေပါတယ်။ အဲဒီအခါမှာ အသက်၉နှစ်အရွယ် ကျောင်းသူကလေးတစ်ယောက်က ပါလီမန် အမတ် ဖြစ်ချင်တယ်လို့ ရေးခဲ့ပါတယ်။ ဖြစ်ချင်ရတဲ့ အကြောင်းကတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်လို့လို့ ဆိုပါတယ်။ နောက်တော့ အဲဒီ ကျောင်းသူကလေးကို ကျောင်းအုပ်ဆရာကြီးက ပါလီမန်ထဲကို လေ့လာသူ အနေနဲ့ ခေါ်သွားပြီး ပါလီမန်အမတ်တွေနဲ့ တွေ့ခွင့် စကားပြောခွင့် ပေးခဲ့ပါတယ်။ ကျောင်းသူလေးကိုယ်တိုင် ကလည်း ပါလီမန်ထဲက အမတ်တွေရဲ့ရှေ့၊ စင်မြင့်ပေါ် မှာ သူ့အနေနဲ့ ပါလီမန်အမတ် ဖြစ်ချင်ရတဲ့အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ အဲသလိုပဲ တရားသူကြီးဖြစ်ချင်သူကို တရားခွင်ထဲ၊ ဂီတမှူးဖြစ်ချင်သူကို ဂီတကျောင်း ထဲ ခေါ်သွားပြီး လေ့လာခွင့်ပေးတဲ့ အစီအစဉ်မျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အမြင်ကျယ်ပြီး အတွေးအခေါ် ဥာဏ်ရည်အရာမှာ သိပ်ကောင်းကြတယ်လို့ ဒေါက်တာသိန်းလွင်က သူကိုယ်တိုင်တွေ့ခဲ့တဲ့ အတွေ့အကြုံကို ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် မူလတန်းကျောင်းတကျောင်းမှာတော့ ဒေါက်တာသိန်းလွင် ရောက်သွားချိန်မှာ ကျောင်းသား ကလေးငယ်များက ရွှေဝါရောင်နဲ့ အနီရောင် ပိုးဖဲတံဆိပ်လေးတွေနဲ့ ကြိုဆိုခဲ့ပါတယ်။ အဲဒီဖဲပြားလေးတွေကို ဘယ်သူကမှ မခိုင်းစေဘဲ၊ မလှုံ့ဆော်ပါဘဲနဲ့ ကလေးတွေကိုယ်တိုင်က လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်တဲ့ သံဃာတော်များနဲ့ ပြည်သူလူထုအပေါ် အာဏာပိုင်တွေက သတ်ဖြတ်ခဲ့ တာကို သတင်းတွေမှာ မြင်ရကြားရတဲ့အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ လုပ်ခဲ့တာလို့ ကလေးတွေက ပြောပြခဲ့ပါတယ်။ ကလေးတွေဟာ မူလတန်းအဆင့်လေးမှာတောင်မှပဲ အံ့သြစရာကောင်း လောက်အောင် ဗဟုသုတရှိပြီး ကိုယ်ချင်းစာတတ်တဲ့ စိတ်မျိုးလည်းရှိနေကြတယ်လို့ ဒေါက်တာသိန်းလွင်ကပဲ ပြောပြခဲ့ပါတယ်။

ဒါတွေဟာ ခေတ်မီတိုးတက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ ပညာရေးစနစ်ကို ခံစားခွင့်ရတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် အလှမ်းဝေးနေတဲ့ တိုင်းပြည်အရေးကိစ္စတွေဟာ တကယ်တော့ ကျောင်းသားတွေအတွက်၊ ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ရေးအတွက် အရေးပါလှတဲ့ ဗဟုသုတ သင်ခန်းစာတွေပါပဲ။ အထူးသဖြင့် လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံမှာ အဲလို သင်ခန်းစာမျိုးတွေကို ကျောင်း ပညာရေးထဲမှာ အမြန်ဆုံးသင်ယူခွင့် သင်ကြားခွင့်ရဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

မေငြိမ်း
၅ နိုဝင်ဘာ ၂၀၀၇။

No comments:

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...