မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ ပြည်သူလူထုအပေါ်မှာ အကြောက်တရား ကြီးစိုးအောင် အကြမ်းဖက် နှိပ်ကွပ်တဲ့ နည်းနဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ခုချိန်မှာ တရားဥပဒေ ဆိုတာကို မြန်မာနိုင်ငံမှာ လုံးဝ မတွေ့ရဘူးလို့ကို ပြောနိုင်ပါတယ်။ ပြည်သူလူထုဟာ ပြစ်မှု နဲ့ ပြစ်ဒဏ် မမျှတာတွေ၊ အပြစ်မရှိပါဘဲ ဖမ်းဆီးချုပ်နှောင်ခံရ၊ အနှိပ်စက်ခံရတာတွေကို အမြဲတစေ ကြုံနေရတာမို့လည်း မင်းမဲ့တိုင်းပြည်မှာ နေထိုင် နေကြရတဲ့ စိတ်ခံစားမှုမျိုးတွေ အဖိစီးခံနေကြရပါတယ်။ ကမ္ဘာက အရေးကြီးဆုံးလို့ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး ဆိုတာကို မြန်မာနိုင်ငံက ပြည်သူအများစုကတော့ ကြားတောင် မကြားဖူးတဲ့ အခြေအနေမှာ ရှိနေရတာပါ။ ဒါဟာ တိုးတက်ခေတ်မီနေတဲ့ ကမ္ဘာလောကနဲ့ အများကြီး အလှမ်းဝေးပြီးတော့ လူမှုဘ၀တွေမှာ ချွတ်ခြုံကျနေရတဲ့၊ အခြေအနေပဲ ဖြစ်ပါတယ်။
တကယ်တော့ ဘယ်နိုင်ငံမှာမဆို၊ နိုင်ငံသားတိုင်းက လူ့အခွင့်အရေးဆိုတာကို နားလည်မှ ပဲ လူသားအချင်းချင်း တန်ဖိုးထားလေးစားဖို့နဲ့ လူ့ဘောင်လောက အဆင့်အတန်း မြင့်မားအောင် လုပ်ရမယ်၊ လုပ်ဖို့ လိုအပ်တယ် ဆိုတာတွေကို သိလာကြမှာဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေကို လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ တွေနဲ့ နိုင်ငံသားအခွင့်အရေးတွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အခြေခံပညာကစပြီး နိုင်ငံကြီးသားပီသအောင် နေထိုင်ကျင့်ကြံနည်းတွေကို ထည့်သွင်း သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီမိုကရေစီနိုင်ငံ တွေမှာ ကလေးတွေ လူငယ်တွေ အများစုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်ဝပြီး ကိုယ့်ရဲ့ အရည်အချင်း အလိုက် ထူးချွန်ခွင့်ရကြတာ တွေ့ရပါတယ်။ အဲဒါကပဲ မြန်မာနိုင်ငံက လူငယ်တွေ ကလေးတွေရဲ့ ဘ၀တွေနဲ့ ကွာခြားနေရတဲ့ အချက်ပဲ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေမှာတော့ ပညာရေးစနစ်ရဲ့ အထွေထွေ အားနည်းချက်တွေနဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် လူတော်လူကောင်းဖြစ်ခွင့်တွေကို ဆုံးရှုံးနေကြရပါတယ်။ အဲဒီအပြင် နိုင်ငံရဲ့ ဘက်စုံ ချွတ်ခြုံကျနေမှုနဲ့ သတင်းလွတ်လပ်ခွင့် မရှိတာတွေကြောင့်လည်း ပြည်သူလူထုဟာ ဉာဏ်ပညာဗဟုသုတ အရာမှာပါ ဆင်းရဲချို့တဲ့နေကြရတာပဲ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံအနေနဲ့ ဆင်းရဲရင်တောင်မှပဲ အုပ်ချုပ်သူအစိုးရက စေတနာရှိရင် ပညာရေးထဲမှာ နိုင်ငံသားတွေ သိသင့်သိထိုက်တဲ့ အသိအမြင် ဗဟုသုတတွေ ထည့်သွင်း သင်ကြားပေးနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးထဲမှာ Moral Education ဖြစ်တဲ့ စာရိတ္တပိုင်းဆိုင်ရာ သင်ခန်းစာတွေကို မြန်မာစာဘာသာရပ်ထဲမှာထည့်ပြီး သင်ကြားလေ့ရှိခဲ့ပါတယ်။ အများအားဖြင့်တော့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာထဲမှာရှိတဲ့ ဓလေ့ထုံးစံ တွေနဲ့ ဗုဒ္ဓဘာသာထဲက အဆုံးအမတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သိသင့်သိထိုက်တဲ့ နိုင်ငံ့အရေးအရာကိစ္စတွေကိုတော့ ကျောင်းသားတွေ သိခွင့်မရပါဘူး။ တကယ်တော့ ဒါဟာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ အရေးတကြီးလိုအပ်တဲ့ အချက်ပါ။ ဒီနေရာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးးချုပ်ဟောင်း ဦးသန့် တင်ပြခဲ့တဲ့ ပြည်ရေးပြည်ရာ ဘာသာရပ် (Civic Education) သင်ရိုးထဲက ဒီနေ့ထက်ထိ ခေတ်မီနေပြီး အရေးပါနေဆဲဖြစ်တဲ့ အချက်အလက်တွေကိုပဲ ကိုးကားပြီး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
တကယ်တော့ လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံပညာရေးထဲမှာ ထည့်သင်ဖို့ မြန်မာနိုင်ငံရဲ့ သဘောသဘာဝနဲ့ ကိုက်ညီတဲ့ Civic Education သင်ရိုးကို ဦးသန့်က မူလတန်းအဆင့်ကနေ အထက်တန်း အဆင့်ထိ လေ့လာ ရေးဆွဲခဲ့ပြီးသားပါ။ Civic Education ကို လောကနီတိဆိုတဲ့ ခေါင်းစဉ်နဲ့ သင်နိုင်ပြီးတော့ မူလတန်းအဆင့်မှာဆိုရင် ကိုယ်နှုတ်အမူအယာ ယဉ်ကျေးသိမ်မွေ့အောင် နေထိုင်နည်းက စပြီး၊ တကိုယ်ရည် သန့်ရှင်းရေး၊ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးအထိ ပါရပါမယ်။ ပြီးတော့ ငွေကြေးသုံးစွဲရာမှာ စည်းကမ်းတကျ သုံးတတ်ဖို့နဲ့ လူမှုဝန်းကျင်နဲ့ အဆင်ပြေပြေ နေထိုင်တတ်အောင်ပါ လေ့ကျင့်သင်ကြားပေးရပါမယ်။ အဲဒီအပြင် သစ်ပင်ပန်းပင်တွေ လက်တွေ့စိုက်ပျိုးတတ်အောင် သင်ကြားပေးပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ် လာအောင် လေ့ကျင့်ပေးရတာမျိုးလည်း ရှိရပါမယ်။ ဒါက စိတ်ဓါတ်ရေးရာနဲ့ စာရိတ္တပိုင်းကို သင်ကြားတဲ့ အပိုင်းပါ။
နိုင်ငံ့အရေးအရာနဲ့ ပတ်သက်ရင်တော့ မူလတန်းကလေးတွေအနေနဲ့ ကိုယ့်အနီးအပါးမှာရှိတဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ရပ်ကွက်အဆင့်ကနေစပြီး မြို့နယ်အဆင့်အထိ သိထားဖို့လိုပါတယ်။ အဲဒီ အုပ်ချုပ်သူတွေ ဆီမှာ ရှိရမယ့် အရည်အချင်းတွေ၊ အုပ်ချုပ်သူရဲ့ တာဝန်ဝတ္တရားတွေနဲ့အတူ သူတို့ရဲ့အရေးပါမှုသဘောကိုပါ သိနေဖို့ လိုအပ်ပါ တယ်။
အဲဒီအပြင် အစိုးရအကြောင်း၊ အခွန်အကောက်ကိစ္စနဲ့အတူ၊ စစ်ရဲ့ဆိုးကျိုးနဲ့ ငြိမ်းချမ်းရေးရဲ့ ကောင်းကျိုးတွေ ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ထည့်သွင်းပြဌာန်းပေးဖို့ လိုပါတယ်။ အဲဒီ နိုင်ငံရေးလိုအပ်ချက်တွေနဲ့ အတူ အစုအဖွဲ့နဲ့ သင့်တင့်မျှတအောင် လုပ်ကိုင်ခြင်းရဲ့အကျိုးရှိမှုကိုလည်း လက်တွေ့နဲ့ယှဉ်ပြီး တပါတည်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သာဓကသင်ခန်းစာတွေအဖြစ်နဲ့ မြန်မာ့ သမိုင်းတလျှောက်မှာ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို အတုယူအားကျဖွယ်ဖြစ်အောင် ထည့်သွင်းပေးဖို့ လိုပါတယ်။
တကယ်တော့ Civic Education ဟာ စာသင်ခန်းထဲမှာ သင်ကြားရုံနဲ့ လုံလောက်တဲ့ ဘာသာရပ်မျိုး မဟုတ်ပါ ဘူး။ စာသင်သားတွေကို သဘာဝပတ်ဝန်းကျင်ရဲ့ တန်ဖိုးနဲ့ မြတ်နိုးစရာကောင်းပုံကို လက်တွေ့သိဖို့လည်း လိုတာမို့လို့ ကွင်းဆင်း သင်ကြားပေးရတာ မျိုးတွေ ရှိရပါမယ်။ ကျောင်းသားလူငယ်တွေကို တောင်တန်းတွေ၊ ဥယျာဉ်တောအုပ်တွေ၊ တိရစ္ဆာန်ရုံ၊ စက်ရုံ အလုပ်ရုံ မြင်ကွင်းတွေဆီကို လက်တွေ့ ခေါ်သွားပြရမှာ ဖြစ်ပါတယ်။ ဒါမှပဲ စာသင်သားတွေအနေနဲ့ သူတို့အနီးပတ်ဝန်းကျင်က သူတို့ သိထားရမယ့် အကြောင်းအရာတွေကို တကူးတက ကျက်မှတ်စရာ မလိုဘဲနဲ့ သိသွား နားလည်သွားမှာ ဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က လွန်ခဲ့တဲ့ အနှစ်၆၀ကျော်ကတည်းက တင်ပြခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံအများစုက ကျောင်းတွေမှာ ဒီကနေ့ လက်တွေ့ကျင့်သုံးနေတဲ့ သင်ကြားနည်းပုံစံလည်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ကျောင်းသားတွေဟာ စာရိတ္တပညာပိုင်းကိုရော၊ နိုင်ငံ့အရေးအရာပိုင်းကိုပါ မသင်ကြရ တော့သလောက်ပါပဲ။ အဲဒါဟာ ပြည်သူလူထုကို ယဉ်ကျေး လိမ်မာမှု မရှိအောင်၊ ဆင်ခြင်တုံတရား အသိအမြင် ဖွံ့ဖြိုးမှုမရှိအောင် လုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီကနေ့ မြန်မာနိုင်ငံမှာ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာဆိုတဲ့ အကြမ်းဖက်အုပ်စုမျိုးတွေက မတရားသဖြင့် နေရာယူရဲလာတာဖြစ်တယ်လို့ ဆိုရမှာ ပါပဲ။
မေငြိမ်း (၂၅၊၁၀၊၀၇)
No comments:
Post a Comment