Sunday, March 22, 2009

နာဂစ်လွန် ပညာရေး အခြေအနေ


ခုဆိုရင် မြန်မာနိုင်ငံက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ကြရတာ ၅လ ကျော်ခဲ့ ပါပြီ၊ စစ်အစိုးရက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အားစိုက်ခွန်စိုက် ဆောင်ရွက်နေပြီးတော့ အောင်မြင်မှုတွေလည်း ရနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပြန်လည် ထူထောင်ရေးတွေ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးပြီလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထား ရေး ဝန်ကြီးဌာနက ဆိုပါတယ်၊

ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ ဧရာဝတီတိုင်းက ဝေးလံတဲ့ ကျေးရွာဒေသတွေမှာဆိုရင် ပြန်လည် ထူထောင် ရေးနဲ့ပတ်သက်လို့ လုပ်ကိုင်ဆောင်ရွက်နေတာမျိုး မတွေ့ရသလောက်ပါပဲ၊ အဲဒီဒေသတွေဟာ မုန်တိုင်း မတိုင်ခင် ကာလတွေကတည်းကလည်း အစိုးရအဆက်ဆက် ဂရုတစိုက် ထူထောင်ပေးမှု မရှိခဲ့ဘဲ စွန့်ပစ် ခံထား ခဲ့ရတဲ့ ဒေသတွေပဲ ဖြစ်ပါတယ်၊ နာဂစ်မုန်တိုင်း ကြောင့် ပျက်စီးသွားရတဲ့ ကျောင်းအရေအတွက်ကို စာရင်း ကောက်တဲ့အခါမှာမှ တချို့ဒေသတွေမှာ စာသင်ကျောင်း လုံးဝမရှိခဲ့ဘူးဆိုတာကို တွေ့ခဲ့ကြရပါတယ်၊ ခုလို မုန်တိုင်းဘေးကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာတော့ မုန်တိုင်းသင့်ဒေသ အများအပြားက ကလေးတွေအတွက် ပညာရေးဟာ ပိုပြီးတော့ သိသိသာသာ ယိုယွင်းသွားခဲ့တာ တွေ့ရပါတယ်၊

အခုလို အရေးကြီးတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက်ပိုင်း ပြန်လည် ထူထောင်ရေးကာလမှာ စစ်အစိုးရက တာဝန်ပေးထားတယ်ဆိုတဲ့ ကုမ္မဏီတချို့ကလည်း လူနေအရောက်အပေါက်များတဲ့ အရပ်ဒေသ တချို့မှာသာ ကျောင်းတွေကို ပြန်ပြီး ပြင်ဆင်ဖွင့်လှစ်ပေးတာ တွေ့ရပါတယ်။ ပြင်ဆင်ပေးတယ်ဆိုတာတောင်မှပဲ အမိုးအကာ မလုံမခြုံနဲ့ စာသင်နေကြရတဲ့ကျောင်းတွေ အဆင့်မှာပဲ ရှိနေတာပါ၊ ရန်ကုန်မြို့အနီး ပတ်ဝန်းကျင် မြို့နယ်တွေမှာတောင်မှပဲ ကျောင်းတချို့က ခုထိ သစ်ပုံကြီးအနေအထားအတိုင်း ရှိနေတုန်းပါ၊ အဲဒီအပြင် ကျောင်းသားတွေဟာ စာရေးကိရိယာ မပြည့်မစုံနဲ့ စာသင်နေကြရဆဲဖြစ်ပြီးတော့ ကျောင်းရဲ့ လိုအပ်ချက်တွေ အဖြစ် အလှူငွေ ကောက်ခံတာမျိုးတွေလည်း ရှိနေတာမို့ ခု နာဂစ်မုန်တိုင်း သင့်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အခြေခံကျောင်းပညာရေးအခြေအနေက ပိုဆိုးလာတယ်လို့တောင် ပြောနိုင်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံ ဟာ ကျောင်းပြင်ပ ပညာရေးမျိုးကို ထွန်းကားခွင့် မပေးဘဲ ကန့်သတ်ထားတာမို့လို့ ကျောင်းပညာရေး တခုတည်း ကိုသာ အားကိုးရတဲ့အတွက် ကလေးတွေ လူငယ်တွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး ကျယ်ပြန့် လွတ်လပ်တဲ့ အနာဂတ်မရှိတာနဲ့ အတူတူပဲ ဖြစ်နေပါတယ်၊

တကယ်တော့ ပညာရေးနဲ့ပတ်သက်ရင် နိုင်ငံတကာမှာက အစိုးရနဲ့အတူ လူမှုအဖွဲ့အစည်းတွေကပါ ၀ိုင်းဝန်း ကူညီ တည်ဆောက်ကြရတာပါ၊ မြန်မာနိုင်ငံနဲ့ ရေမြေချင်း ထိစပ်နေတဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာတောင်မှပဲ အခြေခံပညာရေးကနေ တက္ကသိုလ်ပညာရေးအထိ ပညာရေးအထောက်အကူပြု စာအုပ်စာတမ်း ရုပ်ပုံ ကားချပ် တွေကို အများအပြား ထုတ်ဝေထားတာမို့လို့ ကျောင်းသူကျောင်းသားတွေအနေနဲ့ လက်လှမ်းမီသလို ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်၊ ဒါကြောင့်လည်း ထိုင်းနိုင်ငံမှာ ကျောင်းသားတွေရဲ့ ပညာရည်တိုးတက်မှု မြင့်လာတာကို သိသိသာသာ တွေ့နေရပါတယ်၊ ထိုင်းနိုင်ငံမှာက အခြေခံပညာရေးက အခမဲ့ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ကလေးတွေအတွက် ပြင်ပပညာရေး အထောက်အကူပြု စာအုပ်စာတမ်းတွေကို အလွယ်တကူ ၀ယ်ပေးနိုင် ပါတယ်၊ ဒါကြောင့် ကလေးတွေရဲဏ္ဍ ဥာဏ်အရည်အသွေး မြင့်မားစေဖို့အတွက်ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်၊

မြန်မာနိုင်ငံမှာကတော့ အခြေခံပညာကျောင်းအရေအတွက်တောင် လုံလောက်အောင် မရှိတဲ့အပြင် ကျောင်းမှာ ပေးရတဲ့ အလှူငွေလို စာအုပ်ဖိုးလို စရိတ်စကတွေ များတာကြောင့်တကြောင်း။ ပြည်သူလူထုက ဆင်းရဲတာ ကြောင့် တကြောင်း၊ ကလေးတိုင်း ကျောင်းမနေနိုင်ဘဲ ဖြစ်နေကြရတာပါ၊ အဲဒီအပြင် ဆရာ ဆရာမတွေ အနေနဲ့ အစိုးရက အကူအညီပေးရမယ့် စနစ်ကျတဲ့ သင်ကြားရေးမွမ်းမံမှုတွေလည်း မရတာကြောင့် ကျောင်းသားတွေ ဟာ ထိရောက်ကောင်းမွန်တဲ့ ပညာရေးကို ကျောင်းတွင်းကနေလည်း မရနိုင်ကြဘဲ ဖြစ်နေကြတာပါ။ အဲဒီ အတွက်ကြောင့်ပဲ ပညာရေးကို ဦးစားပေးတဲ့ မိဘတွေဟာ ကလေးတွေအတွက် အထောက်အကူအဖြစ် ကျူရှင်နဲ့ ပြင်ပ ပညာရေး အထောက်အကူပြု စာအုပ်စာတမ်းတွေကို အားပြုလာကြရပါတယ်၊

အထူးသဖြင့် ကျူရှင်မယူနိုင်တဲ့ကျောင်းသားကျောင်းသူတွေဟာ ပညာရေးဆိုင်ရာ ဂျာနယ်တွေ စာစောင်တွေ မဂ္ဂဇင်းတွေကို ပုံမှန်ဝယ်ဖတ်ပြီး ပညာဆည်းပူးကြရပါတယ်၊ မြန်မာနိုင်ငံမှာ ကျောင်းသူကျောင်းသားတွေ အားပြုကြရတဲ့ အတန်းအလိုက် ပညာရေး ဆိုင်ရာ ဂျာနယ် မဂ္ဂဇင်း စာအုပ်စာတမ်းတွေ ရှိကြပါတယ်၊ ဒါဟာ လူငယ်တွေရဲ့ ပညာရေးအတွက် အရေးပါတဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ ခု ၂၀၀၈ခုနှစ် ဇူလိုင်လက စပြီးတော့ ငြိမ်းပညာရေးစာစဉ်၊ Educator ဂျာနယ်၊ Prime ဂျာနယ်၊ Digital Way ဂျာနယ်၊ ပန်းတိုင်မဂ္ဂဇင်း အပါအ၀င် ပညာရေးဆိုင်ရာ စာစောင်တချို့ကို ပညာရေးဝန်ကြီးဌာန အမိန့်နဲ့ ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်၊ အဲဒီလို ပိတ်လိုက်တဲ့အတွက် ကျောင်းသား အများစုကြီး ဒုက္ခရောက်သွားကြရပါတယ်၊

Educator ဂျာနယ်ဟာဆိုရင် အခြေခံပညာအထက်တန်းကျောင်းသားတွေ အားထားနေ ရတဲ့ ဂျာနယ်တစောင် ဖြစ်ပါတယ်၊ အဲသလိုပဲ ငြိမ်းပညာရေးစာစဉ်ဆိုရင် အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ အားထားရတဲ့ ပညာရေးစာစောင်ပါ၊ Prime ဂျာနယ်ကတော့ အလယ်တန်းနဲ့ အထက်တန်းအဆင့် အခြေခံပညာ ကျောင်းသား တွေ အားထားနေရတဲ့ စာစောင်တွေပါ၊ အဲဒီ မဂ္ဂဇင်းဂျာနယ်တွေကို ထုတ်ဝေခွင့် ပိတ်လာတာကြောင့် အဲဒီ စာစောင်တွေထဲမှာ ပါတဲ့ ဘာသာရပ်ဆိုင်ရာ မှတ်စုတွေ… လေ့ကျင့်ခန်းတွေ… မှတ်သားရမယ့် အချက်အလက် တွေ… ဆက်စပ်နှီးနွယ်နေတဲ့ အကြောင်းအရာတွေကို လေ့လာရင်းကနေ ပညာရည် တိုးတက်အောင် ကြိုးစား နေရတဲ့ ကျောင်းသားတွေအတွက် အခက်အခဲ ဖြစ်သွားပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျောင်းပညာရေး ဟာ စာသင်ခန်းထဲမှာသင်ရုံနဲ့ မပြည့်စုံတဲ့ အတွက်ကြောင့် ပြင်ပပညာရေး အထောက်အကူပြု စာစောင်တွေက ကျောင်းသားတွေ အတွက် တကယ်ပဲ အရေးပါတဲ့ လိုအပ်ချက်ဖြစ်ပါတယ်၊

ပညာရေးနဲ့ ပတ်သက်ရင် ကျီးသဲလေးထပ်ဆရာတော်က
လက်မှု နှုတ်မှု၊ စုစုအတတ် အရပ်ရပ်ကို၊ မှတ်လေလူအများ အမျိုးသားတို့၊ မှတ်သားနိုင်က ချမ်းသာရလိမ့်၊ ဆုံးမပေရာ လူလိမ်မာတို့ ၊ ကြီးပွားပညာ ထင်ရှားရာသည်…
လို့ စပ်ဆိုညွှန်ပြခဲ့ပါတယ်၊ ဒါကြောင့် ဘယ်လို ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းကိုမဆို ဖတ်မှတ် လေ့လာမှ သာ လူလိမ်မာ ဖြစ်တယ်… ကြီးပွားချမ်းသာမယ် ဆိုတာဟာ အထင်အရှားပဲ ဖြစ်ပါတယ်၊

နိုင်ငံတနိုင်ငံရဲ့ အစိုးရကောင်းတွေဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကောင်းအောင် ပြင်ဆင် တည်ဆောက်တဲ့အနေနဲ့ အခြေခံအုတ်မြစ်တခုဖြစ်တဲ့ ပညာရေးစနစ်ကို ကောင်းသထက် ကောင်းအောင် ပံ့ပိုး တည်ဆောက်ကြရပါတယ်၊ ခု မြန်မာနိုင်ငံမှာကတော့ အသစ်ကနေ ပြန်လည် တည်ဆောက်ရမယ့် နာဂစ်ဘေးဒဏ်သင့်ဒေသတွေကို လျစ်လျူရှုတဲ့အပြင် ကျောင်းသားတွေရဲ့ ပညာရေးတိုးတက်မှုအတွက် တတပ်တအား ပံပိုးပေးရာရောက်တဲ့ ပညာရေးအထောက်အကူပြု စာစောင်တွေကိုပါ ပိတ်ပင် တားမြစ်ခံ နေရပါတယ်၊ ဒါဟာ ကျောင်းသားအရွယ် ကလေးလူငယ်တွေရဲ့ တိုးတက်လိမ္မာရာ လမ်းကြောင်းကို ပိတ်ပင် တားမြစ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်…။


Friday, March 20, 2009

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်...


လူငယ်တွေကို လိမ်မာယဉ်ကျေးပြီး အမြော်အမြင်ရှိစေတဲ့ ပညာရေးမျိုးကို ရဖို့အတွက် သင့်တော်တဲ့ သင်ခန်းစာ တွေဟာ များသောအားဖြင့် မြန်မာစာဘာသာရပ်သင်ရိုးထဲမှာ ရှိနေတာများပါတယ်၊ မြန်မာစာသင်ရိုးတွေဟာ ပုဂံခေတ်ကစလာတဲ့ စာပေယဉ်ကျေးမှု တွေကို ပြဌာန်းထားတာဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် စာဆိုတွေ စာပေပညာရှင်တွေ မှတ်တမ်းတင်ခဲ့လေ့ရှိတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရိုးရာအနုပညာတွေပါဝင်တဲ့ စာပေတွေ ဖြစ်ပါတယ်၊ အဲလိုစာပေတွေသင်ရခြင်းအားဖြင့် လူငယ်တွေဟာ အမျိုးဂုဏ် ဇာတိဂုဏ် နဲ့ စာပေ ယဉ်ကျေးမှုတွေရဲ့ တန်ဖိုးကို သိပြီး ယဉ်ကျေးလိမ်မာတဲ့ နိုင်ငံသားတွေအဖြစ် ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်၊

တကယ်တော့ နိုင်ငံတကာမှာက အစိုးရတိုင်းဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတွေကို စာသင်ခန်းတွေ ကနေ မွေးထုတ်ပေးနေတယ်ဆိုတာကို သိနားလည်လက်ခံထားတာမို့ ကျောင်းသားလူငယ်တွေ စာသင်ခန်း ကနေ တတ်သိ လိမ်မာမှုတွေ ရသွားအောင် ကျောင်းပညာရေးထဲမှာ သင်ခန်းစာကောင်းတွေ ရှာဖွေ ရွေးချယ် ပြဋ္ဌာန်းနေကြတာ တွေ့ရပါတယ်၊ မြန်မာနိုင်ငံမှာကတော့ စစ်အစိုးရဟာ အခြေခံပညာအထက်တန်း ကျောင်းသားလူငယ်တွေအတွက် တကယ်လိုအပ်တဲ့ သိသင့်သိထိုက်တဲ့ သင်ခန်းစာကောင်းတွေကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖြုတ်ပယ်ပစ်တာတွေကို လုပ်နေတဲ့အကြောင်း ရှေ့အပတ်စဉ်တွေမှာ ပြောခဲ့ပြီးပါပြီ၊ ဒီတပတ်တော့ မြန်မာစာသင်ရိုးထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာတချို့ကို ဖြုတ်ပစ်နေတဲ့ အထဲက လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ကဗျာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်၊

လယ်တီဆရာတော်ဟာ ကုန်းဘောင်ခေတ် နောက်ပိုင်း မြန်မာနှစ်(၁၂၀၈)ခုနှစ်။ ခရစ်နှစ် ၁၈၄၈ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာဇာတိ ဖြစ်ပါတယ်၊ မုံရွာမြို့မှာ လယ်တီကျောင်းတိုက်ကြီးကို တည်ထောင် ပြီး စာပေပို့ချ သီတင်းသုံးခဲ့တာကြောင့် လယ်တီဆရာတော်လို့ ကျော်ကြားခဲ့ပါတယ်၊ ဆရာတော်ကြီးဟာ ပါဠိဘာသာ၊ မြန်မာဘာသာတို့နဲ့ ဒီပနီကျမ်းပေါင်းများစွာကို ပြုစုခဲ့ပါတယ်၊ ဆုံးမစာ တေးကဗျာတွေလည်း ရေးဖွဲ့ ခဲ့ပြီး နွားမေတ္တာစာ၊ သေရည်မေတ္တာစာတွေက ထင်ရှားပါတယ်၊ ဆရာတော်ကြီးက ခက်ခဲတဲ့ ပိဋကတ် ကျမ်းစာတွေကိုတောင် သာမန်လူတွေ အလွယ်တကူ နားလည်အောင် ရေးစွမ်းနိုင်တဲ့ ပညာရှင်ကြီးလည်း ဖြစ်ပါတယ်၊

အဲဒီအပြင် အင်္ဂလိပ်အစိုးရလက်ထက်မှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် နဲ့ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ(D.litt)ဘွဲ့တွေကို ဆက်ကပ်ခံရပါတယ်၊ အဲလို ပညာကျော်စာဆိုကြီးရဲ့ ကဗျာကို စစ်အစိုးရက ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစလို့ အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးထဲကနေ ဖြုတ်ပစ် လိုက်တာ ဖြစ်ပါတယ်၊ ဒီ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်နဲ့ ပတ်သက်ပြီး ပြဌာန်းစာအုပ်ထဲမှာ
ဆရာတော်ရဲ့ အရေးအဖွဲ့ ကောင်းမှုကြောင့် ဆရာတော်ကိုယ်တိုင် ဆုံးမနေသကဲ့သို့ အသက်ဝင်လာရသည်၊ လောကုတ္တရာရေးအတွက် ဖွဲ့ဆိုသော်လည်း လောကီအရေး အတွက်လည်း သင်ခန်းစာယူနိုင်သော တေးထပ်ဖြစ်သည်၊

လို့ ဖော်ပြ ညွှန်းဆိုခဲ့တာ တွေ့ရပါတယ်၊ ဒါကြောင့် ဆရာတွေဟာ စာသင်ခန်းမှာ စာဆိုဆရာတော့်ကြီး အကြောင်းပြောရင်း မြန်မာနိုင်ငံသမိုင်းကြောင်းထဲမှာ ရဟန်းတော်များဟာ လောကလူ့ဘောင်အတွက် ကောင်းကျိုးချမ်းသာကို လိုလိုလားလား ထမ်းရွက်ခဲ့ကြသူများ ဖြစ်တယ်ဆိုတာကို ထည့်သွင်းဆက်စပ်ပြီး ပြောပြ နိုင်ပါတယ်၊ ဒါမှပဲ ကျောင်းသားလူငယ်တွေက ရဟန်းတော်များရဲ့ လူထုအပေါ် တာဝန်ကျေမှုတွေကို သတိပြုမိ လာပြီး ဘာသာရေးရဲ့ အထိန်းအကွပ်ကို လက်ခံတတ်လာမှာပဲ ဖြစ်ပါတယ်၊

တကယ်တော့ ဆရာတော်ရဲ့“ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ဟာ လူတွေ စွဲလန်းတတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အတွေ့၊ အရသာ ဆိုတဲ့ အာရုံငါးပါးကို အလွန်အမင်း မတပ်မက်ဖို့ မစွဲလန်းဖို့ သတိပေးတဲ့ ကဗျာ ပါပဲ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအရ အာရုံငါးပါးမှာ စွဲလန်းလွန်းရင် ငရဲကျမယ်ဆိုတာကို သတိပေးပြီး အဲဒီ စွဲလန်းမှုကို ရှောင်နိုင်ဖို့အတွက် တရားဘက်ကို လိုက်ရမယ်လို့ လောကုတ္တရာရေးအတွက် သတိပေးထားတာ ပါပဲ၊ အဲလိုသတိပေးရာမှာ
သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်၊
လို့ ဆရာတော်က ရေးဖွဲ့ထားတာမှာ လောဘအခြေခံတဲ့အကျင့်ဟောင်းတွေကို ပြင်ရင်ကောင်းတယ်လို့ လမ်းညွှန်ထားတာမို့ လောကီရေးမှာလည်း အသုံးဝင်တဲ့ ကဗျာဖြစ်နေတာ တွေ့ရပါတယ်၊ ဒါဟာ လူငယ်တွေ ရော လူကြီးတွေပါ သင်ခန်းစာ ယူသင့်တဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်၊

အဲဒီအပြင် ဆရာတော်က လူတိုင်းလူတိုင်း အချိန်ရခိုက် အခွင့်အရေးရခိုက်မှာ အမှားကို သိပြီး အမှန်ပြင်ဖို့ အားထုတ်သင့်ကြောင်း။ အချိန်ရှိခိုက်မှာမှ အမှားပြင်ဖို့ လုံ့လ မစိုက်ခဲ့ဘူးဆိုရင် မိုက်မဲရာကျမှာဖြစ်ပြီး ဘ၀မှာ အရှုံးနှင့်သာ ရင်ဆိုင်ရနိုင်ကြောင်းကိုလည်း
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား၊
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား၊
လို့ ရေးဖွဲ့ပြီး ဆုံးမခဲ့တာ တွေ့ရပါတယ်၊

ဆရာတွေအနေနဲ့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ကို စာသင်ခန်းမှာ သင်မယ်ဆိုရင် ကျောင်းသား လူငယ်တွေကို ဒီကဗျာ သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆက်နွယ် ပြောပြနိုင်တာတွေ အများကြီး ရှိနေတာပါ၊ လောက လူ့ဘောင်က သတ်မှတ်ထားတဲ့ အမှားတွေအကြောင်း ပြောပြပြီးတော့ အမှားကို အချိန်မီ ပြင်ဆင် သင့်ကြောင်း လမ်းညွှန်နိုင်ပါတယ်၊ အဲဒီအပြင် အခွင့်အရေးရတဲ့အခိုက် လောကကောင်းကျိုးကို သယ်ပိုးဖို့။ မကောင်းမှုတွေကို ရှောင်ကျဉ်ဖို့။ အခွင့်သာတုန်းမှာ မကောင်းမှုထဲက ရုန်းထွက်ဖို့ ကြိုးစားနိုင်ကြောင်းတွေကို လူငယ်တွေ ကြုံရလေ့ရှိတဲ့ အဖြစ်အပျက်တွေနဲ့ ဥပမာပေးပြီး ဆက်နွယ် ပြောပြနိုင်ပါတယ်၊

ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းတွေများများဖွင့်ရင် ထောင်တံခါးတွေ များများ ပိတ်တာနဲ့ အတူတူပဲ လို့ လက်ခံထားကြပါတယ်၊ ဒီနေ့ ကမ္ဘာမှာက ကိုယ့်နိုင်ငံ ကိုယ့်ဝန်းကျင်မှာ လူဆိုးလူမိုက်တွေ လျော့နည်းဖို့။ ပြီးတော့ လူလိမ်မာ နိုင်ငံသားကောင်း တွေ တိုးပွားလာစေဖို့အတွက် အစိုးရတွေက ကျောင်းကောင်းတွေ များများဖွင့်နိုင်ဖို့ကို စီမံကိန်းတွေနဲ့ စနစ်တကျ ကြိုးပမ်း ဆောင်ရွက်နေကြတာပါ၊ မြန်မာ နိုင်ငံမှာသာ အရည်အသွေးပြည့် အဆင့်မီကျောင်းတွေ မဖွင့်နိုင်သေးတဲ့အပြင် ခုချိန်မှာတော့ ကျောင်းသား လူငယ်တွေအတွက် တကယ်လိုအပ်တဲ့ သင်ခန်းစာကောင်းတွေကိုတောင် မသင်ရအောင် ဖျောက်ဖျက်ပစ် နေပါတယ်၊

လယ်တီဆရာတော်ဘုရားကြီးဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့အတွက် ဂုဏ်ယူစံပြုစရာ သံဃာတော်ကြီး ဖြစ်တဲ့အပြင် ဆရာတော်ကြီးရဲ့ အဆုံးအမ အဆိုအမိန့် တွေဟာလည်း လိုက်နာကျင့်ကြံရမယ့် နည်းနာကောင်း တွေ ဖြစ်တယ်ဆိုတာ ဒီ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်တပုဒ်ထဲမှာတောင် အထင်အရှား တွေ့နိုင်ပါတယ်၊ ဒါကြောင့် ဒီလို ဆရာတော်ကြီးရဲ့ စာပေလက်ရာနဲ့ အတ္ထုပတ္တိကို မျိုးဆက်သစ်လူငယ်တွေ သိစေဖို့ဆိုရင် ကျောင်းသင်ခန်းစာတွေထဲ ပြဌာန်းပြီး လေ့လာနာယူစေရမှာပဲ ဖြစ်ပါတယ်၊ အဲဒါကြောင့် ဆရာတွေအပါအ၀င် လူကြီးမိဘတွေအနေနဲ့ မျိုးဆက်သစ်လူငယ် ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ ပုဂ္ဂိုလ်ကျော်တွေ။ စာပေယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းပြောပြသွားရမယ့် တာဝန်ရှိနေပြီ ဆိုတာကို ဆွေးနွေး တင်ပြချင်ပါတယ်။


ဖြုတ်ခံရတဲ့ မောင်စွမ်းရည် ရဲ့ ကဗျာ ပြဋ္ဌာန်းစာ


ဒီတပတ်မှာတော့ အခြေခံပညာအထက်တန်း သင်ရိုးထဲကနေ စစ်အစိုးရက ဖြုတ်လိုက်တဲ့ ကဗျာဆရာ မောင်စွမ်းရည် ရဲ့ ဘ၀နှင့်အလှ ကဗျာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်၊ စာသင်ခန်းထဲမှာ ဘ၀နှင့်အလှ ကဗျာ ကို သင်တော့မယ်ဆိုရင် စာဆိုကဗျာရှင် ဖြစ်တဲ့ ဆရာမောင်စွမ်းရည်အကြောင်းကို ကျောင်းသားတွေ သိအောင် ပြောပြရတော့မှာ ဖြစ်ပါတယ်၊

ဆရာမောင်စွမ်းရည်ဟာ မြန်မာနိုင်ငံမှာ အထက်တန်းပြကျောင်းဆရာတဦးဖြစ်ခဲ့တဲ့အပြင် မြန်မာစာသင်ရိုး အဖွဲ့ အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာမောင်စွမ်းရည်ဟာ စာပေနယ် မှာ ဝေဖန်စာတွေ ကဗျာတွေနဲ့ ထင်ရှားခဲ့ပြီး စာပေဆိုင်ရာ အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ စာပေ ပညာရှင်လည်း ဖြစ်ပါတယ်၊ ခုချိန်မှာတော့ ပြည်ပမှာနေထိုင်ပြီးတော့ စစ်အစိုးရကို ဝေဖန်သုံးသပ်တဲ့ စာတွေ... ကဗျာတွေ ရေးပြီး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးစာဆို ဖြစ်နေပါတယ်၊ ဒီအချက်ဟာ စစ်အစိုးရက ကျောင်းသားတွေကို မသိစေချင်တဲ့ အချက်ပါပဲ၊ အဲဒီအခါ စာဆိုရဲ့ အမည်နာမနဲ့ သမိုင်းကြောင်းကို ဖျောက်ဖျက်ဖို့ အတွက် ဆရာ့ရဲ့ကဗျာကို ကျောင်းသင်ရိုးထဲကနေ ဖြုတ်ပယ်ပစ် လိုက်တာလို့ ယူဆရပါတယ်၊ တကယ်တော့ ကဗျာတပုဒ်အနေနဲ့က နိုင်ငံရေးကဲတဲ့ အမျိုးအစားမဟုတ်ဘဲ ကျောင်းသားလူငယ်တွေကို လောကအပေါ် ဘ၀အပေါ် အကောင်းမြင်တတ်အောင် ရည်ရွယ်ဆုံးမတဲ့ အကြောင်းအရာသာ ဖြစ်တာကို တွေ့ရပါတယ်။

အဲဒီ ဘ၀နှင့်အလှ ကဗျာကို လေ့လာကြည့်မယ်ဆိုရင် ကဗျာအစ မှာကို ဆရာမောင်စွမ်းရည်က
မြင်မြင်သမျှ ဤလောက၀ယ်။ အလှတို့ဖြင့် ပြည့်ဘိ၏…
လို့ အကောင်းမြင်ဝါဒနဲ့ အစချီထားတာ တွေ့ရပါတယ်၊ ဒါကို စာသင်ခန်းမှာ သင်မယ်ဆိုရင် ဆရာတွေဟာ ဒီ ကဗျာရဲ့ ရည်ရွယ်ချက်အနေနဲ့ လောကအပေါ် အပြစ်အမြင်နဲ့သာ ကြည့်တတ်တဲ့ အသက်အပိုင်းအခြားဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်တွေအတွက် နာယကျင့်ကြံစရာအယူအဆဖြစ်တယ်လို့ ပြောပြနိုင် ပါတယ်၊

အဲဒီအပြင် ကဗျာရဲ့ ဒုတိယပိုဒ်မှာ
မြင်မြင်သမျှဤ လောက၀ယ်
အလှတို့ဖြင့် ခြယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ မြင်စွမ်းရသည်
အလှဟူငြား မြင်သည်ထားဦး
ခံစားသိတတ် ခံယူတတ်မှ
ကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏၊
လို့ တွေ့ရပါတယ်၊ အဲဒီအပိုဒ်မှာတော့ လောက၀န်းကျင်က စိတ်အလှ ရုပ်အလှ သဘာ၀၀န်းကျင်အလှတွေကို မြင်တွေ့နိုင်ခွင့်ရဖို့ လိုအပ်ပြီး မြင်တွေ့ရသည့်တိုင်အောင်လည်း အလှကို ခံစားတတ် ခံယူတတ်မှ ပီတိချမ်းသာကို ခံစားရနိုင်တဲ့အကြောင်း ဆရာမောင်စွမ်းရည်က ရေးဖွဲ့ထားပါတယ်၊ အဲဒီအပိုဒ်မှာလည်း စာသင်သားတွေအနေနဲ့ အလှကို မြင်တွေ့ခွင့်ဆိုတာနဲ့ ပတ်သက်ပြီး ကျောင်းသားအခွင့်အရေးတွေ လူ့အခွင့်အရေးတွေအထိ ချဲ့ထွင် မြင်တွေးတတ်လာအောင် ဆရာက လမ်းညွှန် သင်ပေးနိုင်ပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံလို လူငယ်တွေရဲ့ အခွင့်အလမ်းတွေကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ခံနေရတဲ့ နိုင်ငံမျိုးမှာ အလှတရားနဲ့တူတဲ့ အမှန်တရားတွေကို မြင်တွေ့ နိုင်ခွင့်ရဖို့ လိုတယ်ဆိုတဲ့အထိရောက်အောင် ဆန့်ထွက်တွေးတောနိုင်တဲ့ ကဗျာ ဖြစ်ပါတယ်၊

တကယ်တော့ အလှတရားဆိုတာဟာ အမှန်တရားကြီးစိုးတဲ့ မေတ္တာကရုဏာကြီးစိုးတဲ့ ငြိမ်းချမ်းတဲ့ နေရာဒေသမှာသာ ရှိနိုင်ပါတယ်၊ အဲဒီအပြင် လူ့ဘ၀ဆိုတာကလည်း အင်မတန်ကို ရခဲလှတဲ့အပြင် နေရတဲ့ အချိန်တာဟာလည်း တိုတောင်းလှပါတယ်၊ အဲလို အချိန်တိုလေးသာဖြစ်တဲ့ လူ့ဘ၀ထဲမှာ အလှတရားကို မြင်အောင်ကြည့်ပြီး အလှတရားကို မြတ်နိုးခုံမင်မှလည်း အဲဒီအလှတရားကို ထိန်းသိမ်းတတ်မှာဖြစ်ပါတယ်၊ ဒါမှပဲ ဘ၀ကလည်း ငြိမ်းချမ်းရာရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ အလှတရားကို မသိနားမလည်ဘဲ ရှာဖွေဖို့လည်း မကြိုးစားခဲ့ဘူးဆိုရင်တော့ ဘ၀ဟာ ပျော်မွေ့စရာမဟုတ်တဲ့အပြင် တန်ဖိုးမရှိဘဲ လူဖြစ်ရှုံးရမှာ ဖြစ်ပါတယ် ဆိုတာကိုလည်း
သြော်… လူ့ဘုံလောကာ ရခဲစွာကို
ရလှာခဏ တဘဝဝယ်
အလှမမြင် လှမမင်ဘဲ
မြင်ရန်မဖွေ ဖွေရန်မသိ
ငါဖြစ်ဘိမူ ငါ့ဘဝ
ထိုခဏသည် မည်မျှရှုံးလိုက်လေမည်နည်း၊…
လို့ ဆရာမောင်စွမ်းရည်က ထောက်ပြဖွဲ့ဆိုခဲ့ပါသေးတယ်၊

ဒီနေရာမှာလည်း စာသင်သားအရွယ် လူငယ်တွေအနေနဲ့ လောကကို အလှဆင်ရမယ့် မျိုးဆက်သစ်တွေပီပီ စိတ်အလှ ရုပ်အလှတွေနဲ့ ပြည့်စုံဖို့ လိုအပ်ကြောင်း။ စိတ်အလှဆိုတာဟာ လောကအကျိုး သယ်ပိုးလိုတဲ့ စိတ်ထားမျိုးဖြစ်ပြီး ရုပ်အလှဆိုတာကတော့ လောကကောင်းကျိုးချမ်းသာကို လိုလားစိတ်ကြောင့် ကြည်လင် ပြုံးရွှင်နေတတ်တဲ့ ရုပ် သွင်ပြင် အလှမျိုး ဖြစ်ကြောင်းတွေအထိ ကျောင်းသားတွေ မြင်တတ် တွေးတတ်လာ အောင် ပြောပြနိုင်ပါတယ်၊ ရုပ်အလှ စိတ်အလှပြည့်စုံမှပဲ လောကကိုပါ လှအောင် ငြိမ်းချမ်းသာယာအောင် ဖန်တီး တည်ဆောက်တတ်မှာ ဖြစ်တယ်ဆိုတာကိုပါ လူငယ်တွေ လက်ခံလာအောင် ဒီ ဘ၀နဲ့အလှ ကဗျာ ကနေ တဆင့် ပြောပြနိုင်ပါတယ်၊

ဒီကနေ့ ကမ္ဘာ့နိုင်ငံအတော်များများဟာ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ Peace Education ကို စနစ်တကျ ချဉ်းကပ်နေကြပါတယ်၊ စင်္ကာပူနိုင်ငံလို စက်မှုနဲ့နည်းပညာကို အထူးတိုက်တွန်းအားပေးတဲ့ နိုင်ငံမှာတောင် ကျောင်းသားလူငယ်တွေ နည်းပညာနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေမှာ အားသန်လာပြီး ကိုယ့်ကျင့်တရားနဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုတွေမှာ အားနည်းလာကြတဲ့အတွက် စာရိတ္တပညာနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ ဖြည့်စွက်သင်ဖို့ လိုအပ်တယ်ဆိုတဲ့ ၀န်ကြီးချုပ်ရဲ့ အကြံပြုချက်အရ ၂၀၀၅ခုနှစ်ကစပြီး ကျောင်းစာသင်ရိုးတွေမှာ Moral Education ကို ဘာသာရပ်အနေနဲ့ သေသေချာချာပြဌာန်းလာတာ တွေ့ရပါတယ်၊

တကယ်တော့ နည်းပညာနဲ့ ရုပ်ဝတ္ထုတွေ တရှိန်ထိုး တိုးတက်လာနေတဲ့ ဒီနေ့ကမ္ဘာမှာ လူငယ်တွေအတွက် သိပ္ပံနည်းပညာနဲ့အတူ စာရိတ္တပိုင်းနဲ့ စိတ်နှလုံးနူးညံ့သိမ်မွေ့မှုတွေ ရှိဖို့လည်း လိုအပ်လှပါတယ်၊ ဒါမှပဲ တိုးတက်လာတဲ့ ခေတ်ကို အဆိုးဘက်ကို ဦးမတည်စေဘဲ ငြိမ်းချမ်းသာယာလှပတဲ့ခေတ်ဖြစ်အောင် ဖန်တီးတည်ဆောက်သူတွေ ရှိလာမှာဖြစ်ပါတယ်၊ အဲဒီအတွက် ကျောင်းစာသင်ခန်းတွေနဲ့ ထိရောက်တဲ့ သင်ရိုးတွေ လိုအပ်ပါတယ်၊ ဒါကြောင့်ပဲ အကြမ်းဖက်ရက်စက်မှုတွေ လက်နက်ဆန်းတွေ အလုအယက် ပေါ်ထွက်နေတဲ့ ကမ္ဘာမှာ ငြိမ်းချမ်းရေးအတွက်ပညာရေး ဏနခေန နိကခအေငသည ကို အကောင်အထည် ဖော်နေကြတာပဲ ဖြစ်ပါတယ်၊

အခု ဆွေးနွေးတင်ပြသွားတဲ့ ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှ ကဗျာဟာ ဒီကနေ့ခေတ်အတွက် တကယ့် လိုအပ်ချက်ဖြစ်တဲ့အပြင် စာသင်သားအရွယ်လူငယ်တွေကို လမ်းညွှန်ပဲ့ပြင်ပေးနိုင်တဲ့ စာရိတ္တ ပညာပေး ကဗျာ တပုဒ်လို့ ပြောရမှာ ဖြစ်ပါတယ်၊ Moral Education အနေနဲ့ သီးခြားမရှိသေးတဲ့ မြန်မာနိုင်ငံ ပညာရေး ထဲမှာတော့ ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှ ကဗျာဟာ သင်ကြားသင့်တဲ့ သင်ခန်းစာကောင်း တပုဒ်ပဲ ဖြစ်ပါတယ်။


Sunday, March 15, 2009

ပြည်သူ့ညီလာခံ စကားပြေ


စစ်အစိုးရက အခြေခံပညာအထက်တန်းမြန်မာစာသင်ရိုးထဲက "ပြည်သူ့ညီလာခံ"ဆိုတဲ့ စကားပြေကိုလည်း ဖြုတ်ပယ်ပစ်လိုက်ပါတယ်၊ အဲဒီ စကားပြေဟာ ၁၉၄၆ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ထားတာဖြစ်ပါတယ်၊

ဒီစကားပြေကို စာသင်ခန်းမှာ သင်တော့မယ်ဆိုရင် ပထမဦးဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်သားတွေသိအောင် မိတ်ဆက်ပြောပြရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်မှာ အဲဒီ ကောက်နုတ်ချက်နဲ့ တွဲပြီး ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို အကျဉ်းချုပ် ဖော်ပြထားပါတယ်၊ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကျောင်းသားသမဂ္ဂအကြောင်း။ ဖဆပလအဖွဲ့ချုပ်အကြောင်းတွေကို ဆရာတွေက ရှင်းလင်း ပြောပြရမှာ ဖြစ်ပါတယ်၊ အဲဒါမှပဲ လူငယ်တွေဟာ နိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြရတဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကို သဘောပေါက်မှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ ကျောင်းသားဘ၀ကတည်းက နိုင်ငံ လွတ်လပ်ရေးရဖို့နဲ့ ပြည်သူလူထု ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိဖို့ကိုသာ တစိုက်မတ်မတ် စိတ်ထက်သန်ပြီး အမျိုးမျိုး ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လူငယ်တွေ အားကျအတုယူလာအောင် ပြောပြနိုင်ပါတယ်၊

ခု အဖြုတ်ပယ်ခံရတဲ့ ပြည်သူ့ညီလာခံလို့ခေါင်းစဉ်တပ်ထားတဲ့ ကောက်နုတ်ချက်ဟာ ပြည်သူအများစု တညီတညွတ်တည်း စုဝေးကြတဲ့ ညီလာခံရဲ့ သဘောသဘာဝကို အဓိက ပြောထားတာပဲ ဖြစ်ပါတယ်၊ ဗိုလ်ချုပ်က
ကမ္ဘာသူကမ္ဘာသားတို့ ရှေးရိုးစဉ်လာ ဥာဏ်မျက်စေ့ကျယ်စွာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသော နည်းနာနိဿယအတိုင်းဖြစ်ရကား လျော်ကန်သင့်မြတ် ဖြောင့်ဖြူးသော စုဝေးခြင်းပေတည်း။ ရှေးပဝေသဏီက စ၍ ကမ္ဘာသူ ကမ္ဘာသားတို့သည် ပြဿနာတခုကို ကြုံတွေ့ရလျှင် ဤကဲ့သို့ပင် စုဝေးဆွေးနွေး ဖြေရှင်းခဲ့ကြပေသည်၊
လို့ ပြောခဲ့တာ တွေ့ရပါတယ်၊ ဒါကို သင်ကြားတဲ့ဆရာဆရာမတွေက နိုင်ငံ့အရေး ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းကသာ ငြိမ်းချမ်းတဲ့ အဖြေတခု ပေးနိုင်တယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေကို ဆက်စပ်ပြီး ရှင်းပြပေးနိုင်ပါတယ်၊

အဲဒီအပြင် ဗိုလ်ချုပ်အောင်ဆန်းက
ကျွန်ုပ်တို့လူမျိုးအတွက် သတ္တိဗျတ္တိနှင့် အံ့ဖွယ်ဘနန်း သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ ကြသည့် မရေမတွက်နိုင်သော သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေအနှစ်တည်းဟူသော အာဇာနည်စိတ် စသည်တို့ကို ယခုအချိန် အခါ သတိရကြပေလိမ့်မည်၊ သို့ သတိရကြသည့်အားလျော်စွာ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေပြုပြီးလျှင် ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့ အဆင့်အတန်းကို မီအောင် အားထုတ်လုံးပမ်းမည်၊ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်တို့ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟု သစ္စာပြုကြပါစို့… ၊
လို့ ပြောခဲ့တာလည်း တွေ့ရပါတယ်၊

အဲဒီနေရာမှာလည်း ဆရာဆရာမတွေဟာ ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး နိုင်ငံ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ ရှိခဲ့ကြောင်းကို နမူနာသာဓကတွေပြပြီး ရှင်းလင်း ပြောပြနိုင်ပါတယ်၊ အဲဒီအခါ ကျောင်းသားလူငယ်တွေဟာ လေးစားထိုက်သူကို လေးစားရကောင်းမှန်း။ အတုယူ ထိုက်သူကို အတုယူရ ကောင်းမှန်း။ အရိုအသေပေးထိုက်သူကို အရိုသေပေးရ ကောင်းမှန်း။ မြင်လာပြီး စိတ်အား တက်ကြွလာကြမှာဖြစ်ပါတယ်၊ အဲဒီအပြင် မြန်မာ့သမိုင်းတလျှောက်က အာဇာနည်ပုဂ္ဂိုလ်တွေကို အရိုအသေ ပေးရကောင်းမှန်းမသိသူတွေကိုပါ ပြစ်တင်ဝေဖန်တတ်လာမှာ ဖြစ်ပါတယ်၊ ဒါမှပဲ လူငယ်တွေအနေနဲ့ သူတို့ခေတ်မှာလည်း ကောင်းတဲ့သမိုင်းကြောင်းကို ဖန်တီးဖို့လိုတယ်ဆိုတာကိုပါ သတိပြုမိလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီ ပြည်သူ့ညီလာခံ စကားပြေကနေ ဆရာဆရာမတွေရဲ့ သင်ကြားမှုပေါ် မူတည်ပြီး ကျောင်းသား လူငယ်တွေဆီမှာ ပြည်သူလူထုအတွက် ကြိုးစားပေးလိုတဲ့ တိုင်းပြု ပြည်ပြု စိတ်တွေ ပေါက်ဖွားလာနိုင်ပါတယ်၊

ဗိုလ်ချူပ်အောင်ဆန်းက အဲဒီမိန့်ခွန်းမှာပဲ လွတ်လပ်ရေးရဖို့အတွက်ဆိုရင်မျက်စေ့တမှိတ် လျှပ်တပြက် အတွင်းမှာတော့ မရနိုင်။ အဆင့်ဆင့်အခြေအနေကို ကြည့်ရှုပြီး လုံးပန်းနိုင်မှ တိုးတက်အောင်မြင်မှုရှိနိုင်မယ် လို့လည်း ပြောခဲ့ပါတယ်၊ ဒါဟာ လူတိုင်း အမှန်တကယ် လွတ်လပ်ဖို့ လိုအပ်နေတဲ့ ခုလို အချိန်အခါမျိုးမှာ လူငယ်တွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့အရေးအတွက် စိတ်ရှည်ရှည်နဲ့ ကြိုးပန်းအားထုတ်စေဖို့ တွန်းအားပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်၊ အဲဒီအပြင် ဗိုလ်ချုပ်ဟာ လူတဦးတယောက်ကို အားကိုးပြီး ပြည်သူလူထုက ကိုယ့်ကိုယ်ကို အားမကိုးတော့ဘဲ နောက်လိုက်လုပ်ဖို့ကိုသာ စဉ်းစားမနေသင့်ဘူးလို့လည်း ပြောသွားပါတယ်၊ လွတ်လပ်ရေးဟာ လူတိုင်းနဲ့ သက်ဆိုင်တာမို့ လူတိုင်းက ဦးဆောင်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းဖို့လိုတယ် ဆိုတာကိုလည်း
သတ္တိဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေး အစစ်ကို ခံစားခွင့်ရပေလိမ့်မည်…
လို့ ပြောထားပါတယ်၊

ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကြိုးပမ်းရာမှာ ခြေလှမ်းညီကြဖို့ အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး က အရေးပါကြောင်းတွေကိုလည်း ပြောခဲ့ပါတယ်၊ အဲဒါကို ကောက်နုတ်ချက်ထဲမှာ
အမျိုးသားညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို၊ လူမျိုး ဘာသာ ယောက်ျား မိန်းမ ဂိုဏ်းဂဏ မရွေး။ တနိုင်ငံလုံး ပြည်သူပြည်သား လူထုတခုလုံး အပြောသာ မဟုတ်။ အလုပ်နှင့်တကွ အမျိုးသားတို့ အလို ဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့ လုပ်ငန်းများတွင် သောင်းသောင်းဖျဖျ စိတ်ရောကိုယ်ပါ ညီညွတ် ကြသည်ကို ဆိုလိုသည်…
လို့ တွေ့ရပါတယ်၊ ဒါဟာ လက်ရှိမျက်မှောက်ခေတ်လို လူမျိုးစုအချင်းချင်း နည်းအမျိုးမျိုးနဲ့ သွေးခွဲခံထားရတဲ့ မြန်မာနိုင်ငံက စာသင်သားလူငယ်တွေ သိသင့်သိထိုက်လှတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်၊

အချုပ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက
ရဲဘော်တို့… ခြေလှမ်းမှန်မှန်နှင့် သွားနိုင်ရန် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြလော့။ ကျွန်ုပ်တို့ လွတ်လပ်ရေးကို ကျွန်ုပ်တို့ မကြာမြင့်မီ ရရှိမည်ဟု တထစ်ချ ယုံကြည်ကြလော့၊ အပ္ပမာဒေန သမ္မာဒေထ၊
လို့ ပြောပြီး မိန့်ခွန်းကို နိဂုံးချုပ်ပါတယ်၊ မိန့်ခွန်းရဲ့ အဆုံးသတ်မှာ "အပ္ပမာဒေန သမ္မာဒေထ" လို့ ဆိုထားတာဟာ ဗုဒ္ဓရဲ့ တရားအဆုံးအမတို့ကို လိုက်နာသလို လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကိုလည်း မမေ့မလျော့ခြင်းနဲ့ ကောင်းစွာပြည့်စုံကြစေကုန်လော့လို့ အခိုင်အမာ သတိပေးတိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်၊ ဒါဟာ ဗိုလ်ချုပ်ရဲ့ ရဲရဲတောက် ခိုင်မာ ပြတ်သားတဲ့ ယုံကြည်ချက်ကို အထင်အရှား မြင်တွေ့ရစေတဲ့ အပြင် ကျောင်းသား လူငယ်တွေရဲ့ စိတ်နှလုံးကိုပါ အားမာန်ပေးနိုင်စွမ်းရှိတဲ့ နိဂုံးစကားပဲ ဖြစ်ပါတယ်၊

ဗိုလ်ချုပ်ရဲ့ ဒီ မိန့်ခွန်း ကောက်နုတ်ချက်ကို သုံးသပ်မယ်ဆိုရင် လွတ်လပ်ရေးဆိုတာဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပိုင်ခွင့်သာ ဖြစ်တာမို့ အဲဒီလွတ်လပ်ရေးရဖို့ ညီညီညွတ်ညွတ်နဲ့ အပြင်းအထန် ကြိုးစားကြရမယ်လို့ အားပေးတိုက်တွန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးပိုင်ခွင့်ဆိုတာဟာလည်း ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောသဘာဝ တခုပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အခုလို ဒီမိုကရေစီနိုင်ငံ ထူထောင်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ "ပြည်သူ့ညီလာခံ" မိန့်ခွန်း ကောက်နုတ်ချက်ဟာ ကျောင်းသားလူငယ်တွေအတွက် မဖြစ်မနေ သင်ကြားပေးသင့်တဲ့ သင်ခန်းစာတခုပဲ ဖြစ်ပါတယ်။

၂။၈။၀၈၊

Saturday, March 14, 2009

အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ(၃)


ပြီးခဲ့တဲ့တပတ်မှာတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မျိုးဆက်သစ်လူငယ်လေးတွေ သိသင့်သိထိုက်တဲ့ အတုယူရမယ့် ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် ဆရာကြီးရဲ့စာတွေဟာ လူငယ် တွေအတွက် အထွေထွေဗဟုသုတနဲ့ စိတ်ခွန်အားတွေ ဖြန့်ဝေပေးနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို အကျဉ်းပြောပြခဲ့ပြီးပါပြီ၊ ဒီတပတ်မှာတော့ အခြေခံပညာအထက်တန်း ရဲ့ မြန်မာစာသင်ရိုးထဲကနေ စစ်အစိုးရက ဖြုတ်ပယ်ပစ်လိုက်တဲ့ စာပေပါရဂူ အလကာင်္ကျော်စွာ သခင်ကိုယ်တော်မှိုင်းရဲ့ သပြေနုချိန် လေးချိုးကြီးကဗျာနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောပြချင် ပါတယ်၊

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီး ဆရာဇော်ဂျီက ရသစာပေနိဒါန်း စာအုပ်မှာ
မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင် သောကြောင့် ဖြစ်သည်ဟု ယူဆပါသတည်း။
လို့တောင် ဖော်ပြခဲ့ပါတယ်၊ တကယ်ပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ မြန်မာပြည်လူထုကို လွတ်လပ်ရေးရဲ့ တန်ဖိုး အနှစ်သာရတွေကို သိပြီး လွတ်လပ်ချင်တဲ့ သခင်စိတ်မျိုး ဖြစ်ပေါ်လာအောင် သူ့ရဲ့ စာပေနဲ့ နှိုးဆော်ခဲ့တာကို လွတ်လပ်ရေး ကြိုးပမ်းမှုကာလ မြန်မာ့သမိုင်းတလျှောက်မှာ တွေ့နိုင်ပါတယ်၊ ဒါကြောင့်ပဲ ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီး ဆရာကြီးကို လူပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် သီလ သမာဓိ ပညာနှင့် ပြည့်စုံ၍ ပြည်သူလူထုအပေါ်၌ မေတ္တာအထားဆုံးဖြစ်သော ပုဂ္ဂိုလ်ဟှူုလည်းကောင်း စာရေးဆရာ တဦးအဖြစ်ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရာရကြောင်းအတွက် ကျေးဇူးအပြုဆုံးစာဆို ဟှူုလည်းကောင်း တန်ဖိုးထားချင်ပါသည်။ ကျနော်တို့ခေတ့်သာမက နောင်လာမည့် ခေတ်အဆက်ဆက်၌လည်း ထိုသို့ပင် တန်ဖိုးထားကြလိမ့်မည်ဟု ဆိုရဲပါသည်… လို့ ယုံယုံကြည်ကြည်နဲဏ္ဍ ဂုဏ်ပြု ဖော်ပြခဲ့တာပါ၊

အဲသလို ဂုဏ်ပြုခံစာဆိုကြီးရဲ့ သိသင့်သိထိုက်တဲ့စာပေတွေကို စစ်အစိုးရက ဖြုတ်ပယ်ပစ်နေတာဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးသမိုင်း စာပေသမိုင်းနဲ့ ဂုဏ်ယူစရာ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေကို ဖြုတ်ပယ် ပစ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်၊ ခု အထက်တန်း ပင်ရင်းမြန်မာကဗျာ လက်ရွေးစဉ်ထဲက ဖြုတ်ပယ် ပစ်လိုက်တဲ့ သခင် ကိုယ်တော်မှိုင်းရဲ့ သပြေနုချိန်ကဗျာဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလမှာ ကျောင်းသား တွေဘက်က ကြိုးစားအားထုတ်မှုနဲ့ ပြည်သူလူထုဘက်က အားပေးပံ့ပိုးဖို့ လိုတဲ့အကြောင်းတွေကို လေးချိုးကြီး ပုံစံနဲ့ ရေးဖွဲ့ထားတာဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်မှန်သမျှ ဆုံးရှုံးနေရတဲ့ စစ်ကျွန်ဘ၀ အောက်က လွတ်မြောက် ရေးအတွက် ကြိုးစားရမယ့် ခုလိုအချိန်မျိုးမှာ ကျောင်းသားလူငယ်တွေ သိသင့်သိထိုက် တဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတခုကို ရေးဖွဲ့ထားတာဖြစ်တဲ့ သပြေနုချိန်ကဗျာဟာ သင်ကြားသင့်တဲ့ ကဗျာ တပုဒ်ပဲ ဖြစ်ပါတယ်၊

၁၈၈၅ခုနှစ် ဒီဇင်ဘာက စလို့ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရတဲ့ မြန်မာပြည်မှာ လွတ်လပ်ရေး အတွက် ကြိုးပမ်းလှုပ်ရှားမှုတွေ နေရာအနှံ့မှာ နည်းအမျိုးမျိုးနဲ့ ရှိနေချိန်မှာ လွတ်လပ်ရေးအတွက် အရေးဆိုဖို့ မြန်မာလူထုရဲ့ ကိုယ်စားလှယ် အမျိုးသားခေါင်းဆောင် တွေအဖြစ် ဦးဘဖေ။ ဦးပု။ ဦးထွန်းရှိန်တို့ ၃ဦးကို ၁၉၁၉ခုနှစ်မှာ အင်္ဂလန်နိုင်ငံသွားဖို့ စေလွှတ်ခဲ့ပါတယ်၊ သပြေနုချိန်လေးချိုးကြီးဟာ အဲဒီ ဖေ-ပု-ရှိန် တို့ရဲ့ လွတ်လပ်ရေး အရေးဆိုပွဲကို တမျိုးသားလုံးက တညီတညွတ်တည်း ထောက်ခံကြဖို့။ လောကုတ္တရာရေး လုပ်နေသူတွေပါမကျန် ၀ိုင်းဝန်းအုံကြွပြီး ထောက်ခံအားပေးကြဖို့လိုတဲ့အကြောင်းနဲ့ ဆုတောင်းမေတ္တာပို့ကြဖို့ လိုကြောင်းတွေကို လှုံ့ဆော်တိုက်တွန်းတဲ့အနေနဲ့ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်၊ တနည်းအားဖြင့်တော့ ပြည်သူ လူထုတရပ်လုံး ညီညွတ်အောင် စည်းရုံးတဲ့ သဘောပဲ ဖြစ်ပါတယ်၊

တကယ်တော့ သပြေနုချိန်လေးချိုးကြီးကို စာသင်ခန်းမှာ သင်မယ်ဆိုရင် ဆရာတွေအနေနဲ့ အဲဒီကာလက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါဝင်လာတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ဆက်စပ်လုပ်ဆောင်မှု အခန်းကဏ္ဍကို အကျဉ်းလောက် ပြောပြနိုင် ပါတယ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ နိုင်ငံရေးတာဝန်ကျေမှု။ ဇာတိမာန်စိတ်နဲ့အတူ နိုင်ငံလွတ်လပ်ရေး အပေါ် အသိတရားရှိရှိနဲ့ တာဝန်ယူမှုတွေကို ပြောပြနိုင်ပါမယ်၊ ဒါဟာ မျိုးဆက်သစ်တွေကို ရှိသင့်တဲ့ နိုင်ငံရေး အသိတရား သွင်းပေးတာပါပဲ၊ ဒါမှပဲ ကိုယ့်နိုင်ငံအရေးကို သေသေချာချာနားလည်ပြီး လွတ်မြောက်ရာလမ်း။ တိုးတက်ရာလမ်းကို ဘယ်လို ရှာကြံ လုပ်ဆောင်ကြရမယ်ဆိုတဲ့ စိတ်ကူးစိတ်သမ်းတွေ အကြံဥာဏ်တွေ ပေါ်ပေါက်စေမှာ ဖြစ်ပါတယ်၊ အဲဒီအပြင် မြန်မာ့ ထုံးတမ်းစဉ်လာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေနဲ့ ရိုးရာဓလေ့ကိုပါ သပြေနုချိန်ကဗျာ ကနေတဆင့် သိသွားမှာဖြစ်ပါတယ်၊

ဥပမာအနေနဲ့ပြောပြရရင်
သြော်… ပြေအမှုပေမို့
ငွေခရုငယ်နဲ့
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလည်း များလိုက်ပါဘိသနဲ့
ဆိုတဲ့အဖွဲ့ထဲမှာတင်… ငွေခရု ဆိုတာက ဗမာ့ထုံးစံအရ မင်္ဂလာရှိတဲ့ အခမ်းအနားတွေမှာ ခရုသင်းမှုတ်တဲ့ အောင်မြင်ခြင်းနိမိတ်ဖြစ်ပြီး။ ပါဠိစကားလုံးဖြစ်တဲ့ ဇေယျတုဆိုတာကလည်း အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ် ဖြစ်သလို သပြေပန်းဟာလည်း မြန်မာလူမျိုးတွေရဲ့ အောင်မြင်ခြင်းနိမိတ်ကို ဖော်ဆောင်တဲ့ ပန်းဖြစ်ပါတယ်၊ ဒါကြောင့် အဲဒီကဗျာလေးတပိုဒ် မှာကို မြန်မာမှုဆိုင်ရာတွေကို စာသင်သားတွေ သိခွင့်ရသွားပါတယ်၊ ဒါဟာပဲ ကဗျာ ကောင်းတပုဒ်ရဲ့ တန်ဖိုးဖြစ်တယ် ဆိုတာကိုပါ လူငယ်တွေသိအောင် ပြောပြနိုင်ပါတယ်၊

အဲဒီလိုပဲ သပြေနုချိန် ကဗျာထဲမှာ....
အကောင်းတမင် မှန်းမှန်းပြီး ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံထူ… ဆိုတဲ့အဖွဲ့
ဒေါင်းအိုးဝေတွန်သံသာမှဖြင့်… ဆိုတဲ့အဖွဲ့
ဒေါင်းခွပ်မည် ထင်ရည်မှန်းကြပေတော့… ဆိုတဲ့အဖွဲ့
နေစောင်းလျှင် ရွှေဒေါင်းသူရိန်မြူးပါလို့… ဆိုတဲ့အဖွဲ့
ဒေါင်းပရိတ်တော်ကြောင့် ကောင်းဟိတ်ဇေယျာသော… ဆိုတဲ့အဖွဲ့တွေဟာ မြန်မာ့ သမိုင်းစဉ်ထဲက ဒေါင်းနဲ့ပတ်သက်ပြီး ယုံကြည်ထားကြတဲ့ အတိတ် နိမိတ် ဗုဒ္ဓဘာသာ အစဉ်အလာတွေအကြောင်းကိုပါ ပြောပြလို့ရတဲ့ အဖွဲ့တွေဖြစ်ပါတယ်၊ ဒါကြောင့်ပဲ သပြေနုချိန် လေးချိုးကြီး တပုဒ်တည်းမှာတောင်မှပဲ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေ အတွက် ဗဟုသုတရစရာတွေ အများကြီး ရှိနေတယ်လို့ ပြောရတာဖြစ်ပါတယ်၊

ဗြိတိသျှစာရေးဆရာကြီး Bertrand Russel ရဲ့ အဆိုအရတော့ ကလေးတွေကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ပညာပေးရာမှာ အမြော်အမြင်ကြီးပြီး ရိုးသားဖြောင့်မှန်တဲ့ သူတွေ ဖြစ်လာအောင်... အကြောက်တရားကင်းမဲ့သူ တွေ ဖြစ်လာအောင်... အရည်အသွေးကောင်း တွေ ရှိလာအောင်... အတွေးအခေါ်ကောင်းတွေ ရှိလာအောင်။ သည်းခံစိတ်ရှိပြီး ယဉ်ကျေး သိမ်မွေ့တဲ့သူတွေ ဖြစ်လာအောင်... နိုင်ငံကြီးသားပီသအောင် ပြုစု ပျိုးထောင် ပေးရမယ်လို့ ဆိုပါတယ်၊ အဲဒီလို ပြည့်စုံတဲ့ကလေးတွေဖြစ်လာဖို့ မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေ အတွက်တော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဘ၀နဲ့ စာပေလက်ရာတွေဟာ လေ့လာသင်ယူရမယ့် သင်ခန်းစာတွေပဲ ဖြစ်ပါတယ်၊

စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်ပြီး 'မဟာသခင် ကိုယ်တော်မှိုင်း' ဆိုတဲ့ ပူဇော်ကဗျာတပုဒ် ရေးခဲ့တာရှိပါတယ်၊ အဲဒီကဗျာထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂုဏ်ရည်ကို ဆရာကြီး ဒဂုန်တာရာက
သမိုင်းဗေဒ
အတိတ်မသိလျှင်။ ဘာမျှမသိ
မှိုင်းမသိလျှင် လွတ်လပ်ရေးမသိ
မှိုင်းမသိလျှင် ညီညွတ်ရေး မသိ
မှိုင်းမသိလျှင် ငြိမ်းချမ်းရေးမသိ
အတိတ်မသိလျှင် ဘာမျှမသိ
ယနေ့မသိလျှင် အနာဂတ်မသိ
မသိ မသိ မသိ၊
မှိုင်းဒဿန
အမှောင်ရှိမှ အလင်းသိမည်
ရန်သူမရှိ မိတ်ဆွေသာရှိ
မုန်းသူမရှိ ချစ်သူသာရှိ
ရန်သူသဟာကို မိတ်ဆွေဖြစ်လာရေး
မဟာမှိုင်းအား ငါလဋင်ဂုဏ်ပြုလိုက်ပါ၏...
လို့ ရေးဖွဲ့ခဲ့ပါတယ်၊ ဒါဟာ သခင် ကိုယ်တော်မှိုင်းဆိုတဲ့ စာဆိုကြီးနဲ့ သူ့ရဲ့ စာပေတွေဟာ မျိုးဆက်သစ် လူငယ် တွေ သိသင့်တဲ့ အတုယူစံထားထိုက်တဲ့ သင်ယူသင့်တဲ့ အယူအဆတွေ လမ်းစဉ်တွေပဲဖြစ်တယ်ဆိုတာကို ပေါ်လွင် ထင်ရှားအောင် မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်…။

၂၈၊၀၇။၀၈၊

အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ(၂)


စစ်အစိုးရက အခြေခံပညာအထက်တန်းသင်ရိုးကို GCE O level မီအောင် ပြုပြင် ပြောင်းလဲမယ်လို့ အကြောင်း ပြပြီး ကျောင်းသားလူငယ်တွေအတွက် မြန်မာစာသင်ရိုးထဲက ဇာတိမာန်ရှိဖို့။ နိုင်ငံချစ်စိတ်ရှိဖို့နဲ့ စိတ်ဓာတ် ကြံ့ခိုင်ရေးတွေအတွက် လိုအပ်လှတဲ့ စာကောင်းပေကောင်းတွေကို ဖြုတ်ပစ်နေတဲ့အကြောင်းကိုပဲ ဆက်ပြီး ဆွေးနွေးသွား ပါမယ်၊

တကယ်ကတော့ စစ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းနဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေမှာ အစဉ်အလာကြီးမားခဲ့တဲ့ ကျေးဇူးရှင် ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း။.. လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ မတရားအစိုးရကို ဆန့်ကျင်တဲ့ စာရေးဆရာကြီး မောင်စွမ်းရည်တို့ကို တဖြည်းဖြည်းနဲ့ ပျောက်ပျက်သွားအောင် ဖျောက်ဖျက်ချင်တာပဲ ဖြစ်ပါတယ်၊ ဒါဟာ အဲဒီ ပုဂ္ဂိုလ်ကြီးတွေရဲ့ စာပေလက်ရာ အဆိုအမိန့်တွေကို ဖျောက်ဖျက်ခြင်းအားဖြင့် နောင်တချိန်မှာ အမည်နာမ တွေပါ မှေးမှိန် ပျောက်ကွယ်သွားအောင် ရည်ရွယ်တာလို့ ယူဆရပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာစာဘာသာရပ်ရဲ့ သဘောသဘာဝအရ စာပေလက်ရာ သင်ခန်းစာတခုကို သင်တယ်ဆိုရင် အဲဒီစာပေကို ရေးသားပြုစုတဲ့ စာရေးဆရာရဲ့ အတ္ထုပတ္တိနောက်ခံကို ဆရာက ကျောင်းသားတွေ သိအောင် သေသေချာချာ ပြောပြရပါတယ်၊ ဒါမှပဲ စာရေးဆရာရဲ့ ဘ၀နဲ့ သူကျင်လည်ဖြတ်သန်းရာ ခေတ်အပေါ် အခြေခံပြီး ပေါ်ထွက်လာတဲ့ စာပေလက်ရာကို နားလည် ခံစားပြီး အကဲဖြတ် သုံးသပ်နိုင်မှာ ဖြစ်လို့ပါပဲ၊ ဒါမှပဲ စာရေးဆရာပေးလိုတဲ့ ရည်ရွယ်ချက် အောင်မြင်ပြီး စာဖတ်သူ ကျောင်းသားတွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်၊

စစ်အစိုးရက ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး အခြေခံပညာအထက်တန်းရဲ့ မြန်မာစကားပြေ သင်ရိုးထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲဏ္ဍ လူကြီးနဲ့ လူငယ်ဆိုတဲ့ စကားပြေ ကောက်နုတ်ချက်ကို ဖြုတ်ပယ်ပစ် လိုက်ပါတယ်၊ လူကြီးနဲ့လူငယ်စကားပြေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံဆိုတဲ့ ရာဇ၀င်သမိုင်း နောက်ခံ ၀တ္ထုကြီးထဲက စာသင်သားအရွယ် လူငယ်တွေ သိသင့်သိထိုက်တယ်လို့ ယူဆရတဲ့ အခန်းတခုကို ရွေးထုတ်ပြီး ကောက်နုတ် ပြဌာန်းထားတာ ဖြစ်ပါတယ်၊

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၈၇၆ခုနှစ်မတ်လ၂၃ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၉နှစ်ကျော်အရွယ် ဘုန်းကြီးကျောင်း စာသင်သား ဘ၀မှာ သီပေါဘုရင်ပါတော်မူတဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ရဖူးသူဖြစ်ပါတယ်၊ အဲဒီမြင်ကွင်းကို မြင်လိုက်ချိန်ကစပြီး နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြင်းပျခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ အသက်၂၂နှစ်အရွယ် ၁၈၉၈ ခုနှစ်ကစပြီး နယ်ချဲ့ဆန့်ကျင်ရေး။ အမျိုးသားလွတ်မြောက်ရေး။ နိုင်ငံ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ စာပေတွေ တစိုက်မတ်မတ် ရေးခဲ့တာပါ၊ ၁၉၂၀ တက္ကသိုလ် ကျောင်းသားသပိတ်ကစပြီး အမျိုးသားကောလိပ်ကျောင်းရဲ့ မြန်မာစာနဲ့ ရာဇ၀င်ပါမောက္ခ ဆရာဘ၀မှာ ကျောင်းသားတွေနဲ့အတူ မားမားမတ်မတ်ရပ်ပြီး နယ်ချဲ့ကို ဆန့်ကျင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်၊ ဆရာကြီးဟာ ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံအပါအ၀င် ၁၃၀၀ပြည့် အရေးတော်ပုံကြီးကိုလည်း အတိအလင်း အားပေး ထောက်ခံခဲ့ပါတယ်၊ ဒါတွေကြောင့်ပဲ ဗြိတိသျှအစိုးရက ဖမ်းဝရမ်းထုတ်တာတောင် ခံခဲ့ရဖူးပါတယ်၊ ဆရာကြီးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အထိ ကလောင်ကိုင်ပြီး တိုက်ပွဲဝင်ခဲ့သလို လွတ်လပ်ရေးရပြီးနောက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပံ့ပိုးခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်၊

အဲဒီအပြင် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် အားပေးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် ၁၉၅၂ခုနှစ်မေလမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂယက် (ဗမာနိုင်ငံ)ရဲ့ ဥက္ကဌအဖြစ် တင်မြှောက် ခံရပြီး ၁၉၅၄ခုနှစ်မှာတော့ ငြိမ်းချမ်းရေး စတာလင် ဆုရှင်အဖြစ် ရွေးချယ်ခံ ရပါတယ်၊ အဲဒီအပြင် ၁၉၆၀ခုနှစ်မှာလည်း အရှေ့ဂျာမဏီနိုင်ငံ ဟမ်းဘတ် တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်၊ ဒါဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ငြိမ်းချမ်းရေးခေါင်းဆောင် စာဆိုကြီး ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးအတွက် ကမ္ဘာလှည့်ခဲ့တဲ့ စာဆိုကြီးလည်းဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာကြီးဟာ မြန်မာစာပေကို အကြောင်းပြုပြီး အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါသေးတယ်၊ တိုက်တိုက်ဆိုင်ဆိုင် အခု ၂၀၀၈ခုနှစ် ဇူလိုင်လ၂၃ရက်နေ့ဟာ ဆရာကြီး ကွယ်လွန်တာ ၄၄နှစ်ပြည့် ဖြစ်ပါတယ်၊

အဲဒီလို လေးစားဂုဏ်ယူထိုက်တဲ့ စာဆိုကြီးဖြစ်တဲ့အပြင် ဆရာကြီးရဲ့စာပေတွေဟာ လူငယ်စာသင်သားတွေ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ။ ကျင့်ဝတ်တွေ။ နိုင်ငံရေး အသိအမြင်တွေ ပါဝင်နေတာမို့လို့ အခြေခံပညာ အထက်တန်းသင်ရိုးထဲမှာ ဆရာကြီးရဲ့ စာပေလက်ရာတွေထဲက လူကြီးနဲ့လူငယ် စကားပြေ ကောက်နုတ်ချက်နဲ့ သပြေနုချိန် ကဗျာတွေကို ရွေးချယ် ပြဌာန်းခဲ့တာ ဖြစ်ပါတယ်၊ ဒါကို ခု စစ်အစိုးရက ဖြုတ်ပယ်ပစ် လိုက်ပါပြီ၊ အဲဒီ ဖြုတ်ပယ်ခံရတဲ့ ဆရာကြီးရဲ့စာပေတွေကို မျိုးဆက်သစ်လူငယ်တွေ သိသင့်သိထိုက် တာမို့ လက်ဆင့်ကမ်းတဲ့ အနေနဲ့ ဆွေးနွေးပြောပြသွားချင်ပါတယ်၊

လူကြီးနဲ့လူငယ် စကားပြေ ကောက်နုတ်ချက်မှာ ခေတ်အဆက်ဆက် လူကြီးတွေနဲ့ လူငယ်တွေကြားမှာ အခြေအနေ အချိန်အခါ အလိုက် အသက်အရွယ် အတွေ့အကြုံတွေ အရ။ အတွေးအမြင် အယူအဆဆိုင်ရာ ကွာဟချက်တွေ ရှိနေတတ်တာကို ထောက်ပြပြီး အဲဒီကွာဟချက် တွေကို လူကြီးတွေရော လူငယ်တွေပါ နားလည်မှုရှိရှိနဲ့ ညှိနှိုင်းဖြေရှင်း သွားဖို့လိုကြောင်း။ လူကြီးလူငယ်တွေအချင်းချင်း တဦးနဲ့တဦး အပြန်အလှန် လေးစားမှုရှိရှိ နဲ့ ပြ၏နာကိစ္စ အ၀၀ကို ပူးပေါင်းလက်တွဲ ဖြေရှင်း သွားသင့်ကြောင်းတွေကို အခိုင်းအနှိုင်းတွေ ဥပမာ သာဓကတွေနဲ့ ရေးပြထားတာ တွေ့ရပါတယ်၊ ဒီအပြင် လူကြီးတွေမှာ ရှိတတ်တဲ့ ကောင်းကွက်ဆိုးကွက်။ လူငယ်တွေမှာ ရှိတတ်တဲ့ ကောင်းကွက်ဆိုးကွက်တွေကို ထောက်ပြရင်း ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေ။ မြန်မာဘုရင် လက်ထက်တုန်းက လူငယ်တွေကို နိုင်ငံခြားပညာတော်သင်စေလွှတ်တဲ့အကြောင်းလို ဗဟုသုတ ရစေတဲ့ အချက်မျိုးတွေကို စေတနာပါပါနဲ့ ထည့်သွင်း ရေးသား ထားတာဟာလည်း မှတ်သားနာယူစရာ ကောင်းလှပါတယ်၊ ဒါကြောင့် အဲဒီစကားပြေပါ အကြောင်းအရာဟာ ဘယ်လိုခေတ်မျိုးမှာမဆို လူငယ်တွေ အတွက် အသုံးဝင်လှတဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ခုလို နိုင်ငံ အေးချမ်း သာယာရေးကို တည်ဆောက်နေတယ်ဆိုတဲ့ အချိန်ကာလမျိုးမှာ လူငယ်တွေကို ကျောင်းပညာရေးကနေတဆင့် အသိပေးသင့်တဲ့ အကြားအမြင် ဗဟုသုတတွေလည်း ဖြစ်ပါတယ်၊

နိုင်ငံအပေါ်စေတနာထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ဆိုရင် ခုလို မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ ယဉ်ကျေးမှု တွေ ပျက်စီးစပြုနေပြီး။ လူကြီးတွေကြားမှာလည်း ကိုယ်ကျင့်တရားနဲ့ စာရိတ္တပိုင်းအရ ယိုယွင်းပျက်စီးသူတွေ များလာနေတဲ့ အချိန်မှာ လူငယ်တွေကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးနိုင်တဲ့ စာပေတွေနဲ့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တွေကို သိအောင်။ စီစဉ်သင်ကြားပေးဖို့ လိုပါတယ်၊ အခု မြန်မာနိုင်ငံရဲ့ စစ်အစိုးရကတော့ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးကို မြင့်မားစေနိုင်တဲ့ စာပေမျိုးတွေနဲ့ မျိုးချစ် စာဆိုကြီးတွေရဲ့ အကြောင်းကိုတောင် သိခွင့် ဖတ်ရှုခွင့်မရအောင် တားမြစ်ဖျောက်ဖျက်နေတာဟာ ကျောင်းသား လူငယ် ကလေးတွေအပေါ် စေတနာမထား တဲ့ သက်သေပြယုဂ်ပဲ ဖြစ်ပါတယ်။


အခြေခံပညာအထက်တန်း မြန်မာစာသင်ရိုးအပြောင်းအလဲ


စစ်အစိုးရဟာ မြန်မာနိုင်ငံကို လက်နက်ကိုင်ပြီး အာဏာာရှင်လို အုပ်ချုပ်ဖို့ ပြင်ဆင်ရာမှာ ပညာရေးစနစ်ကို သူတို့အလိုကျ ပုံသွင်းတဲ့ စီမံကိန်းကလည်း အပါအ၀င်ပဲ ဖြစ်တယ်ဆိုတာကို ကျမ အထောက်အထားတွေနဲ့တကွ အများကြီး ပြောခဲ့ပြီးဖြစ်ပါတယ်၊ ခုလည်း ကျောင်းသားလူငယ်တွေကို လူမှုရေး နိုင်ငံရေးဆိုင်ရာ အသိပညာ ဗဟုသုတ ပေးနိုင်တဲ့အပြင် မတရားမှုဆိုတာကို မီးမောင်းထိုးပြနိုင်တဲ့ သင်ခန်းစာတွေကို အခြေခံပညာ အထက်တန်း သင်ရိုးထဲကနေ ထုတ်ပယ်ပစ်လိုက်တဲ့အကြောင်းတွေကို ဆွေးနွေးသွားပါ့မယ်၊

၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ အခြေခံပညာအထက်တန်းရဲ့ သင်ရိုးကို နိုင်ငံတကာ အဆင့်မီ GCE O Level နဲ့အညီ ပြုပြင်လိုက်တယ်လို့ စစ်အစိုးရက ကြေငြာပါတယ်၊ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ၁၉၆၂နောက်ပိုင်းကစပြီး မတည်ငြိမ်ခဲ့တဲ့ ပညာရေးစနစ်နဲ့ လွဲမှားတဲ့ သင်ကြားနည်းစနစ်တွေကြောင့် ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်း ဆိုင်ရာမှာ လျော့နည်းနေခဲ့ ကြရတာမို့ ခု ရုတ်တရက်ချည်း အသစ် ပြောင်းမယ်ဆိုတဲ့ နိုင်ငံတကာ အဆင့်မီ သင်ရိုးကို ကျောင်းသားတွေ။ ဆရာတွေအနေနဲ့ တကယ် လိုက်နိုင် သင်ယူနိုင်။ သင်ကြားနိုင်ပါ့မလားဆိုတာက အရေးကြီးတဲ့ စိန်ခေါ်ချက်တွေထဲက တခုဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန် မြန်မာနိုင်ငံမှာက ဆရာတွေကိုယ်တိုင် အဲဒီ နိုင်ငံတကာအဆင့်မီဆိုတဲ့ ပညာရေးမျိုးကို ထိတွေ့ဖူးတာမျိုး ရှိမထားလို့ပဲ ဖြစ်ပါတယ်၊ ဒီနေရာမှာ နောက်ထပ် အရေးပါလာတာက နိုင်ငံတကာ အဆင့်မီအဖြစ် ဘယ်လို ဘာသာရပ်တွေ ထည့်သွင်းလ္ဖဲ ဘယ်လို အကြောင်းအရာတွေ ပြဌာန်းထားလဲဆိုတာက အရေးကြီးလာပါပြီ၊

တကယ်တော့ GEC O Level လို့သာ ပြောနေပေမဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေ အနေနဲ့ တကယ်တမ်း လိုအပ်တာက အင်္ဂလိပ်စာကျွမ်းကျင်ဖို့နဲ့ မိခင်ဘာသာစကား တနည်းအားဖြင့် ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစာဘာသာရပ်ကို သေသေချာချာ ကျွမ်းကျင်ပိုင်နိုင်ဖို့ပါ၊ ကျမ ကိုယ်တွေ့အရတော့ များသောအားဖြင့် မြန်မာနိုင်ငံက ကျောင်းသားတွေဟာ သိပ္ပံဘာသာရပ်တွေမှာ နိုင်ငံတကာကျောင်းသားတွေနဲ့ ယှဉ်နိုင်ကြ တာတွေ့ရပါတယ်၊ အထူးသဖြင့် GCE O Level မြန်မာစာမှာဆိုရင် မေးခွန်းတွေက မြန်မာစာ မြန်မာမှု နဲ့ ပတ်သက်ပြီး ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်လဲဆိုတာကို မေးတဲ့ မေးခွန်းမျိုးတွေ မေးတာပါ၊ မြန်မာစာကို သေချာ သိမှ စာဖတ်နာမှ ဖြေနိုင်မှာပါ၊ အထူးသဖြင့် မြန်မာစာကနေ အင်္ဂလိပ်လို အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ရတာတွေ ပါတာမို့ နှစ်ဘာသာစလုံးမှာ တော်တော် ကျွမ်းကျင်ဖို့လိုပါတယ်၊

မြန်မာကျောင်းသားတွေအနေနဲ့ ခုလို နိုင်ငံတကာ ယဉ်ကျေးမှုရေစီးကြောင်းက အလျင်အမြန် ပြောင်းနေတဲ့ အချိန်အခါမျိုး။ ပြီးတော့ မူးယစ်ဆေးဝါးပြဿနာနဲ့ အကျင့်စာရိတ္တတွေ ယိုင်နဲ့လာတဲ့ အနေအထားမျိုးနဲ့ နိုင်ငံမှာ ဘက်စုံယိုယွင်းနေတဲ့ အခြေအနေမျိုးမှာ စိတ်ဓာတ်နဲ့စာရိတ္တကို မြှင့်တင်ပေးနိုင်တဲ့။ နိုင်ငံရေး လိုအပ်ချက်တွေကို အသိပေးနိုင်တဲ့။ ကိုယ့်နိုင်ငံရဲ့ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို သိဖို့ လိုအပ် ပါတယ်၊ ဒါကြောင့်ပဲ ပညာရေးဆိုတာဟာ လူသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန် ရှိတယ်လို့ ဂရိဒဿနပညာရှင် အရစ္စတိုတယ်က ပြောခဲ့တာ တွေ့ရပါတယ်၊

ကျောင်းသားလူငယ်တွေအတွက် အဲဒီ လိုအပ်ချက်တွေကို မိခင်ဘာသာစကားအဖြစ် မြန်မာစာဘာသာရပ်ကို ပြဌာန်းတဲ့ မြန်မာနိုင်ငံမှာတော့ မြန်မာစာဘာသာရပ်ကနေတဆင့် လူငယ်တွေကို ဖြန့်ဖြူးပေးရမှာ ဖြစ်ပါတယ်၊ တကယ်တော့ နိုင်ငံတကာ စံချိန် စံညွှန်း အရတော့ လူမျိုးစုများများနေတဲ့ နိုင်ငံမှာ လူမျိုးတိုင်းဟာ သူတို့ မိခင်ဘာသာစကားကို သင်ယူခွင့်ရကြပါတယ်၊ အဲလိုဆိုရင်တော့ လူမျိုးစုအလိုက် မိခင်ဘာသာစကားနဲ့အတူ သက်ဆိုင်ရာ စာပေယဉ်ကျေးမှုတွေကတဆင့် လူငယ်တွေရဲ့ ကျင့်ဝတ်နဲ့ စိတ်ဓာတ် လိုအပ်ချက်တွေကို သင်ကြားပေးနိုင်မှာပါ၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲဏ္ဍ စစ်အစိုးရကတော့ တခြားလူမျိုးစုတွေရဲ့ မိခင်ဘာသာစကားကို ဖျောက်သလိုပဲ ခုဆို မြန်မာစာထဲက လူငယ်တွေ သိသင့်သိထိုက်တဲ့ သင်ခန်းစာတွေကိုပါ အကြောင်းပြချက် တစုံတရာ မပေးဘဲ ဖြုတ်ပယ်ပစ်နေပြီဖြစ်ပါတယ်၊

စစ်အစိုးရဟာ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့ အခြေခံပညာ အထက်တန်း သင်ရိုးတွေထဲမှာ GCE O Level အတွက် အရေးပါတဲ့ မြန်မာစာဘာသာရပ်ကို ဘယ်လို ပြုပြင် ပြောင်းလဲ သလဲဆိုတာကို ဆွေးနွေးပါ့မယ်၊ မြန်မာစာဘာသာရပ်အနေနဲ့ အရင်က ပင်ရင်းစကားပြေ ပြဌာန်းစာအုပ်ထဲမှာ ပါတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လူကြီး နဲ့ လူငယ် ဆိုတဲ့ စကားပြေကို ဖြုတ်ပါတယ်၊ ပြီးတော့ စာရေးဆရာကြီး သော်တာဆွေရဲ့ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းရယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ခွန်အားရှိသောစာ ရယ်ကို အသစ်ထည့်လိုက်တာ တွေ့ရပါတယ်၊

တကယ်တော့ အသစ်ထပ်ပြဌာန်းတဲ့ စကားပြေတွေကလည်း ကျောင်းသားတွေ သိသင့် သိထိုက် ဖတ်သင့် ဖတ်ထိုက်တဲ့ စာတွေပါ၊ ဒါပေမဲ့ သင်ရိုးကို တကယ် ခေတ်မီအောင် အသစ်တွေနဲ့ အစားထိုး ပြောင်းလဲ ပြဌာန်း တာမဟုတ်ဘဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာကိုသာ ရွေးပြီး ဖြုတ်ပစ်လိုက်တာမျိုးကသာ စဉ်းစား ဝေဖန်စရာဖြစ်နေတာပါ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လူကြီးလူငယ်စကားပြေဟာ လူကြီးတွေနဲ့ လူငယ်တွေ ကြား ရှိတတ်တဲ့ ကွာဟမှုတွေနဲ့ အတူတကွ လက်တွဲလုပ်ကိုင်နိုင်အောင် သဘောထား နည်းတွေကို ဖော်ပြထားတာမို့လို့ ခုလို လူကြီးတွေနဲ့ လူငယ်တွေ အတူကြိုးစားကြရမယ့် ကာလမျိုးမှာ လက်တွေ့ကျကျ အသုံးဝင်တဲ့ စကားပြေတပုဒ်ဖြစ်ပါတယ်၊ အဲဒီအပြင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ကိုလိုနီခေတ် ကျောင်းသားတွေရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းမှာ ဦးဆောင်ခဲ့တဲ့ ပုဂိုလ်ကြီးလည်းဖြစ်တာမို့ ဆရာကြီးရဲ့ အတွေ့အကြုံ တွေအပေါ် အခြေခံထားတဲ့ စာပေလက်ရာဟာ မပျောက်ပျက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်း သွားရမယ့် ယဉ်ကျေးမှုအမွေအနှစ်လည်း ဖြစ်ပါတယ်၊ ဒါကြောင့် ဒီလို သမိုင်းဝင် စာပေတခုကို ဖျောက်ဖျက်ပစ် တာဟာ ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ အသိပညာ တခုကို ပိတ်ပင်လိုက်တာနဲ့ တူတူပဲ ဖြစ်ပါတယ်၊

အဲသလိုပဲ ကဗျာလက်ရွေးစဉ်ပြဌာန်းချက်မှာလည်း လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင် လျှင်... ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သပြေနုချိန်... ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှ ဆိုတဲ့ ကဗျာတွေကို သင်ရိုးထဲကနေ ဖြုတ်ပစ်လိုက်ပါတယ်၊ ကဗျာလက်ရွေးစဉ်ကိုတော့ အပုဒ်သစ် ထပ်မတိုးခဲ့ပါဘူး၊ ဒီနေရာမှာ လည်း လယ်တီဆရာတော်ဘုရားကြီးရဲ့ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် ကဗျာဟာ ဒီကနေ့ မျက်မှောက်ခေတ် အထိ လောကီရေး လောကုတ္တရာရေးတွေထဲက လိုအပ်ချက်တွေကို ထောက်ပြထားတာမို့ စာသင်သား အရွယ်တွေ သိသင့်သိထိုက်တဲ့ ကဗျာတပုဒ်ပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီကနေ့ မြန်မာနိုင်ငံရဲ့ အနေအထားကို မီးမောင်းထိုး ပြနေသလိုပါပဲ၊ ဒါကြောင့်ပဲ ဒီကဗျာကို သင်ရိုးထဲကနေ ဖြုတ်ပယ်ပစ်တာလား ဆိုတာဟာလည်း စဉ်းစားစရာပါ၊ ဆရာမောင်စွမ်းရည်ရဲ့ ဘ၀နဲ့အလှကဗျာကတော့ ဘ၀ထဲက အလှကို ရှာဖွေရှုမြင်တတ်အောင်ပြောပြတဲ့ ကဗျာလေးပါ။ ဒါပေမဲ့ ဆရာမောင်စွမ်းရည်ဟာ ခုချိန်မှာ ပြည်ပကနေ စစ်အစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်နေတဲ့ ကဗျာဆရာကြီးဖြစ်နေတာမို့ သူ့လက်ရာ ကဗျာကို ဖြုတ်ပယ် ပစ်လိုက်တယ်လို့ ယူဆရပါတယ်၊ ဒါတွေကို နောက်လာမယ့် အပတ်စဉ်တွေမှာ အသေးစိတ် ထပ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊

တကယ်တော့ ကျောင်းသားတွေအတွက် တကယ် သိသင့်တဲ့စာပေတွေ။ စံပြု လေးစားထိုက်တဲ့ စာပေပညာရှင် ကြီးတွေရဲ့ ဘ၀တွေနဲဏ္ဍ စာပေလက်ရာတွေကို သိခွင့် ဆည်းပူးခွင့်ရမှပဲ နိုင်ငံချစ်စိတ် စာပေချစ်စိတ် ကနေတဆင့် နိုင်ငံသားကောင်းတွေ ဖြစ်လာမှာပါ၊ ဒါကြောင့် စာကောင်းပေမွန်တွေကို ကျောင်းသားလူငယ်တွေ သိခွင့် မရှိအောင် တားမြစ်ပိတ်ပင်တာဟာ ကျောင်းသားတွေရဲ့ နိုင်ငံသားကောင်းတွေအဖြစ် ကြီးပြင်းရမယ့် အနာဂတ်ကို ပိတ်ပင်တားမြစ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

၁၄။၀၇။၂၀၀၈၊

Building Knowledge Economies စာတမ်း(၅)

ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းပါ Building Knowledge Economies ပညာရေးဆိုင်ရာ အကြံပြုချက် မ...